ပြည်တွင်းရာဘာစျေး မြင့်တက်နေသော်လည်း  ပြည်ပသို့တင်ပို့မှု ကျဆင်းနေ

မြန်မာပြည်တွင်းမှာ နှစ်စဉ် ရာဘာတန်ချိန် ၃ သိန်းကျော်ထွက်ရှိပြီး ပြည်တွင်းရာဘာများကို တရုတ်နိုင်ငံက ၇၅ ရာခိုင်နှုန်း အများဆုံးဝယ်ယူကာ ပြည်တွင်းတွင် ၈ ရာခိုင်နှုန်းသာ သုံးစွဲကြောင်း သိရသည်။

By Admin 14 Mar 2023

ကျိုက်ထိုမြို့မှ ရာဘာခြံတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA)
ကျိုက်ထိုမြို့မှ ရာဘာခြံတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA)

DMG ၊ မတ် ၁၄

ကမ္ဘာ့ရာဘာဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရာဘာများ ဈေးကောင်းရနေသော်လည်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် ပြည်ပသို့ ရာဘာတင်ပို့မှု ကျဆင်းနေကြောင်း ဒေသခံ ရာဘာစိုက်တောင်သူများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကမ္ဘာ့ရာဘာစျေး ကျဆင်းခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရာဘာ အမျိုးအစားအလိုက် တစ်တန်လျှင် ယခင် အမေရိကန်ဒေါ်လာ ၁,၄၀၀ မှ ယခု ၁,၈၀၀ အထိ မြင့်တက်လာနေကြောင်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရာဘာစျေးတွေ ပြန်တက်လာတယ်။ အရင်လပိုင်းထဲက တဖြေးဖြေးချင်း စျေးတက်လာတာ။ အရင် ရာဘာတစ်တန်ကို ဒေါ်လာ ၁,၄၀၀ ဝန်းကျင်ပဲရှိတာ အခုဆို ဒေါ်လာ ၁၈၀၀ အထိကို စျေးတက်သွားတယ်” ဟု သူက ပြောသည်။

မြန်မာပြည်တွင်းမှာ နှစ်စဉ် ရာဘာတန်ချိန် ၃ သိန်းကျော်ထွက်ရှိပြီး ပြည်တွင်းရာဘာများကို တရုတ်နိုင်ငံက ၇၅ ရာခိုင်နှုန်း အများဆုံးဝယ်ယူကာ ပြည်တွင်းတွင် ၈ ရာခိုင်နှုန်းသာ သုံးစွဲကြောင်း သိရသည်။ ကျန်ရာဘာများကို အခြား အင်ဒိုနီးရှား၊ စင်္ကာပူ၊ အိန္ဒိယ၊ ဂျပန်တို့ကို ရောင်းချကြောင်း သိရသည်။

ထို့အတူ ပြည်ပသို့ တင်ပို့ရာတွင် ရာဘာအမျိုးအစားအလိုက် သဘာဝနှင့် ဓာတု ရာဘာအရော (Mixture of Natural Rubber and Synthetic Rubber) တစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၅၅၀ မှ ၁,၆၅၀၊ M.S.R (50) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၄၅၀ မှ ၁,၅၅၀ နှင့် R.S.S (4) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၄၀၀ မှ ၁,၅၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ ရာဘာအမျိုးအစားအလိုက် တစ်ပေါင်လျှင် အနိမ့်ဆုံး ၁,၃၅၀ ကျပ်မှ အမြင့်ဆုံး ၁,၅၀၀ ကျပ်အထိ နှင့် တစ်တန်လျှင် မြန်မာငွေ ၃၁ သိန်းကျပ် (အမေရိကန်ဒေါ်လာ ၁,၄၈၇) သာ ရရှိနေသည့်အတွက် လက်ရှိ ပြည်ပရာဘာပေါက်စျေးဖြင့် နှိုင်းယှဉ်ပါက နည်းပါးနေကြောင်း ရာဘာစိုက် တောင်သူများထံက သိရသည်။

ပြည်တွင်း ရာဘာလုပ်ငန်းရှင်များမှာ  ရာဘာ အစေးခြစ် လုပ်သားရှားပါးမှုနှင့် ရာဘာ ကုန်ကြမ်းရရှိမှု နည်းပါးခြင်းကြောင့် ပြည်ပသို့တင်ပို့ရောင်းချမှု နည်းပါးကြောင်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“ရာဘာစျေးတွေ ပြန်တက်လာတာ ကောင်းပါတယ်။ ဒါပေမေယ့် ကျနော်တို့မှာ ရာဘာစေးခြစ်တဲ့ လုပ်သားတွေ ရှားလာတာနဲ့ ရာဘာကုန်ကြမ်းတွေ မရတော့ ရောင်းလိုအား ကျကုန်တယ်။ တချို့ဆို ရာဘာခြံတွေ ပြန်ရောင်းလိုက်တဲ့ သူတွေတောင် ရှိနေတယ်” ဟု သူကဆိုသည်။

တနင်္သာရီတိုင်းတွင် ထားဝယ်၊ တနင်္သာရီ၊ မြိတ်၊ ကော့သောင်း၊ ပုလောနှင့် မောတောင် စသည့်မြို့နယ်တို့တွင် ရာဘာအများဆုံး စိုက်ပျိုးပြီး၊ ဒေသအတွင်း စစ်ရေးပဋိပက္ခနှင့် နယ်မြေမတည်ငြိမ်မှုကြောင့် ပြည်ပသို့တင်ပို့ရန် ရာဘာထုတ်လုပ်နိုင်စွမ်း ကျဆင်းနေခြင်းဖြစ်ကြောင်း  ဒေသခံ ရာဘာစိုက် တောင်သူများက ပြောဆိုသည်။

“နေ့တိုင်း တိုက်ပွဲဖြစ်လိုက် ရွာထဲကို စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရာဘာစေး ကုန်ကြမ်းတွေမရတော့တာ ကြာပြီ။ တနင်္သာရီမြို့မကဘူး ထားဝယ်တို့ မြိတ်တို့ ကော့သောင်းတို့မှာလည်း အတူတူပဲ။ မောတောင်မှာဆိုရင် နဂို ရာဘာစေးခြစ်တဲ့ လုပ်သားတွေပဲ ကျန်တော့တယ်။ ထပ်မခေါ်နိုင်တော့ဘူး” ဟု မောတောင်မြို့ခံ ရာဘာစိုက် ခြံရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရာဘာတန်ချိန် ၁၃,၈၀ဝ ကို ပင်လယ်ရေကြောင်းမှ တဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှလည်း ရာဘာတန်ချိန် ၂,၂၉၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း  စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

မွန်ပြည်နယ်နှင့် တနင်္သာရီဒေသတွင် ရာဘာ စိုက်ဧက ၅ သိန်းကျော်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ရာဘာ စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသလည်း ဖြစ်သည်။

#F004

ဗီဒီယိုများ