ရဟန်းအာဇာနည်၏ သမိုင်းခရီးကို အသက်သွင်းနေသူ

သက်တမ်းကြာရှည်နေပြီဖြစ်သည့်ဝါးများနှင့် သံဖြူဟောင်းများကိုအသုံးပြုကာ နံရံအဖြစ်ကာရန် ဆောက်လုပ်ထားသော ကျောင်းဆောင်ငယ်လေးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။ ထိုကျောင်းထဲ၌ သက်တော်(၃၈)နှစ်အရွယ်ရှိ ရဟန်းတစ်ပါးက အာရှတခွင်၌ထွန်းတောက်ခဲ့သော စံပြပုဂ္ဂိုလ်တစ်ဦး၏ ဘဝဖြတ်သန်းမှုများကို သဲကြီးမဲကြီးပြုစုရေးသားလျက်ရှိနေသည်။

By မင်းထွန်း 25 Mar 2022

DMG ၊ မတ် ၂၅

(ဆောင်းပါး)

သက်တမ်းကြာရှည်နေပြီဖြစ်သည့်ဝါးများနှင့် သံဖြူဟောင်းများကိုအသုံးပြုကာ နံရံအဖြစ်ကာရန် ဆောက်လုပ်ထားသော ကျောင်းဆောင်ငယ်လေးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။ ထိုကျောင်းထဲ၌ သက်တော်(၃၈)နှစ်အရွယ်ရှိ ရဟန်းတစ်ပါးက အာရှတခွင်၌ထွန်းတောက်ခဲ့သော စံပြပုဂ္ဂိုလ်တစ်ဦး၏ ဘဝဖြတ်သန်းမှုများကို သဲကြီးမဲကြီးပြုစုရေးသားလျက်ရှိနေသည်။

မြန်မာတွင်သာမက အာရှတွင်ပါထွန်းတောက်ခဲ့သည့် ပုဂ္ဂိုလ်ကား “အာရှနီဝန်း ဆရာတော် ဦးဥတ္တမ”ပင် ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပြည်သူများ၏အမျိုးသားရေးစိတ်ဓာတ် ရင့်သန်လာအောင် ပထမဆုံးနိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။

ထိုသို့ထွန်းတောက်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ ဘဝဖြတ်သန်းမှုအဖုံဖုံကို သုတေသနပြု၍ အစဉ်တစိုက် ရေးသားနေသူမှာ ကျောင်းအိုငယ်လေးထဲမှ ဆရာတော် အရှင်ဣန္ဒဝံသ(ခေါ်)ကိန်းသာဖြစ်သည်။ ဆရာတော်ဦးဥတ္တမအကြောင်းကို ပြုစုရေးသားလာခဲ့သည်မှာ ၁၆ နှစ်တာရှိခဲ့ပြီလည်းဖြစ်သည်။

ဆရာတော်ဦးဥတ္တမ၏ သမိုင်းအချက်အလက်များကို ပြည့်စုံစွာဖြင့် အလေးထားလုပ်ဆောင်မည့်သူ အားနည့်အတွက် ယခုကဲ့သို့ပြုစုရေးသားနေခြင်းဖြစ်သည်ဟု ဆရာတော် အရှင်ဣန္ဒဝံသကမိန့်သည်။

“နိုင်ငံအပေါ်မှာ ကျေးဇူးရှိခဲ့၊ မရှိခဲ့ကိုတိုင်းတာပြီး လုပ်သင့်၊ မလုပ်သင့်ဆိုတဲ့အဖြေက ထွက်နေပြီးသားဖြစ်တယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မျိုးကိုမလုပ်ရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုလုပ်မလဲ။ နိုင်ငံအတွက် ရှေ့ဆောင်လမ်းပြပေးခဲ့တဲ့၊ နိုင်ငံအတွက် နိုင်ငံရေးလမ်းပြပေးခဲ့တဲ့ ဆရာတော်ကြီး ဦးဥတ္တမနဲ့ပတ်သက်လို့ လုပ်သင့်တယ်ထင်တဲ့အတွက် လုပ်တာဖြစ်တယ်”

ရခိုင်လူမျိုးတစ်ဦးဖြစ်သည့် ဆရာတော်ဦးဥတ္တမသည် အမျိုးသားဇာတိမာန်ထက်သန်စွာ သူ့ကျွန်မခံလိုစိတ်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး၊ ကိုလိုနီဆန့်ကျင်ရေးအတွက် မြန်မာပြည်သူများကို ဦးစွာပထမ တော်လှန်ရေးတရား ဟောပြောခဲ့သူဖြစ်သည်။ ယင်းသို့လုပ်ဆောင်မှုကြောင့် ထောင်အကြိမ်ကြိမ်ချမှတ်ခံခဲ့ရသော်လည်း မတွန့်မဆုပ်ဘဲ ရှေ့ဆက်ခဲ့သည်။

