ဆရာကြီး ဦးဦးသာထွန်း၏ နိုင်ငံရေးခြေရာ

၁၉၈၈ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်း ပါတီနိုင်ငံရေး အားကောင်းလာမှုနှင့်အတူ ရခိုင်တမျိုးသားလုံး၏ ယုံကြည်လေးစားဖွယ်ရှိသော သမိုင်းနှင့်ယဉ်ကျေးမှုပညာရှင် ဦးဦးသာထွန်းသည်လည်း နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်လာခဲ့သည်။

By ဂေါင် 14 Aug 2022

ဆရာကြီး ဦးဦးသာထွန်း၏ နိုင်ငံရေးခြေရာ

DMG ၊ ဆောင်းပါး

၁၉၈၈ အရေးအခင်းနောက်ပိုင်း ရခိုင်တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် ယုံကြည်ကိုးစားခြင်းခံရသူတစ်ဦး ကွယ်လွန်သွားခဲ့သည်မှာ ယနေ့ဆိုလျှင် ၃၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လက်ရှိတွင် အဆိုပါပုဂ္ဂိုလ်အကြောင်းကို ခေတ်သစ်ရခိုင့်လူ့ဘောင်အဖွဲ့အစည်းက မမေ့လျော့ရန်လိုသည်။

ထိုပုဂ္ဂိုလ်မှာ ဆရာကြီး ဦးဦးသာထွန်းပင်ဖြစ်သည်။ သူ၏ လာရာလမ်းမှာ သမိုင်းနှင့် ယဉ်ကျေးမှုနယ်ပယ်မှ ဖြစ်သော်လည်း ရခိုင်အမျိုးသားနိုင်ငံရေးအတွက် တရားဟောပြောမှုကြောင့် ထောင်နန်းစံရင်း ကွယ်လွန်သွားခဲ့ရသူဖြစ်သည်။

၈၈ နောက်ပိုင်း ရခိုင့်နိုင်ငံရေး

ယခင်က ရခိုင်တို့သည် မြေအောက်လျို့ဝှက်စွာဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ဦးစားပေးခဲ့သော်လည်း အခြားတစ်ဘက်တွင် ပါတီများတည်ထောင်လာကြသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရခိုင့်နိုင်ငံရေးသည် ဥပဒေအတွင်းကဖောက်ထွက်ရန် ကြိုးစားကြခြင်းဖြစ်သည်။

ယင်းနောက်ပိုင်း မြန်မာနိုင်ငံတွင် မြေပေါ်နိုင်ငံရေးပါတီများ ပြည်လည်ဖွဲ့စည်းခွင့်ရသောအခါ ရခိုင်တွင်လည်း လွှတ်တော်အခင်းအကျင်းကနေ မိမိတို့၏ရပိုင်ခွင့်များကို တောင်းဆိုရန်အတွက် ပါတီများ ပေါ်ပေါက်လာတော့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရခိုင့်တော်လှန်ရေးနယ်ပယ်မှ လူဟောင်းများက ပါတီတွင် ပါဝင်လာကြသည်။ ထိုပါတီများတွင် ဘုံပေါက်သာကျော်၏ ရခိုင်ပြည်ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ ရဲနီကျော်ဇံရွှီ၏ ရခိုင်ပြည်သူ့ပါတီ၊ ဦစံသာအောင် ကျောက်တော်၏ မြိုခမီညီညွတ်ရေးပါတီ စသည်ဖြင့် ရခိုင်တွင် ပါတီ(၇)ခုရှိလာခဲ့သည်။

ယင်းအချိန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး လုပ်ပေးမည်ဟုဆိုကာ ပါတီထောင်ပြီး ဝင်ပြိုင်ကြဆိုပြီး အာဏာပိုင်များက ထုတ်ပြောလာသည့်အတွက် ရခိုင်အမျိုးသားသမဂ္ဂနှင့် ရခိုင်သဟာယအသင်းတို့ ပူးပေါင်းပြီး စက်တင်ဘာလတွင် ပါတီထောင်ရန်ကြိုးစားလာခြင်းဖြစ်သည်။

အင်အားကြီးလာသည့် ALD

၁၉၈၈ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်း ပါတီနိုင်ငံရေး အားကောင်းလာမှုနှင့်အတူ ရခိုင်တမျိုးသားလုံး၏ ယုံကြည်လေးစားဖွယ်ရှိသော သမိုင်းနှင့်ယဉ်ကျေးမှုပညာရှင် ဦးဦးသာထွန်းသည်လည်း နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်လာခဲ့သည်။

