မိဖုရားစောမဲကျီ အရိုးဂူနှင့် လွမ်းစေတီတွင် ကွန်ကရစ်အခင်းပြုလုပ်သည့်အပေါ် ဝေဖန်မှုများရှိနေ

မိဖုရားစောမဲကျီမှာ ရမ်းဗြဲမြို့မှ ၁၀ မိုင်ခန့်အကွာ ကန်ဒိုင်းတိုက်နယ်၊ ရွာရွင်းရွာတွင် မွေးဖွားခဲ့ပြီး  ယခုအရိုးဂူရှိသည့် ချောင်းအနီးတွင် ယက်သဲဖြင့်ငါးဖမ်းရာမှ ပတ္တမြားရခဲ့ခြင်းကြောင့် မြောက်ဦးဘုရင် မင်းဗာကြီးက မိဖုရားမြှောက်စားခဲ့ကာ ပတ္တမြားဒေဝီစောမဲကျီဟု ရခိုင်သမိုင်းတွင် ထင်ရှားသော မိဖုရားတစ်ပါးဖြစ်သည်။

By Admin 22 Feb 2023

မိဖုရားစောမဲကျီ အရိုးဂူနှင့်လွမ်းစေတီ၏ မူလပုံ (၁)၊ ကွန်ခရစ်ခင်းနေစဉ်ပုံ (၂)၊ ကွန်ကရစ်ခင်းပြီးပုံ (၃)။ ဓာတ်ပုံ -  Ko Ko Gyi (Facebook)
မိဖုရားစောမဲကျီ အရိုးဂူနှင့်လွမ်းစေတီ၏ မူလပုံ (၁)၊ ကွန်ခရစ်ခင်းနေစဉ်ပုံ (၂)၊ ကွန်ကရစ်ခင်းပြီးပုံ (၃)။ ဓာတ်ပုံ -  Ko Ko Gyi (Facebook)

DMG ၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ မီးကျောင်းတက်ကျေးရွာအနီးရှိ သမိုင်းဝင် မိဖုရားစောမဲကျီ၏ အရိုးဂူနှင့် လွမ်းစေတီ တို့တွင် ကွန်ကရစ်အခင်း ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဒေသခံများနှင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ရှိနေသည်။

မြောက်ဦးခေတ် မိဖုရားတစ်ပါးဖြစ်သော မိဖုရားစောမဲကျီ၏ အရိုးဂူနှင့် လွမ်းစေတီတို့မှာ လက်ရှိတွင် နှစ်ပေါင်း ၅၀၀ ခန့်အထိ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ကွန်ကရစ်အခင်းပြုလုပ်ခြင်းမှာ ရခိုင်သမိုင်းဆိုင်ရာ ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“သမိုင်းဆိုတာက ရှေးဟောင်းလက်ရာတွေကိုပဲ လေ့လာဆန်းစစ် သုတေသနလုပ်ပြီးတော့ ဖော်ထုတ်ရတဲ့အရာမျိုးဖြစ်လို့ တစ်ချိန်ချိန်မှာကျရင် ဖော်ထုတ်ဖို့လိုအပ်လို့ သမိုင်းသုတေသီတွေ၊ သမိုင်းဆရာတွေ ရောက်လာပြီး သုတေသနလုပ်မယ်ဆိုရင် သမိုင်းအထောက်အထားတွေ ပျက်စီးသွားမှာစိုးလို့ ကျနော်တို့က တားမြစ်ကြတာဖြစ်တယ်” ဟု ရမ်းဗြဲမြို့၊ လေးတောင်မြို့နယ် အမှတ်(၃) ရပ်ကွက်မှ ဦးတင်ဦးက ပြောသည်။

