စစ်တွေမြို့တွင် ပြိုင်ကားပုံစံမော်တော်ယာဉ်တစ်စီးကို လူငယ်တစ်ဦးက တီထွင်ပြုလုပ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် သံ၊ စတီး ဂဟေဆက်လုပ်ငန်းလုပ်ကိုင်နေသည့် လူငယ်တစ်ဦးက ကိုယ်ပိုင်စိတ်ကူးဖြင့် နှစ်ယောက်စီးပြိုင်ကားပုံစံ မော်တော်ယာဉ်တစ်စီးကို တီထွင်ပြုလုပ်လျက်ရှိသည်။

19 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် သံ၊ စတီး ဂဟေဆက်လုပ်ငန်းလုပ်ကိုင်နေသည့် လူငယ်တစ်ဦးက ကိုယ်ပိုင်စိတ်ကူးဖြင့် နှစ်ယောက်စီးပြိုင်ကားပုံစံ မော်တော်ယာဉ်တစ်စီးကို တီထွင်ပြုလုပ်လျက်ရှိသည်။

ယင်းသို့ထုတ်လုပ်နေသူမှာ ကျောက်ဖြူမြို့နယ်၊ ဂန့်ဂါကျေးရွာမှ အသက် ၃၀ အရွယ် ကိုမောင်ခင်ရွှေဆိုသူဖြစ်သည်။ ကားတီထွင်ထုတ်လုပ်မှုကိုဝါသနာပါသဖြင့် အင်တာနက်ပေါ်မှလေ့လာကာ ကိုယ်ပိုင်စိတ်ကူးဖြင့် အဆိုပါကားကို တီထွင်ပြုလုပ်နေခြင်းဖြစ်သည်။

“ကျွန်တော်က ဒီကားထုတ်လုပ်တဲ့နည်းပညာကို သင်ခဲ့တယ်တယ်လို့မဆိုလိုဘူး။ အကုန်လုံးက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဆိုတော့၊ ဒါတွေက ကျနော် Youtube ကလေ့လာတာလည်းပါတယ်။ ကျနော်က ဒီအလုပ်နဲ့ပတ်သက်လို့ ကျွမ်းကျင်တာမဟုတ်ဘူး။ စတီး၊သံ(ဂဟေ)ဆက်နဲ့လုပ်တာဆိုတော့ ပုံစံလေးတွေတော့ နည်းနည်းတော့သိတယ်”ဟု ကိုမောင်ခင်ရွှေက DMG ကိုပြောသည်။

အဆိုပါကားတွင် တရုတ်ထုတ်စက်အင်ဂျင် 125CC ကို အသုံးပြုထားပြီး ဂီယာရှေ့ ၃ ဆင့်၊ ‌နောက် ၁ ဆင့်ပါဝင်ကာ ခိုင်ခန့်မှုရှိပြီး ယခုဖေဖော်ဝါရီလကုန်ပိုင်းတွင် ကားဘော်ဒီအကြမ်းထည်ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ ကား၏ အမိုးအကာနှင့် အချောသတ်ခြင်းကိုလည်း တဖြည်းဖြည်းဆက်လုပ်သွားမည်ဟု ကိုမောင်ခင်ရွှေက ဆက်ပြောသည်။

“အကုန်လုံးက ၁၂ သိန်းလောက်ကုန်သွားပြီ၊ အကြမ်းလောက်ဆိုရင်တော့ ၁၅ သိန်းလောက်ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ ကျနော့်အလုပ်ကတော့ ကားအလုပ်မဟုတ်ဘဲ စတီး၊ သံဆက်အလုပ်ဆိုတော့ နိုင်သလောက်လေးပဲလုပ်တာပါ”ဟု ၎င်းက ဆိုသည်။

ကိုမောင်ခင်ရွှေမှာ စတီး၊ သံ ဂဟေဆက်ပညာကို မလေးရှားနိုင်ငံနှင့် ရန်ကုန်တို့တွင်သင်ယူတတ်မြောက်ခဲ့ပြီး လက်ရှိစစ်တွေမြို့တွင်ဆိုင်ဖွင့်ကာ လုပ်ကိုင်နေသူဖြစ်သည်။

ဗီဒီယိုများ