ရခိုင်တွင် ယခုနှစ်စိုက်ပျိုးရေးချေးငွေ ပြန်ဆပ်သူ ၇ ရာခိုင်နှုန်းသာရှိ

ရခိုင်ပြည်နယ်တွင် ယခုနှစ် စိုက်ပျိုးချေးငွေပြန်ဆပ်သည့် တောင်သူလယ်သမားမှာ ၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

27 Apr 2022

DMG ၊ ဧပြီ ၂၇

ရခိုင်ပြည်နယ်တွင် ယခုနှစ် စိုက်ပျိုးချေးငွေပြန်ဆပ်သည့် တောင်သူလယ်သမားမှာ ၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

ယမန့်နှစ်ကချေးယူထားသည့် စိုက်ပျိုးရေးစရိတ်ချေးငွေကို ပြန်ဆပ်သည့်လယ်သမားများအတွက် လာမည့်မေလတွင် ချေးငွေထုတ်ချေးပေးသွားမည်ဟု လယ်ယာဖွံဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးဘကျော်စိန်က DMG သို့ပြောသည်။

“စိုက်ပျိုးရေးချေးငွေတွေကိုတော့ မေလဒုတိယပတ်လောက်မှာ ထုတ်ချေးသွားမယ်။ ဟိုနှစ်ကချေးငွေကို ပြန်ဆပ်တဲ့ လယ်သမားတွေကိုပဲထုတ်ချေးသွားမှာပါ။ ဒီနှစ်တော့ ပြန်ဆပ်တဲ့သူတွေနည်းတယ်၊ ပြန်ဆပ်တဲ့သူတွေက ၇ ရာခိုင်နှုန်းရှိတယ်။ တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ချေးသွားမှာပါ”ဟု ၎င်းကဆိုသည်။

စိုက်ပျိုးရေးချေးငွေများကို ပြန်မဆပ်နိုင်သည့်လယ်သမားများမှာ ယခုနှစ်တွင် စိုက်ပျိုးရေးချေးငွေမရသည့်အပြင် ဓာတ်မြေသြဇာနှင့် ဆီဈေးများမှာ အဆမတန်မြင့်တက်နေသောကြောင့် လယ်သမားများမှာ မိုးစပါးစိုက်ပျိုးရန် အခက်အခဲများရှိနေကြသည်။

“စိုက်/ဘဏ်ကတော့ စိုက်ပျိုးရေးချေးငွေတွေကိုဆပ်ပြီးမှ ပြန်ချေးတာပါ။ မဆပ်နိုင်တဲ့ လယ်သမားတွေအတွက်တော့ လယ်လုပ်ဖို့အခက်အခဲရှိတာပေါ့။ နောက်ပြီးတော့ မြေဆီတွေ၊ ဆီဈေးမြင့်တက်နေတော့ ပိုပြီးအခက်အခဲရှိတာပေါ့။ ကျွန်တော်မှာလည်း ပြန်မဆပ်နိုင်သေးဘူး။ လယ်ဧကတွေလျော့လုပ်ဖို့လုပ်ထားတယ်”ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ကိုဦးစိုးသိန်းကပြောသည်။

ရခိုင်တွင် ၂၀၂၀ ခုနှစ်က စိုက်ပျိုးရေးချေးငွေယူသူ ၈ သောင်းကျော်ရှိပြီး ပြန်ဆပ်သူဦးရေ ၃ သောင်းကျော်ခန့် (၃၉)ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးချေးငွေယူသူ ၃ သောင်းကျော်ရှိပြီး ပြန်ဆပ်သူဦးရေ ၁၀၀၀ ကျော် (၇)ရာခိုင်နှုန်းခန့်သာရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကကို ချေးငွေတစ်သိန်းခွဲနှုန်းဖြင့် လယ်သမားတစ်ဦးကို လယ် ၁၀ ဧကအောက် ချေးပေးခြင်းဖြစ်သည်။ ချေးငွေများကို လယ်သမားများမှပြန်ဆပ်သည့်အခါ ငွေတစ်သိန်းကို တစ်လလျှင် ၅ ကျပ်အတိုးနှုန်းဖြင့် ပြန်ဆပ်ရကြောင်း လယ်သမားများထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဓာတ်မြေသြဇာဈေးမြင့်တက်မှုကြောင့် လယ်ဧကငါးသောင်းကျော်အထိ စိုက်ပျိုးမှုလျှော့ကျသွားခဲ့သည်။

ဓာတ်မြေသြဇာများကို မြို့နယ်တိုင်းတွင် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချနိုင်ရန် အစိုးရမှချပေးသင့်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောဆိုထားသည်။

လက်ရှိဓာတ်မြေသြဇာဈေးနှုန်းများမှာ တစ်အိတ်ကို ငွေကျပ် ၉ သောင်းကျော်အထိ ဈေးမြင့်တက်ရှိနေသည့်အပြင် ဆီဈေးမှာလည်းမြင့်တက်နေသည့်အတွက် လယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရန် အခက်အခဲများရှိနေကာ ပုံမှန်ထက်လယ်ဧကကိုလျှော့၍ စပါးစိုက်ပျိုးရမည့်အခြေအနေတွင်ရှိနေသည်။

ရခိုင်ပြည်အတွင်းက သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ လယ်သမားများအတွက် ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန် မြို့နယ်စိုက်ပျိုးရေးရုံးများသို့ ဓာတ်မြေသြဇာများချပေးထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