ဆရာတော်သည် မြန်မာစာပေ၊ ဗုဒ္ဓကျမ်းဂန်များအပြင် ပါဠိ၊ ဘင်္ဂါလီ၊ နာဂရီ၊ သင်က္ကရိုက်၊ တိဘက်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန် စသည့်သာသာစကား ၉ မျိုးကို တက်မြောက်သူဖြစ်သည်။ လွတ်လပ်ရေးအတွက် နိုင်ငံပေါင်း ၃၀ ကျော်ကိုသွားရောက်ပြီး ရရှိလာသည့် ဒေန္တရဗဟုသုတများ၊ အတွေ့အကြုံများဖြင့် နိုင်ငံရေးကို လမ်းပြခဲ့သူဖြစ်သည်။

ထိုသို့ကျေးဇူးကြီးမားလှသည့် ဆရာတော်ကြီး၏သမိုင်းများ ပျောက်မသွားရလေအောင် တစ်ဖက်တစ်လှမ်းက လုပ်ဆောင်နေသည့် ဆရာတော် အရှင်ဣန္ဒဝံသမှာ စစ်တွေမြို့၊ မင်းဂံအကွက်(၁၀)ရှိ မစိုးရိမ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်နေပြီး သက်တော်(၃၈)နှစ်နှင့် ဝါတော်(၁၈)ဝါရှိပြီဖြစ်သည်။

ဆရာတော် အရှင်ဣန္ဒဝံသမှာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာဇာတိဖြစ်ပြီး အသက်(၁၁)အရွယ်တွင် ရှင်သာမဏေအဖြစ်ဖြင့် သာသနာဘောင်သို့ဝင်ရောက်ခဲ့သည်။ အသက်(၂၀)တွင် ရဟန်းအဖြစ်ခံယူခဲ့ကာ စာပေဝါသနာပါသူဖြစ်သည့်အတွက် ရခိုင်-မွန်-မြန်မာ ယဉ်ကျေးမှုသမိုင်းစာပေတို့ကို လေ့လာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် “အာသျှနေဝန်းဆရာတော်”ဆောင်းပါးဖြင့် ဆရာတော် အရှင်ဣန္ဒဝံသမှာ စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြောက်ဦးမြို့ရှိ ဦးဥတ္တမရုပ်ထုဖြစ်မြောက်ရေးအတွက် သမိုင်းဆိုင်ရာ အချက်အလက်များနှင့် လိုအပ်သည်တို့ကိုကူညီလျှက် ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့်ပတ်သက်သည့် စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။

“အာသျှတိုက်၏ မီးရှူးတန်ဆောင် အသျှင်ဥတ္တမ”စာအုပ်မှာ ပထမဆုံးရေးသားထုတ်ဝေသည့်စာအုပ်ဖြစ်ပြီး ဆရာတော်ဦးဥတ္တမ၏ သမိုင်းကြောင်းကိုရေးဖြစ်ခဲ့သည်ကို ဆရာတော်အရှင်ဣန္ဒဝံသက ယခုကဲ့သို့ရှင်းပြသည်။

“ဆရာတော်နဲ့ပတ်သက်တဲ့ သီးသန့်ကောင်းကောင်းမွန်မွန် လုံးချင်းစာအုပ်တွေမတွေ့ရဘူး။ ဆောင်းပါးတို လောက်ပဲတွေ့ရတယ်။ အားမလိုအားမရဖြစ်ရတယ်။ ဆိုတော့ အဲဒီထက်သိချင်လာတဲ့အတွက် လေ့လာဖြစ်တယ်။ လေ့လာရင်းနဲ့ရေးဖြစ်သွားတာ အခုအချိန်ထိဖြစ်တယ်”
လက်ရှိတွင် ဆရာတော်ဦးဥတ္တမ၏ သမိုင်း၊စာပေများနှင့်ပတ်သက်၍ စာအုပ် (၉)အုပ်အထိ ရေးသားပြုစု ထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။ စာအုပ်အမည်များမှာ “အာသျှတိုက်၏မီးရှူးတန်ဆောင် အသျှင်ဥတ္တမ” ၊ “ဘိက္ခု ဦးဥတ္တမ၏ အဘိဓမ္မာ” ၊ “ရဟန်းတော်ဦးဥတ္တမ၏ ဥရောပအာသျှ ကမ္ဘာလှည့်ခရီးစဉ်” ၊ “ဦးဥတ္တမ၏ နိုင်ငံရေးအမှု ကောက်ကြောင်း” ၊ “ဦးဥတ္တမအတွက် ဒိုင်ယာရီ” ၊ “ဦးဥတ္တမနှင့် တရုတ်ပြည်” စသည့်စာအုပ်တို့ဖြစ်ကြသည်။

