(၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်တွင် Online Live ဖြင့် ကျင်းပမည်

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ် နေ့အခမ်းအနားကို ရန်ကုန်တိုင်းတွင် Online Live Stream အစီစဉ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ သိရသည်။

By မျိုးသီရိကျော် 14 Dec 2020

မျိုးသီရိကျော်၊ DMG
ဒီဇင်ဘာ၊ ၁၄

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ် နေ့အခမ်းအနားကို ရန်ကုန်တိုင်းတွင် Online Live Stream အစီစဉ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် လူစုလူဝေးမဖြစ်စေရန် Online Live Stream အစီစဉ်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် We Love Rakhine တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

အဆိုပါ ရခိုင်ပြည်နယ်နေ့ကို နံနက် (၈) နာရီ  (၅၀) မိနစ်မှ ညနေ (၇) နာရီအထိ We Love Rakhine Facebook Page မှ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

"ပါတီမတူ မူဝါဒ မတူပေမဲ့လည်း ရခိုင်သားတိုင်းက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စစ်မှန်တဲ့ ရခိုင်ပြည်နယ်တစ်ခုကို ရဖို့အတွက် တောင်းဆိုသွားဖို့ဆိုတဲ့ message ကို ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ကျင်းပရတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းပွဲတွင် ရခိုင်ပြည်နယ် ဒေသထွက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ‌ကာ ရခိုင်ပြည်နယ်အငွေ့အသက်များကို ခံစားစေနိုင်မည့် ပန်းချီကားများကိုလည်း လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း We Love Rakhine ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောသည်။

“We Love Rakhine မှာ စီမံကိန်းတစ်ခုရှိပါတယ်။ အဲဒါက ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်က စာရင်းကောက်ယူထားတဲ့ ဆင်းရဲနွမ်းပါးသူ၊ စစ်ဘေးရှောင်တွေ အပါအဝင်ပေါ့ အိမ်ထောင်စု ၅၅၀၀၀ ကို တစ်အိမ်ထောင်ကို ငွေကြေး ၁ သောင်းကျပ်နဲ့ ညီမျှတဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေ လှူဒါန်းသွားဖို့ ရှိပါတယ်။ ရခိုင်ပြည်နယ်က ဆင်းရဲနွမ်းပါးသူ ၆၀ ရာခိုင်နှုန်းရှိတဲ့ အထဲက ၁၀ ရာခိုင်နှုန်းလောက်ကို ပထမဆုံးအနေနဲ့ လှူဒါန်းပေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် Rakhine Vision 2030 ခေါင်းစဉ်ဖြင့် ဦးကျော်သိန်းခိုင် (ရခိုင်လုပ်ငန်းရှင်များအသင်း)၊ ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်တင်မာအောင် (ရန်ကုန်သဟာယအသင်း ရန်ကုန်)၊ ဦးကျော်ဇောဦး (AFP ပါတီ)၊ ဦးခိုင်ကောင်းစံ (ဝံလက် Foundation) တို့မှ ဆွေးနွေး ပြောကြားမည့် အစီအစဉ်တို့ပါဝင်သည်။

ယင်းအပြင် ဝန်ကြီး ဦးဇော်အေးမောင်၊ ပါမောက္ခ ဒေါက်တာအေးချမ်း (သမိုင်းပညာရှင်)၊ We Love Rakhine ဥက္ကဌ ဦးထွန်းထွန်းနိုင် (ရခိုင်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်)၊ ဆရာ စစ်တွေညိုသန့်၊ ဒေါ်အေးနုစိန် တို့က ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြောင်း ပြောကြားမည်ဖြစ်သည်။  

ရခိုင်အဆိုတော်များဖြစ်ကြသည့် ဝင်းကိုခိုင်၊ မင်းသာကီ၊ သားငယ်၊ ရတနာမိုင်၊ ညီမင်းခိုင် တို့ကလည်း ညနေ (၅) နာရီကစတင်ပြီး သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်သည်။

Live ကြည့်ရှုသူ့များနှင့် အခြားပြင်ပအလှူရှင်များအနေဖြင့်လည်း We Love Rakhine ကို ဆက်သွယ်ကာ ဒုက္ခသည်များအတွက် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း ဥက္ကဌ ဦးထွန်းထွန်းနိုင်က တိုက်တွန်းထားသည်။

ဗီဒီယိုများ