ဦးဦးသာထွန်းအကြောင်းကို စပြောမည်ဆိုလျှင် ရခိုင်တို့၏ ဝါရင့်ပါတီတစ်ခုဖြစ်သော Arakan League for Democracy(ALD) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအကြောင်းကို ချန်လှပ်ထား၍ မရပေ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နာယက ဦးဦးသာထွန်း၊ ဥက္ကဋ္ဌ ဒေါက်တာစောမြအောင်နှင့် အတွင်းရေးမှူး ဦးအေးဖေတို့နှင့် ထိပ်ပိုင်းခေါင်းဆောင်အဖွဲ့ဝင် ၁၂ ဦးဖြင့် ALD ကို စတင်ထူထောင်ခဲ့ကြသည်။

ယင်းနောက် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ALD မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပါတီ ၁၈ ပါတီဖြင့် ပြည်ထောင်စု တိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(UNLD)တွင် ပါဝင်လာတော့သည်။

ထို့အပြင် ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ALD ၏ ပထမအကြိမ်ညီလာခံအား စစ်တွေမြို့၌ ကျင်းပခဲ့ပြီး ထိုညီလာခံမှ ပါတီနာယက ဦးဦးသာထွန်း၊ ဥက္ကဋ္ဌ ဒေါက်တာစောမြအောင်၊ ဒုက္ကဋ္ဌ ဒေါက်တာဦးအေးနှင့် ဦးစံထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးအေးဖေ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦအေးသာအောင်အပါအဝင် ဗဟိုကော်မတီဝင် ၁၅ ဦးကို ရွေးကောက်တင်မြှောက်ခဲ့သည်။

ဦးဦးသာထွန်း၏ ကိုယ်ရေးအကျဉ်း

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်တွင် အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ နဝမတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး အဖိုးဖြစ်သူနှင့် ပညာရှိပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ ဗေဒင်နှင့် ရှေးဟောင်းပညာရပ်များကို လေ့လာတတ်မြောက်ခဲ့သည်။

၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်းကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ကာ ဝေသာလီမြို့ဟောင်း တူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည်။

ယခုလက်ရှိ မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီး စုဆောင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တိမ်မြုပ်ပျောက်ကွယ်လာနေသော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ သမိုင်း၊ စာပေ၊ ရှေးဟောင်းကျောက်စာနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။

ပါတီနိုင်ငံရေးသို့ ဘာကြောင့်ရောက်ခဲ့သလဲ

ထိုသို့ သမိုင်းကြောင်းဆိုင်ရာများနှင့် အလုပ်ရှုပ်နေတတ်သော ဦးဦးသာထွန်းသည် အခြားတစ်ဘက်တွင်လည်း နိုင်ငံရေး၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ရခိုင်လူမျိုးတိုင်းအတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို လုပ်ရမည်ဟု ဆုံးဖြတ်ချက်ကြောင့် ပါတီနိုင်ငံရေးထဲသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်က ဦးဦးသာထွန်း၏ ရခိုင်သမိုင်းကြောင်းဆိုင်ရာများနှင့် အမျိုးသားရေးတရားများကို နယ်လှည့် ဟောပြောမှုကြောင့် ALD သည် ရခိုင်လူထုအကြား ထောက်ခံမှုအားကောင်းလာခဲ့သည်။ ရခိုင်လူငယ်များက တောက်လျှောက်ဝန်းရန်ပေးကြပြီး ခေတ်ပညာတတ် လူကြီးများကလည်း ALD ထံသို့ စုပြုံဝင်ရောက်လာခဲ့ကြသည်။

ယင်းကြောင့် ALD တွင် ရခိုင်ပြည် တောင်ပိုင်း၊ မြောက်ပိုင်းအားလုံးက တက်ကြွစွာပါဝင်လာကြသည်။ ကျောက်ဖြူမှ ဦးအေး၊ သံတွဲမှ ဗိုလ်မှူးကြီး စံအေး၊ တောင်ကုတ်မှ အင်ဂျင်နီယာချုပ် ဦးအေးဖေ၊ သတင်းစာဆရာ ဦးသာဗန်း၊ ဒေါက်တာဦးကျော်ဇံလှ၊ ပညာရေးဌာနမှ ဦးဦးထွန်းဝေ၊ ဒေါက်တာအောင်ဇံ၊ ရှေ့နေဦးမောင်သာဇံ စသည်ဖြင့် အများအပြားပါတီကို ဦးဆောင်ခဲ့ကြသည်။

