ယခုနှစ် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

26 Nov 2021

DMG ၊ နိုဝင်ဘာ ၂၆

ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

လက်ရှိတွင် ကိုဗစ်တွေ့ရှိမှုနှုန်းလျော့နည်းလာခြင်းနှင့် နယ်မြေဒေသတည်ငြိမ်နေသည့်အတွက် ရခိုင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဆိုသည်။

"ရခိုင်ပြည်နေ့ကို အစိုးရအဖွဲ့ကကျင်းပဖို့စီစဉ်နေတယ်။ အခမ်းအနားကိုတော့ ဦးဥတ္တမခန်းမမှာပြုလုပ်မယ်"ဟု ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

ယခုနှစ်ကျင်းပမည့် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာကျင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ်က (၄၆)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် စည်ကားသိုက်မြိုက်စွာမကျင်းပနိုင်ခဲ့ဘဲ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် We Love Rakhine တို့ပူးပေါင်းကာ Online live ပုံစံဖြင့်သာ အကျဉ်းချုပ်ကျင်းပခဲ့သည်။

ယခင်နှစ်များက ရခိုင်ပြည်နယ်နေ့အခမ်းအနားအဖြစ် စစ်တွေမြို့တွင် ဘောလုံးပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ရခိုင်ကစာပေသမားများအား ဆုချီးမြှင့်ပွဲများ ထည့်သွင်းပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်နေ့အား ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည့်အပေါ် ကြိုဆိုကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

"ဒီနှစ်ကျင်းပမယ့် ရခိုင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပမယ်ဆိုတော့ကြိုဆိုပါတယ်။ ဒီနှစ်ကျင်းပမယ်ဆိုတော့ ကျွန်မတို့ရဲ့မျိုးနွယ်ထဲကဖြစ်တဲ့ ကျန်တဲ့မျိုးနွယ်စုတွေအားလုံးကိုလည်း သိုက်သိုက်ဝန်းဝန်းနဲ့ပါဝင်ဆင်နွှဲစေချင်တယ်"ဟု ဒေါ်ညိုအေးက ဆိုသည်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ယင်းနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရခိုင်တိုင်းမှ ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှစတင်ပြီး ရခိုင်ပြည်နယ်နေ့အခမ်းအနားများကို ပြည်နယ်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