မိဖုရားစောမဲကျီ၏ အရိုးဂူနှင့် လွမ်းစေတီတို့တွင် စတုရန်း ၂၅ ပေရှိ ကွန်ကရစ်အခင်းပြုလုပ်ခြင်းကို ရမ်းဗြဲမြို့နယ်၊ ကန်ဒိုင်းတိုက်နယ်ရှိ မီးကျောင်းတက်ဆရာတော်၊ သပြေကျွန်းဆရာတော်နှင့် ဦးမောင်ဦးကျော် စသည့် ပုဂ္ဂိုလ်တို့ကဦးဆောင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် သမိုင်းဆိုင်ရာအထောက်အထားများ ပျက်စီးသွာမည်ကို မလိုလားသဖြင့် ဒေသခံများက ညှိနှိုင်းတားမြစ်မှုများ ရှိခဲ့သော်လည်း  ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကွန်ကရစ်အခင်းကို အပြီးသတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ငယ်ငယ်တုန်းက ဒီနေရာမှာ သမိုင်းဆိုင်ရာနဲ့ဆက်စပ်တဲ့ ကျောက်ဆစ်ရုပ်ကြွင်းတွေနဲ့ ပရဝုဏ်တွေကို တွေ့ခဲ့ရတယ်။  ဒါကြောင့် ဒီနေရာမှာ တစ်နေ့ ရှာဖွေတူးဖော်မှုတွေလုပ်တဲ့အခါ ဒီလိုမျိုးလုပ်ထားရင် အခက်အခဲတွေရှိမယ်။ သမိုင်းဆိုင်ရာတွေပျက်စီးသွားတယ်။ ဒါကြောင့် ဒါကို မလုပ်ပါနဲ့အုံးဆိုပြီးတော့ ညှိနှိုင်းတားမြစ်မှုတွေ လုပ်ခဲ့ကြပါသေးတယ်”  ကန်ဒိုင်းတိုက်နယ်၊ အတွင်းပြင်ကျေးရွာမှ ဦးဌေးဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၅ နှစ်အထက်ရှိသည့် အဆောက်အအုံများ၊ စေတီပုထိုး စသည့် သမိုင်းဝင်များကို ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ရှေးဟောင်းအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းမည်ဆိုပါက နားလည်တတ်ကျွမ်းသော ပညာရှင်များနှင့်ညှိနှိုင်း၍သာ ပြုလုပ်သင့်ကြောင်း သမိုင်းပညာရှင်များက ထောက်ပြောဆိုကြသည်။

ရခိုင်သမိုင်းသုတေသီ မင်းပြားမင်းသိန်းဇံက “အဲဒီလို သမိုင်းဆိုင်ရာတွေကို ပြုပြင်မယ်ဆိုရင် ရှေးဟောင်းသုတေသနနဲ့ ယဉ်ကျေးမှုဌာနတွေကို အကြောင်းကြားရတာ ရှိပါတယ်။ ပြီးတဲ့အခါကျမှ သူတို့က မြေပြင်ကွင်းဆင်တာတွေလုပ်ပြီး ပြုပြင်မယ်ဆိုရင်လည်း ပြုပြင်မယ်၊ အဲဒီလိုမဟုတ်ခဲ့ရင် အရေးယူခံရနိုင်တာတွေ ရှိပါတယ်” ဟု ပြောသည်။

သမိုင်းဝင် မိဖုရားစောမဲကျီ၏ အရိုးဂူနှင့် လွမ်းစေတီတို့တွင် ကွန်ကရစ်အခင်း ပြုလုပ်ခြင်းနှင့်ပတ်သက်၍ စီစဉ်ပြုလုပ်ခဲ့ကြသည့် မိချောင်းတက်ဆရာတော်နှင့် ဦးမောင်ဦးကျော်တို့ထံကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိသဖြင့် တစ်စုံတစ်ရာ တုန့်ပြန်ချက်မရရှိခဲ့ပေ။

မိဖုရားစောမဲကျီမှာ ရမ်းဗြဲမြို့မှ ၁၀ မိုင်ခန့်အကွာ ကန်ဒိုင်းတိုက်နယ်၊ ရွာရွင်းရွာတွင် မွေးဖွားခဲ့ပြီး  ယခုအရိုးဂူရှိသည့် ချောင်းအနီးတွင် ယက်သဲဖြင့်ငါးဖမ်းရာမှ ပတ္တမြားရခဲ့ခြင်းကြောင့် မြောက်ဦးဘုရင် မင်းဗာကြီးက မိဖုရားမြှောက်စားခဲ့ကာ ပတ္တမြားဒေဝီစောမဲကျီဟု ရခိုင်သမိုင်းတွင် ထင်ရှားသော မိဖုရားတစ်ပါးဖြစ်သည်။

မိဖုရားစောမဲကျီကို သူ၏ငယ်ချစ်ဦး ပန်းရံဆရာ မောင်ရွှေသီးနှင့် ဖောက်ပြန်ကြောင်း ဘုရင်မင်းဗာကြီးက အထင်မြင်လွဲမှားခဲ့သဖြင့် ပတ္တမြားကောက်ရခဲ့သည့် ချောင်းအနီးတွင် ကွက်မျက်ကာ အရိုးဂူနှင့်စေတီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

#I008

ဗီဒီယိုများ