ရွေးကောက်ပွဲအကြိုကာလများ၌ ဦးဦးသာထွန်းသည် ALD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးခြင်း ခရီးစဉ်များကို သွားရောက်ရသည်။ စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စသည့် မြို့ပေါ်နှင့် နယ်ကျေးရွာများသို့ တရားဟောထွက်သည်။

ဆရာကြီး၏ နိုင်ငံရေးခံယူချက်

ဦးဦးသာထွန်း၏ နိုင်ငံရေးခံယူချက်မှာ မြန်မာနိုင်ငံအား စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည်ဖော်မှသာ နိုင်ငံ၏ ကြုံတွေ့နေရသည့်ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသူဖြစ်သည်။ ရခိုင်ပြည်ကို ရခိုင်သားများမှသာလျှင် တိုးတက်အောင်ပြုလုပ်နိုင်မည်၊ ထိုသို့ ရခိုင်လူမှုဘဝမြင့်မားဖို့အတွက် ဖက်ဒရယ်မူလိုအပ်ကြောင်း ဟောပြောပွဲများတွင်ပြောဆိုခဲ့သည်။

ယင်းကြောင့် တရားဟောပြောပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုအကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ကို အဓိကဟောပြောခဲ့သည်။ ထိုအချိန်က စစ်အစိုးရလက်ထက်တွင် တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးဆိုသည့် စကားလုံးများကို မည်သူမျှမပြောရဲကြပေ။

သို့သော်လည်း ဦးဦးသာထွန်းက မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အား အခြေခံသည့် ကချင် တကျပ်၊ ရှမ်း တကျပ်၊ ရခိုင် တကျပ်၊ ဗမာ တကျပ် စသည့်ဖြင့် တန်းတူညီမျှဖြစ်စေမည့် ရှစ်ပြည်ထောင်စနစ်ကို ပြည်သူတို့အားရှင်းပြသည့်အတွက် စစ်တပ်အာဏာပိုင်များက လုံးဝမနှစ်သက်ပေ။

ဆရာကြီး ဦးဦးသာထွန်းသည် ဒီမိုကရေစီရရှိရေး၊ တိုင်းရင်းသားများတန်းတူအခွင့်အရေး ရရှိရေးအတွက် စွမ်းစွမ်းတမံ ရှေ့တန်းမှ ဦးဆောင်ဦးရွက်လုပ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တော်ဒေသခံများက တောင်းဆိုမှုကြောင်း ALD ကျောက်တော်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးလည်းဖြစ်လာသည်။

အခြားတစ်ဘက်တွင်လည်း ရခိုင့်နိုင်ငံရေးလောက၌ လူထုထောက်ခံမှု အပြည့်အဝရရှိထားသည့်အတွက် ဦးဦးသာထွန်း၏ ဟောပြောပွဲများကို စစ်တပ်အာဏာပိုင်များက စောင့်ကြည့်လာသည်။ အဆိုပါသတင်းကိုသိရသဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူများက ဆရာကြီးအား ဘင်္ဂလားဒေ့ရှ်သို့တိမ်းရှောင်ရန် အကြံပေးကြသည်။ သို့သော်လည်း ယင်းသို့ရှောင်တိမ်းခြင်းလုပ်ရပ်မှာ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် သူရဲဘောကြောင်သည့် လုပ်ရပ်ဟုဆိုကာ မကြောက်မရွံ့ချီတက်ခဲ့သည်။

သူသည် ပါတီ၏ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်သို့ မဲဆွယ်တရားဟော စည်းရုံးရေးထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ်မှုနောက်ပိုင်း စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်ရှိ အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလူဖြူနေအိမ်၌ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် စစ်တွေ အကျဉ်းထောင်တွင် မေလ ၂၂ ရက်နေ့တွင် အာဏာပိုင်များက အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည)ဖြင့် ထောင်သွင်းအကျဉ်းချ ခံလိုက်ရသည်။

အဆိုပါ ဥပဒေပုဒ်မ- ၅(ည)သည် နိုင်ငံရေးလှုပ်ရှားသူများ၊ အစိုးရကိုဝေဖန်သူများ၊ စာရေးဆရာ၊ တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေး လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချရန်အတွက် အလွယ်တကူ အသုံးပြုခဲ့သည့် ပုဒ်မတစ်ခုလည်းဖြစ်သည်။
ထိုအချိန်က ဦးဦးသာထွန်းသည် နိုင်ငံရေးပါတီလှုပ်ရှားမှု နိုင်ငံရေးတရားဟောမှုကြောင့် ရခိုင်တွင် ပထဆုံး ထောင်ဒဏ်ချမှတ်ခံရသူလည်းဖြစ်သည်။