အဆိုပါစာအုပ်များရေးသားထုတ်ဝေနိုင်ရန် ဆရာတော်ဦးဥတ္တမ၏ သမိုင်းဆိုင်ရာအချက်အလက်များကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း အစရှိသည့်နေရာများသို့သွားရောက်လေ့လာပြီး သုတေသနပြုလုပ်ခဲ့ရသည်။ ဆရာတော်ဦးဥတ္တမ အကျဉ်းကျခဲ့သည့် ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်သို့သွားရောက်ခြင်း၊ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့သည့် ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ညောင်ကုန်းသို့သွားရောက်ခြင်း အစရှိသည့် ဆရာတော်ကြီးနှင့်ပတ်သက်သည့်နေရာဒေသများသို့သွားရောက်ကာ ပြုစုခဲ့ခြင်းဖြစ်သည်။

အသင်းအဖွဲ့အစည်းတို့ဖြင့် သုတေသနလုပ်ကာ ရေးသားပြုစုလာခြင်းမျိုးမဟုတ်ဘဲ တစ်ဦးတစ်ယောက်တည်း၏လုပ်အားဖြင့် ဆောင်ရွက်လာသူဖြစ်သည်။ မပြည့်စုံသေးသည့်အရာကို ပြည့်စုံအောင်ဖန်တီးရယူ လုပ်ဆောင်ရသည့်အတွက် ဆရာတော်ဦးဥတ္တမ စာအုပ်ထုတ်ဝေရန် အစပြုသည့် အချိန်ကနေ ခက်ခဲမှုများနှင့်ပြည့်နက်နေခဲ့သည်။ သို့သော် ယနေ့အချိန်ထိ ခက်ခဲမှုများကိုကျော်ဖြတ်ပြီး ဆရာတော်ကြီး၏သမိုင်းကို သုတေသနပြုလုပ်ကာ ဖော်ထုတ်ရေးသားနေဆဲဟု ဆရာတော် အရှင်ဣန္ဒဝံသက မိန့်သည်။

“ကိုယ်က တော်လို့တက်လို့လုပ်တယ်ဆိုတာကထက် အားကုန်လို့၊ အားမရလို့ ဝင်လုပ်ရတဲ့အပိုင်းဖြစ်တယ်။  အဲဒီထဲမှာ ကာယအား၊ ဉာဏအား၊ ဒါနအားတွေပါတယ်။ အဲဒါတွေကိုစိုက်ထုတ်ရတာ ပင်ပန်းသလား၊ ခက်ခဲသလားဆိုတော့ ပုဂ္ဂလိကအနေနဲ့လုပ်ရတာက အခက်အခဲအများကြီးပဲ။ ဒါပေမယ့် အဲဒီအခက်အခဲ အများကြီးကို ကျော်ဖြတ်နေတုန်းဖြစ်တယ်”

ဆရာတော်ဦးဥတ္တမ၏ သမိုင်းမှတ်တမ်းများကို အချက်အလက်ခိုင်ခိုင်လုံလုံဖြင့်ထားရှိသည့် စာကြည့်တိုက်များ မရှိခြင်းမှာလည်း သုတေသနပြုလုပ်ရာတွင် အခက်အခဲဖြစ်စေသည်။ အခြားသူများရေးသားထားသည့် စာပေများကို ကိုးကားရန်မှာလည်း ပြီးပြည့်စုံလောက်သော အချက်အလက်များကို မရရှိသည့်အတွက် အခက်အခဲဖြစ်ရပြန်သည်။

