- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အာဏာသိမ်းကာလ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၂၆ ကြိမ်ထက်မနည်း အပြောင်းအလဲလုပ်
စစ်ခေါင်းဆောင်သည် သူနှင့်နီးစပ်သည့် ထိပ်ပိုင်းခေါင်းဆောင်များကို ၄ နှစ်အတွင်း ၂၆ ကြိမ်ထက်မနည်း ပြောင်းလဲခဲ့ပြီး စစ်ဆင်ရေးအထူးအဖွဲ့မှူးများအား ၁၃ ကြိမ်နှင့် ကစထ - ၆ ကွပ်ကဲရေးမှူး ရာထူးကိုလည်း ၅ ကြိမ်ပြောင်းလဲခဲ့ကြောင်း ISP-Myanmar က ဖော်ပြသည်။
20 Jan 2025

DMG ၊ ဇန်နဝါရီ ၂၀
စစ်တပ်အာဏာသိမ်းကာလ ၄ နှစ်ကျော် အချိန်အတွင်း စစ်ခေါင်းဆောင်သည် စစ်တပ်ထိပ်ပိုင်းခေါင်း ဆောင်နေရာများကို အပြောင်းအလဲ ၂၆ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ယနေ့ (ဇန်နဝါရီ ၂၀) ထုတ်ပြန်ချက်အရ သိရသည်။
စစ်ခေါင်းဆောင်သည် သူနှင့်နီးစပ်သည့် ထိပ်ပိုင်းခေါင်းဆောင်များကို ၄ နှစ်အတွင်း ၂၆ ကြိမ်ထက်မနည်း ပြောင်းလဲခဲ့ပြီး စစ်ဆင်ရေးအထူးအဖွဲ့မှူးများအား ၁၃ ကြိမ်နှင့် ကစထ - ၆ ကွပ်ကဲရေးမှူး ရာထူးကိုလည်း ၅ ကြိမ်ပြောင်းလဲခဲ့ကြောင်း ISP-Myanmar က ဖော်ပြသည်။
“စစ်ကောင်စီက သူတို့နယ်မြေတွေဖြစ်တဲ့ ဧရာဝတီတို့၊ ပဲခူးတို့၊ မကွေးတို့ဘက်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်တာတွေ ခံလာရတော့ လုံးဝအထိမခံနိုင်တဲ့ နေပြည်တော်နဲ့ ရန်ကုန်ရဲ့ စစ်ရေးအကြီးအကဲ ရာထူးတွေနေရာမှာ သူတို့စိတ်ချယုံကြည်ရတဲ့ သူတွေကို လုပ်ခိုင်းတဲ့သဘောလို့ပဲမြင်ပါတယ်။ သူတို့ စိုးရိမ်စိတ်ပိုလာတာလို့လည်း တစ်ဖက်မှာမြင်နိုင်တာပေါ့” ဟု ထိုင်းနိုင်ငံတွင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ်အား လေ့လာနေသည့် ရခိုင်လူငယ်တစ်ဦးကပြောသည်။
ယခုလ အတွင်းမှာပင် နေပြည်တော်လုံခြုံရေးကို အဓိကကိုင်တွယ်ရသည့် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့ မှူးနေရာနှင့် ရန်ကုန်လုံခြုံရေးကို အဓိကကိုင်တွယ်ရသည့် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူးနေရာများ အပြောင်းအလဲလုပ်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်ကလည်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ရာထူးမှ ဖယ်ရှား ပြီး (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကွဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဒုတိယဝန်ကြီးချုပ်ရာထူးလည်း ရရှိမည်ဖြစ်၍ လက်ရှိ စစ်ကောင်စီ၏ ခြောက်ဦးမြောက် ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ လစ်လပ်နေရာတွင် စစ်ခေါင်းဆောင်၏ ညာလက်ရုံးဟု လူသိများသည့် စစ်ထောက်ချုပ်နှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးနှစ်ခု ပူးတွဲတာဝန်ယူထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ခန့်အပ်ခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းခံရပြီးသည့် နောက်တွင်လည်း ရှမ်းနှင့် ကရင်နီ (ကယား) ပြည်နယ်တို့ကို ကွပ်ကဲရသည့် အမှတ် -၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး -၂) ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကိုလည်း ရာထူးမှဖယ်ရှားခဲ့ပြီး လက်ရှိ ကစထမှူး - ၂ ရာထူးမှာ လစ်လပ်နေသည်။
စစ်ကောင်စီသည် နိုင်ငံတဝန်း စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်လာရခြင်းကြောင့် အရေးပါသည့် ရာထူးအာဏာများကို စစ်ခေါင်းဆောင်၏ ယုံကြည်ရသည့် သူများသို့ ပြောင်းလဲပေးရုံသာဖြစ်ပြီး စစ်ရေးအရပြောင်းလဲလာမည်မဟုတ်ကြောင်း သုံးသပ်မှုများရှိနေသည်။
“ရာထူးတွေ ပြောင်းတာကတော့ စစ်ရေးအရ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့်လို့ ယူဆရတယ်။ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ စစ်ကောင်စီရဲ့ အောက်ခြေစစ်တပ်သားတွေက စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်း တာကြောင့် ဆက်ရှုံးအုံးမှာပဲ။ စစ်ရေးအရလည်း အများကြီးမပြောင်းလဲနိုင်ပါဘူး” ဟု DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ရှုမြင်သည်။
စစ်ကောင်စီ၏ အခြေစိုက်စခန်းပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများသိမ်းယူထားပြီး ရှမ်းနှင့် ရခိုင်တွင် တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင် အခြေစိုက်တပ်စခန်းပေါင်း ၁၄၁ ခုထက်မနည်း ပါဝင်ကြောင်း ISP-Myanmar တွင် ဖော်ပြထားသည်။