ရခိုင်က ရိုးရာလက်မှု ကြိမ်ထည်လုပ်ငန်း ပျောက်ကွယ်လုနီးဖြစ်လာ 

ရခိုင်ဒေသထွက်ကြိမ်ဖြင့် ဖန်တီးပြုလုပ်သည့် လက်မှုပရိဘောဂများကို သုံးစွဲမှုနည်းပါးလာသဖြင့် ရိုးရာကြိမ်ထည်လုပ်ငန်းမှာ ပျောက်ကွယ်လာနေပြီဖြစ်ကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။ 

By Admin 17 Aug 2023

 မြတန်ဆောင်းဖောင်ဒေးရှင်း-မြောက်ဦးက ရောင်းချနေသည့် ကြိမ်ဖြင့်ပြုလုပ်ထားသော ပရိဘောဂများ။
မြတန်ဆောင်းဖောင်ဒေးရှင်း-မြောက်ဦးက ရောင်းချနေသည့် ကြိမ်ဖြင့်ပြုလုပ်ထားသော ပရိဘောဂများ။

DMG ၊ ဩဂုတ် ၁၇ 

ရခိုင်ဒေသထွက်ကြိမ်ဖြင့် ဖန်တီးပြုလုပ်သည့် လက်မှုပရိဘောဂများကို သုံးစွဲမှုနည်းပါးလာသဖြင့် ရိုးရာကြိမ်ထည်လုပ်ငန်းမှာ ပျောက်ကွယ်လာနေပြီဖြစ်ကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။ 

ယခင်က မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းမြို့နယ်တို့မှထွက်ရှိသော ကြိမ်များကို အိမ်အသုံးအဆောင် ပရိဘောဂပစ္စည်းများအဖြစ် ပုံစံမျိုးစုံဖန်တီးကာ ရောင်းချခဲ့ကြပြီး ပြည်တွင်းသုံးစွဲမှုလည်း တွင်ကျယ်ခဲ့သည်။ 

ခေတ်ကာလ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ ခေတ်မီနည်းပညာများဖြင့်ထုတ်လုပ်ထားသည့် အိမ်အသုံးဆောင် ပရိဘောဂပစ္စည်းများ တွင်ကျယ်လာပြီးနောက်ပိုင်း ရိုးရာလက်မှုလုပ်ကြိမ်ထည်လုပ်ငန်း ပျောက်ကွယ်လာခြင်းဟု ကြိမ်ပရိဘောဂရောင်းချသူများက ပြောသည်။  

ကြိမ်ဖြင့်ဖန်တီးထားသော အိမ်သုံးပရိဘောဂများ။

“လုပ်ငန်းရှင်တွေကလည်း တပိုင်တနိုင်လောက်ပဲလုပ်ခဲ့ကြပြီး ချဲ့ထွင်မလုပ်ခဲ့ကြတော့ ဒီလုပ်ငန်းတွေက တဖြည်းဖြည်း ပျောက်ကွယ်လာတယ်။ အခုဆိုရင် လုံးဝမရှိတော့လောက်အောင်အထိပဲ” ဟု ကြိမ်ပရိဘောဂများ ပြုလုပ်ရောင်းချသည့် မြတန်ဆောင်းဖောင်ဒေးရှင်း-မြောက်ဦး တာဝန်ရှိသူက ပြောသည်။

ကြိမ်ဖြင့် ကနုတ်ပုံအမျိုးမျိုး ပုံဖော်ဖန်တီးထားသည့် ပရိဘောဂများကို မြတန်ဆောင်းဖောင်ဒေးရှင်းက ပြုလုပ်ရောင်းချနေခြင်းဖြစ်ပြီး ကြိမ်ထည်ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ်သောင်းဂဏန်းမှ ဆယ်ဂဏန်းထိ ဈေးနှုန်းများရှိကြောင်း သိရသည်။ 

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ကြိမ်ကုန်ကြမ်း ရှားသည့်အတွက် ကြိမ်လက်မှုလုပ်ငန်းများကို လုပ်ငန်းရပ်နားလိုက်ရသည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိပြီဖြစ်ကြောင်း သိရသည်။ 

“မောင်တောဘက်မှာ ကုန်ကြမ်းမရှိတော့ ကြိမ်လုပ်ငန်းတွေ မလုပ်ကြတော့ဘူး။ အရင်က သစ်တုံးနားခွဆုံ ရွာဘက်မှာ ကြိမ်တွေအများကြီးထွက်ခဲ့တယ်။ အခုမထွက်တော့ဘူး၊ ရှားသွားပြီ။ အရင်က ကြိမ်တွေထွက်ခဲ့တုန်း ဘင်္ဂလာဘက်ကို အများကြီး တင်ပို့ခဲ့ကြရတယ်” ဟု မောင်တောဒေသခံ ဦးစိန်လှဖြူက ပြောသည်။

ရခိုင်ပြည်တွင် ယခင်က ကြိမ်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများကို သုံးစွဲမှုများပြားခြင်းနှင့်အတူ တွင်ကျယ်စွာလုပ်ကိုင်နိုင်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။  

ကြိမ်ဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံများမှာ နှစ်တာရှည်သုံးစွဲနိုင်သည့်အပြင် နွေရာသီကာလ အအေးဓာတ်ရရှိခြင်းနှင့် သက်တောင့်သက်သာရှိ၍ သက်ကြီးရွယ်အိုများအသုံးပြုရန် သင့်တော်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် ကြိမ်ဝယ်ယူသူ နည်းပါးလာသည့်အတွက် ကြိမ်ခုတ်ရောင်းချသူများမှာလည်း ကြိမ်ခုတ်လုပ်ငန်းကို ရပ်နားလိုက်ရကြောင်း ပြောကြသည်။

“အရင်က ကြိမ်ခုတ်ပြီး လုပ်ကိုင်စားသောက်ကြတာ အခု ကြိမ်အစား ဝါးကို ပြောင်းခုတ်နေကြရတယ်။ ကြိမ်ဝယ်သူတွေ နည်းသွားလို့ပါ။ အရင်ကဆိုရင် စစ်တွေဘက်ကို ရောင်းရတယ်။ အခုတော့ မဝယ်ကြတော့ဘူး” ဟု အမ်းမြို့နယ်၊ ဒါးလက်အနောက်ကျေးရွာမှ ချင်းအမျိုးသား ကိုနိုင်မင်းထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်တို့တွင် ကြိမ်အများဆုံးပေါက်ရောက်ပြီး ရခိုင်ရိုးမဒေသတွင် ကြက်ဥကြိမ်၊ ရမထာကြိမ်၊ ရေကြိမ်၊ ကြိမ်ခါး (ခရင်) ကြိမ်နီ၊ ကြိမ်ဖြူလေး၊ ကြိမ်ပုတ်နှင့် ကပေါင်းကြိမ် စသည့် ကြိမ်အမျိုးအစားများ ပေါက်ရောက်ကြောင်း သိရသည်။

#R005

ဗီဒီယိုများ