ထို့ကြောင့် ဆရာတော်ဦးဥတ္တမ သက်ရှိထင်ရှားရှိစဉ်ခေတ်ဖြစ်သည့် ကိုလိုနီခေတ်ကမှတ်တမ်းများ၊ သတင်းစာများ၊ ဂျာနယ်များမှ အချက်အလက်တို့ကို ကိုးကားရေးသားရသည်။ မန္တလေး၊ ရန်ကုန်မြို့ တက္ကသိုလ် အမျိုးသားစာကြည့်တိုက်များသို့သွားရောက်ကာ သူရိယသတင်းစာ၊ မြန်မာ့အလင်း၊ ဒီးဒုတ်၊ ပညာအလင်း၊ ဝံသာနု စသည့်ကိုလိုနီခေတ်က ဆရာတော်ဦးဥတ္တမအကြောင်းကိုရေးသားခဲ့ကြသည့် သတင်းစာများကို ရှာဖွေကာ ရေးသားနေခြင်းလည်းဖြစ်ပေသည်။

“အင်္ဂလိပ်ခေတ်က သတင်းစာ၊ဂျာနယ်တွေကို တိုက်ရိုက်ကိုးကားရတာများတယ်။ အစောပိုင်း ကိုလိုနီခေတ် မှတ်တမ်းတွေဖြစ်တဲ့အတွက် ခေတ်ပြိုင်မှတ်တမ်းတွေ၊ သတင်းစာတွေကို ရှာပြီးရေးသားပြုစုရတယ်”

ဆရာတော်ဦးဥတ္တမသည် သက်တော်(၆၀)အရွယ် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် သွေးတိုး၊ ဆီးချို၊ လေးဘက်နာရောဂါတို့စွဲကပ်ကာ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ပျံလွန်ခဲ့သည့်နေ့ကို အစွဲပြုကာ ဆရာတော်ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ပြီး ပူဇော်ကန်တော့ပွဲများ၊ လွမ်းသူ့ပန်းခွေချခြင်းတို့ကို ရခိုင်သူ၊ ရခိုင်သားတို့က အလေးထားပြုလုပ်ကြသည်။ ယခုအခါ ဆရာတော်ပျံလွန်တော်မူခဲ့သည်မှာ (၈၂)နှစ် ရှိခဲ့ပြီလည်းဖြစ်သည်။

အခြားနိုင်ငံများတွင် နိုင်ငံအတွက်အကျိုးပြုခဲ့သည့်ပုဂ္ဂိုလ်များ၏ သမိုင်းများ၊ စာပေများကို မှတ်တမ်းမှတ်ရာများဖြင့် အလေးထားဆောင်ရွက်ထားသဖြင့် ထိုပုဂ္ဂိုလ်တို့မှာ ရှင်သန်မြဲရှင်သန်နေဆဲဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် မြန်မာပြည်သူများကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ဦးဆောင်လမ်းပြကာ နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီလွတ်မြောက်ရေးတို့ကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည့် ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်သည့်အရာများမှာ မှေးမှိန်လျက်ရှိနေသေးသည်။

“တခြားနိုင်ငံတွေမှာ တိုင်းပြည်လွတ်လပ်ရေးကိုယူခဲ့တဲ့ တန်ဖိုးရှိတဲ့သူတွေကို သူ့နေရာနဲ့သူ အသိအမှတ် ပြုထားကြတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူး။ ပြတိုက်တွေနဲ့ ပြည်နယ်အလိုက်ဖြစ်ဖြစ် အသိအမှတ်ပြုထားတယ်။ ဒီနိုင်ငံမှာလည်း အဲဒီလိုဖြစ်သင့်တယ်။ အသိအမှတ်ပြုဖို့၊ မပြုဆိုတာက အာဏာပိုင်တွေရဲ့ စိတ်နေစိတ်ထားပေါ်မှာ မူတည်တယ်”

ဆရာတော်ဦးဥတ္တမပျံလွန်တော်မူခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ကို တိုင်းသိပြည်သိ တရားဝင် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ရခိုင်ပြည်သူတို့က နှစ်စဉ်တောင်းဆိုနေကြသော်လည်း ယနေ့အထိ ထိုတောင်းဆိုချက်မှာ မရသေးချေ။
ဆရာတော်မှာ ရခိုင်အမျိုးသားများသာမက မြန်မာတစ်နိုင်ငံလုံးကပါ မမေ့သင့်မမေ့ထိုက်သောပုဂ္ဂိုလ်၊ အမြတ်တနိုးထား လေးစားဂုဏ်ပြုအပ်သော ပုဂ္ဂိုလ်လည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုး၏ ဘဝဖြတ်သန်းမှုများကို သမိုင်းမှတ်တမ်းများအဖြစ်ထားရှိမှသာလျှင် မျိုးဆက်သစ်လူငယ်များ အတုယူနိုင်မည်ဖြစ်ကြောင်း ဆရာတော် အရှင်ဣန္ဒဝံသက မိန့်သည်။