ဦးဦးသာထွန်းသည် စစ်တွေထောင်တွင် အကျဉ်းကျနေစဉ် ၅ လအကြာ ၁၉၉၀ ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့တွင် သွေးတိုးရောဂါ၊ ဦးနှောက်သွေးယိုခြင်းရောဂါ (Cerebral Haemorrhage)ရောဂါတို့ဖြင့် ထောင်တွင်း၌ကွယ်လွန်ခဲ့သည်။ ဆရာကြီး၏အရိုးပြာကို သူ၏ဇာတိ မြောက်ဦးမြို့သို့ယူဆောင်လာခဲ့ပြီး သျှစ်သောင်းပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲနီးလာချိန်၌ ဦးဦးသာထွန်း အဖမ်းခံလိုက်ရပြီးနောက်တွင် ၎င်းတို့၏(UNLD) မဟာမိတ်အဖွဲ့ဝင်ဖြစ်သော မြို(ခေါ်)ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ပါတီကို ကျောက်တော်ဒေသခံများက မဲပေးလိုက်ကြရတော့သည်။

၁၉၉၀ ရွေးကောက်ပွဲ

၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်မ၌ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တစ်နိုင်ငံလုံးတွင် နေရာ ၄၉၂ ယှဉ်ပြိုင်ခဲ့ပြီး ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် ထိုအချိန်တွင်အုပ်စိုးနေသည့် ဗိုလ်ချုပ်ကြီး စောမောင် စစ်အစိုးရက ရွေးကောက်ပွဲရလာဒ်အား အသိအမှတ်မပြုခဲ့သလို လွှတ်တော်ခေါ်မပေးခဲ့ပေ။ အကြောင်းပြချက်မှာ အဆိုပါရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲရန် ရွေးကောက်ပွဲ ကျင်းပရခြင်းဟုဆိုသည်။

အဆိုပါ ၁၉၉၀ ရွေးကောက်ပွဲတွင် ALD သည် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာ ၂၇ နေရာတွင် အမတ် ၁၁ နေရာ အနိုင်ရခဲ့သည်။  သို့သော်လည်း ဦးဦးသာထွန်းကွယ်လွန်ပြီးနောက် စစ်အစိုးရသည် ALD ပါတီတွင် ပထမဖွဲ့စည်းခဲ့သည့် ဦးဆောင် ၁၂ ဦးကိုသာ အသိအမှတ်ပြုခဲ့ပြီး ယင်းနောက်ပိုင်း အားကောင်းလာသည့် အဖွဲ့ဝင်များကို အသိအမှတ်မပြုခဲ့ပေ။

ထိုခေါင်းဆောင် ၁၂ ဦးကိုလည်း ပါတီကထွက်သွားအောင် စစ်တပ်က ဖိအားအမျိုးမျိုးပေးခဲ့ကြသည်။ ယင်းအထဲတွင် တချို့က အစိုးရအမှုထမ်းများဖြစ်ခြင်း၊ အချို့က အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားသူများရှိလာသည်။

နောက်ဆုံးတွင် ALD ဗဟိုကော်မတီဝင် ၄ ဦးသာကျန်ရှိတော့သဖြင့် ပါတီဖွဲ့စည်းပုံနှင့် မကိုက်ညီဟု အကြောင်းပြခြင်းတို့အပြင် ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခဲ့သည့် ငွေစာရင်းရှင်းတမ်း မပြပေးနိုင်ဟုဆိုကာ ALD ကို ၁၉၉၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် လုံးဝဖျက်သိမ်းခြင်းခံလိုက်ရသည်။ ယင်းသို့ဖြစ်ရခြင်းမှာလည်း ဦးဦးသာထွန်းကွယ်လွန်သွားပြီးနောက် တစတစ အင်အားလျော့နည်းသွားခြင်းဖြစ်သည်။

အချုပ်အားဖြင့် ရခိုင်တို့၏ အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီး ဦးဦးသာထွန်း ကွယ်လွန်သွားသည်မှာ  ယနေ့ဆိုလျှင် ၃၂ နှစ် ကြာမြင့်လာနေတော့သည်။ ဦးဦးသာထွန်းကွယ်လွန်သွားခြင်းသည် ရခိုင်သမိုင်းနှင့် ပါတီ နိုင်ငံရေးကဏ္ဍတို့တွင်

ဆုံးရှုံးသွားခြင်းပင်ဖြစ်ကြောင်းလည်း ALD ခေါင်းဆောင်များနှင့် ပြည်သူများက ပြောဆိုကြသည်။

ဂေါင် - ရေးသည်။

ဗီဒီယိုများ