မွန်တွင် ဒီရေမြင့်တက်မှုကြောင့် နေအိမ် ၃၀ ခန့် ပျက်စီး၊ လူဦးရေ ၁၂၀ ခန့် အကူအညီလိုအပ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မိုးသန်းထန်စွာပြီး ဒီရေမြင့်တက်မှုကြောင့် စက်တင်ဘာ ၃၀ ရက်နေ့က နေအိမ် ၃၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး လူဦးရေ ၁၂၀ ခန့် အရေးပေါ် အကူအညီလိုအပ်နေကြသည်။ 

By Admin 02 Oct 2023

စက်စဲကမ်းခြေ ဓမင်းဆိပ်ကျေးရွာမှ နေအိမ်နှင့် ငါးလှန်းစင်များ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ- CJ
စက်စဲကမ်းခြေ ဓမင်းဆိပ်ကျေးရွာမှ နေအိမ်နှင့် ငါးလှန်းစင်များ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ- CJ

DMG ၊ အောက်တိုဘာ ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မိုးသန်းထန်စွာပြီး ဒီရေမြင့်တက်မှုကြောင့် စက်တင်ဘာ ၃၀ ရက်နေ့က နေအိမ် ၃၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး လူဦးရေ ၁၂၀ ခန့် အရေးပေါ် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ် ကုလားကုတ်ကျွန်း အောက်ဆိပ်ကျေးရွာတွင် စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုနှင့်အတူ ပင်လယ်ဒီရေလှိုင်းရိုတ်ခတ်မှုတို့ကြောင့် နေအိမ် ၁၀ ဆောင်နှင့် ငါးလှန်းစင်၂၀ ထက်မနည်း ပြိုကျပျက်စီးမှုရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

“လေပြင်းတိုက်တာ မိုးများတာ သွားဆုံတော့ ပင်လယ်ဒီရေလှိုင်းရိုက်ပြီး ကမ်းခြေကအိမ်တွေ ပြိုကျသွားတယ်။ အိမ်အရေအတွက်က ၁၀ လုံးလောက်က ခေါင်းမိုးတွေ အကာအရံတွေပါ အကုန်ပြိုသွားတာပေါ့။ ကမ်းခြေမှာ ငါးလှန်းစင် အခု ၂၀ လောက်လည်း ပြိုကျသွားတယ် ” ဟု အောက်ဆိပ်ကျေးရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာ ပင်လယ်ကမ်းစပ်နားမှ လူနေအိမ် ၂၄ လုံး အပါအဝင် စက်စဲကမ်းခြေ မြေထိန်းနံရံတချို့လည်း ပြိုကျပျက်စီးသွားခဲ့ရသည်။

“အဓိက ပင်လယ်ကမ်းခြေက တံငါသည်အိမ်တွေ ပြိုကျသွားတာ။ စက်စဲကမ်းခြေမှာလည်း မြေထိန်းနံရံပြိုတယ်” ဟု ဓမင်းဆိပ်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

ရေးနှင့် သံဖြူဇရပ်မြို့နယ်မှ ဒေသခံ ၁၂၀ ကျော်မှာ လက်ရှိတွင် နီးစပ်ရာဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်တို့၌ ပြောင်းရွှေ့နေရပြီး အဝတ်အထည်နှင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေသည်။

“ဘုန်းကြီးကျောင်းတွေနဲ့ တစ်ချို့က အသိ ဆွေမျိုးတွေရှိတဲ့ မြို့ထဲသွားနေတဲ့သူလည်း ရှိတယ်။ ဘုန်ကြီးကျောင်းမှာနေရတဲ့ အယောက် ၁၀၀ လောက်က အဝတ်အစားတွေ၊ စားစရာတွေ မလုံလောက်ဘူး။ အကူအညီတွေ လိုနေပါတယ်” ဟု သံဖြူဇရပ် မြို့နယ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးလေဝဿနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေကာ လာမည့် နှစ်ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင်လေ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ဖော်ပြသည်။

ထို့အပြင် ပင်လယ်ကမ်းခြေနှင့် ထိစပ်ဒေသများဖြစ်သည့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

#F004

ဗီဒီယိုများ