“ကိုယ့်မှာမရှိလို့၊ မမြင်ရမဖတ်ရဆိုရင် ပြဿနာမရှိဘူး။ ရှိရဲ့သားနဲ့ မသိရ၊မမြင်ရဆိုတာက မဖြစ်ကောင်းဘူး။ ကိုယ်တို့မှာ အာဇာနည်တွေရှိရဲ့သားနဲ့ ကိုယ့်တိုင်းပြည်ကထွက်ရဲ့သားနဲ့ အမှောင်ချခံထားရတယ်ဆိုတော့ အဲဒါတွေကို ပြန်ပြီးအလင်းပြချင်တယ်”
မြန်မာနိုင်ငံခေါင်းဆောင်များကိုသာမက အာရှမှခေါင်းဆောင်များကိုပါ ဦးဆောင်လမ်းပြပေးခဲ့သည့် ဆရာတော်ဦးဥတ္တမ၏သမိုင်းကို လူငယ်များအနေဖြင့် လေ့လာဖတ်ရှုသင့်သည်ဟု ဆရာတော် အရှင်ဣန္ဒဝံသက မိန့်ကြားသည်။

လွတ်လပ်ရေးမီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးတော်ကို စိတ်နှင့်နှုတ်မှာ နှလုံးသွင်းပြောဆိုရုံသာမဟုတ်ဘဲ သမိုင်းမှတ်တိုင်ပျောက်မသွားအောင် စွမ်းဆောင်ရန်လိုအပ်နေခြင်းဖြစ်သည်။ ဆရာတော်၏လုပ်ဆောင်ချက်များကို ဖော်ထုတ်ရေးသားရန်အတွက် နှောင်းနှေးနေကြသည်ဟုလည်း ဆရာတော် အရှင်ဣန္ဒဝံသကမိန့်သည်။

“ဆရာတော်ရဲ့ နိုင်ငံရေးသတ္တိတွေ၊ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်ရေးသားဖို့အတွက် နှောင်းနှေးနေကြ တယ်။ နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက်လိုအပ်တယ်”

လက်ရှိတွင် ဆရာတော် အရှင်ဣန္ဒဝံသကမှာ ဆရာတော်ဦးဥတ္တမ၏ ဘဝဖြတ်သန်းမှုအကြောင်းနှင့်ပတ်သက်၍ ၆၅ ရာခိုင်နှုန်းခန့်ကို သုတေသနလုပ်ပြီးရေးသားပြုစုနိုင်ခဲ့ပြီဟုဆိုသည်။ လာမည့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် “ဆရာတော်ဦးဥတ္တမနှင့် ရခိုင်ပြည် စစ်တွေခရီးစဉ်”စာအုပ်ကို ထုတ်ဝေသွားရန်လည်းရှိနေသည်။

ဆရာတော်ဦးဥတ္တမ သွားရောက်ခဲ့သည့် အခြားနိုင်ငံများကိုလည်း ကွင်းဆင်းသုတေသနလုပ်ပြီး ပြုစုရေးသားရန်ရှိသည့်အတွက် လိုအပ်လျှင်ကော်မတီတစ်ခုဖွဲ့စည်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆရာတော် အရှင်ဣန္ဒဝံသကမိန့်သည်။

“နောက်ထပ်လည်း မှတ်တမ်းမှတ်ရာတွေနဲ့ထွက်လာနိုင်တယ်။ လောလောဆယ်က အကန့်သတ်မရှိ ထုတ်နိုင်သမျှ ကြိုးစားပြီးထုတ်သွားမှာဖြစ်တယ်”

နယ်ချဲ့ကိုလိုနီလက်အောက်တွင်ကျရောက်နေသည့် မြန်မာနိုင်ငံသာမက အာရှတိုက်တွင်ပါ လွတ်လပ်ရေးရရန်အတွက် မွန်မြတ်သောစိတ်ထားဖြင့် ရှေ့ဆောင်လမ်းပြပေးခဲ့သည့် အာရှနီဝန်း ဆရာတော်ဦးဥတ္တမ၏သမိုင်း ပျောက်ကွယ်မသွားရန် ဆရာတော် အရှင်ဣန္ဒဝံသ(ခေါ်)ကိန်းသာမှ ဆက်လက်၍ ဖော်ထုတ်ရေးသားလျက် ရှိနေသေးသည်။

မင်းထွန်း-ရေးသည်။

ဗီဒီယိုများ