တိမ်ညိုရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာ

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းတွင် နေထိုင်ကြသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်မှာ ယနေ့ နံနက် ၃ နာရီခန့်က စခန်းကို စွန့်ခွာသွားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

By Admin 15 Nov 2023

(ဓာတ်ပုံ - မှတ်တမ်းဖိုင်) လက်နက်ချအညံ့ခံလိုသော စစ်ကောင်စီတပ်သားများကို AA က ဖိတ်ခေါ်ထားသည်။
(ဓာတ်ပုံ - မှတ်တမ်းဖိုင်) လက်နက်ချအညံ့ခံလိုသော စစ်ကောင်စီတပ်သားများကို AA က ဖိတ်ခေါ်ထားသည်။

DMG ၊ နိုဝင်ဘာ ၁၅ 

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းတွင် နေထိုင်ကြသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်မှာ ယနေ့ နံနက် ၃ နာရီခန့်က စခန်းကို စွန့်ခွာသွားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ AA တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ကာ ရဲစခန်းကိုစွန့်ခွာပြီး အနီးအနားရှိ လင်းမြွေတောင်တန်း စစ်ကောင်စီစခန်းဘက်သို့ ခြေလျင်ထွက်ခွာသွားကြသည်ဟု တိမ်ညိုကျေးရွာသားတစ်ဦးက ပြောသည်။ 

“သိရလောက်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို မစွန့်ခွာခင်အချိန်က  AA နဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ အဲဒီနောက် စခန်းကိုစွန့်ခွာပြီး ထွက်သွားကြတော့တာပဲ။ ပစ်ခတ်မှုတွေလည်း မဖြစ်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။ 

တိမ်ညိုကျေးရွာမြောက်ဘက်ရှိ လင်းမြွေတောင်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိသည်။ 

“အခုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လင်းမြွေတောင်အောက်မှာ နားနေကြတယ်။ တိမ်ညိုစခန်းမှာ အခု AA တပ်ဖွဲ့ဝင်တွေ သန့်ရှင်းရေး ဝင်လုပ်နေကြပြီ။ မိုင်းတွေဘာတွေကိုလည်း ရှင်းလင်းနေကြပြီ” ဟု တိမ်ညိုကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် ယခုလ ဒုတိယအပတ်မှစပြီး မောင်တော၊ ရသေ့တောင်၊ မင်းပြားနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ထိုတိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ် စနဲမြို့မရဲစခန်း၊ ကွမ်းချောင်းရဲစခန်း၊ ကပိုင်ချောင်းရဲစခန်း၊ တောင်ကုတ် ရွာမရဲစခန်း၊ လမူးရဲစခန်းနှင် ရမ်းဗြဲမြို့နယ်ရှိ စခန်းအချို့မှ ရဲတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာသွားမှုများရှိသည်။

ရဲတဖွဲ့ဝင်များ စခန်းစွန့်ခွာမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရခိုင်ပြည်နယ်ထဲက အင်အားနည်းတဲ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ စခန်းတွေကို ပြန်လည်ပေါင်းထားတာတွေ ရှိပါတယ်။ ကျနော်တို့ကတော့ အင်အားနည်းစခန်းများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းမှု လုပ်နေတာရှိပါတယ်” ဟု ပြောဆိုထားသည်။ 

ရခိုင်တိုက်ပွဲ ပထမဆုံးနေ့တွင် စစ်ကောင်စီလက်အောက်ခံများမှာ နယ်ခြားစောင့်တပ်နှင့် ရဲစခန်း စုစုပေါင်း ၄၀ နီး  ပါးကို စွန့်လွှတ်ကာ နီးစပ်ရာစစ်ကောင်စီတပ်များသို့ သွားရောက်ပူးပေါင်းသွားကြောင်း ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

#D004 #DMG

ဗီဒီယိုများ