စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် ရခိုင်တွင် စက်သုံးဆီပြတ်လပ်နေ

နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ရန်ကုန် - စစ်တွေလမ်းမရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် သွားလာခွင့်ပိတ်ပင်ထားသဖြင့် စက်သုံးဆီကားများမှာ လမ်းတွင်ပိတ်မိနေ၍ ရခိုင်ရှိဆီဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်နေခြင်း ဖြစ်သည်။ 

By Admin 14 Nov 2023

သံတွဲမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ဆီဝယ်ရန်စောင့်နေကြသူများအား နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက တွေ့ရစဥ်။ (ဓာတ်ပုံ - Eaindran Khin)
သံတွဲမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ဆီဝယ်ရန်စောင့်နေကြသူများအား နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက တွေ့ရစဥ်။ (ဓာတ်ပုံ - Eaindran Khin)

DMG ၊ နိုဝင်ဘာ ၁၄ 

လတ်တလောဖြစ်နေသည့် ရခိုင်စစ်ပွဲများကြောင့် ရခိုင်ဒေသကုန်းလမ်း၊ ရေလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ထားသဖြင့် စစ်တွေ၊ မြောက်ဦး၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း ဆီဆိုင်များထံမှ သိရသည်။

ယမန်နေ့ကစပြီး ရန်ကုန် - စစ်တွေလမ်းမရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် သွားလာခွင့်ပိတ်ပင်ထားသဖြင့် စက်သုံးဆီကားများမှာ လမ်းတွင်ပိတ်မိနေ၍ ရခိုင်ရှိဆီဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်နေခြင်း ဖြစ်သည်။ 

“မနေ့က နေ့လယ်လောက်က စပြီးတော့ ဓာတ်ဆီဝယ်ယူတဲ့သူတွေ အရမ်းများသွားတာ။ အခု သိုလှောင်ထားတဲ့ ဆီတွေက  ပြတ်လပ်သလောက် အနေအထားဖြစ်သွားပါပြီ။ ဆီကားတွေ ရောက်လာမှပဲ အဆင်ပြေတော့မှာပါ” ဟု သံတွဲမြို့ရှိ စင်တော်ကောက် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးသိန်းရွှေက ပြောသည်။ 

ဆီပြတ်လပ်မည်ကိုစိုးရိမ်၍ အလုအယက် ဝယ်ယူနေကြသဖြင့် လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များအားလုံး ပိတ်ထားရသည်အထိ ဖြစ်နေကြောင်း သိရသည်။ 

“မနေ့ကတည်းက အသည်းအသန် ဆီဝယ်နေတဲ့လူတွေ အများကြီးပဲ။ ဒီနေ့မနက်မှာဆိုရင် လိုင်စင်ရပန့်ဆိုင်တွေ အကုန်လုံးပိတ်သွားပြီ။ တချို့ဆိုင်တွေမှာတော့ ဒီဇယ်လောက်ပဲ အနည်းငယ်ဝယ်လို့ရပြီး ဓာတ်ဆီတွေက လုံးဝ ဝယ်လို့မရတော့ဘူး” ဟု ကျောက်ဖြူမြို့ခံ ကိုမြင့်သူအောင်က ပြောသည်။ 

ရခိုင်ဒေသသို့ ဆီတင်သွင်းမှုများကို နောက်ထပ်သုံးရက်ခန့်အထိ ဆက်ပိတ်ထားပါက ရခိုင်တပြည်လုံးတွင် စက်သုံးဆီအားလုံး ပြတ်လပ်သွားနိုင်ကြောင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များက ပြောသည်။

“အခုက စက်ယန္တရားသုံးစွဲမှုဟာ အရင်ကထက် တွင်ကျယ်လာသလို စက်သုံးဆီ လိုအပ်ချက်ကလည်း သိသာသာ များလာတယ်။ ဒါပေမယ့် အခုဖြစ်နေတာက စက်သုံးဆီကို များများစားစားသိုလှောင်ဖို့ ခွဲတမ်းအခက်အခဲရှိတော့ ကားလမ်း နှစ်ရက်လောက်ပိတ်ပြီဆိုတာနဲ့ လုံးဝကို အဆင်မပြေတာ”  ဟု စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ 

ရခိုင်က လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များမှာ သုံးရက်လျှင်တစ်ကြိမ်ခန့်သာ ဆီခွဲတမ်းရရှိပြီး ယင်းခွဲတမ်းကို ရန်ကုန်၊ သီလဝါဆိပ်ကမ်းအထိ သွားရောက်သယ်ယူရသောကြောင့် လမ်းခရီးကြန့်ကြာကာ စက်သုံးဆီ အပိုအလျှံသိုလှောင်ရန် အခက်အခဲရှိနေကြခြင်း ဖြစ်သည်။  

သို့သော်လည်း တချို့အရောင်းဆိုင်များမှာ ဈေးတင်ရောင်းရန်၊ ဈေးကစားရန် စသည့် ရည်ရွယ်ချက်များဖြင့် စက်သုံးဆီရှိနေသော်လည်း ဆိုင်ပိတ်ထားမှုများရှိကြောင်း ဒေသခံများက ပြောကြသည်။

“ဆီရှိရဲ့သားနဲ့ မရှိတော့ဘူးဆိုပြီး ဆိုင်ပိတ်ထားတာတွေလည်း ရှိတယ်။ ဥပမာ အခြားဆိုင်တွေမှာ ဆီပြတ်သွားတဲ့ အချိန်ကျမှ ဈေးတင်ရောင်းဖို့၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားသူတွေလည်း ရှိတယ်” ဟု တောင်ကုတ်ဒေသခံ ကိုမျိုးဇင်က ပြောသည်။ 

လက်ရှိတွင် တစ်နိုင်ငံလုံးအတွင်း စက်သုံးဆီခွဲတမ်း မလုံလောက်ခြင်း၊ စစ်ရေးပဋိပက္ခများဖြစ်ပေါ်နေခြင်း၊ လမ်းတံတားများ ပိတ်ဆို့ခံထားရခြင်း စသည့်တို့ကြောင့် စက်သုံးဆီလိုအပ်ချက်များ မြှင့်တက်လျက်ရှိနေသည်။ 

မြန်မာနိုင်ငံတွင် စက်သုံးဆီများကို ပြည်ပနိုင်ငံများမှ အဓိက တင်သွင်းနေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားသောကြောင့် စက်သုံးဆီအပါအဝင် နိုင်ငံတကာကုန်သွယ်မှုကဏ္ဍမှာ အကျဘက်သို့ ဦးတည်နေသည်။  

#D005 #DMG

ဗီဒီယိုများ