ရခိုင်က မြို့နယ်အများအပြားတွင် ရေရှားပါးမှုပြဿနာ ကြုံတွေ့နေ

ရခိုင်ပြည်သည် မိုးများသည့်ဒေသ တစ်ခုဖြစ်သော်လည်း ရေချိုကို စနစ်တကျ မသိုလှောင်သည့်အတွက် ဒေသတွင်း ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်ဟု ထောက်ပြမှုများ ရှိနေသည်။

By Admin 22 Apr 2023

ရခိုင်က မြို့နယ်အများအပြားတွင် ရေရှားပါးမှုပြဿနာ ကြုံတွေ့နေ

DMG ၊ ဧပြီ ၂၂

ရခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြားတွင် ယခု နွေရာသီကာလအတွင်း သောက်သုံးရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ စသည့်မြို့နယ်များတွင် ရေရှားပါးမှု အဓိက ဖြစ်ပေါ်နေပြီး၊ မြို့ပေါ်ရပ်ကွက်အပါအဝင် ကျေးရွာအများအပြား၌ သောက်သုံးရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာတွင် သောက်ရေကန်နှင့် သုံးရေကန် နှစ်ကန်ရှိသည့်အထဲ သောက်ရေကန်မှာ လုံးဝ ရေခမ်းခြောက်သွားပြီး၊ သုံးရေကန်မှာလည်း ရေခမ်းခြောက်လုနီးပါးဖြစ်နေပြီဟု ဒေသခံများထံမှ သိရသည်။  

“ရွာမှာရှိတဲ့ ရေကန်မှာ ရေခမ်းသွားပြီ။ အဲဒါကြောင့် ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ ရွာတစ်ရွာအနီးမှာ တောင်တစ်ခုရှိတယ်။ စမ်းရေကျတာရှိတယ်။ အဲဒီက သောက်ရေသွားခပ်ရတယ်။ ခြေလျင်သွားရတာ။ နေ့တိုင်းလိုလို သွားခပ်ရတယ်” ဟု ဂြင်းချောင်းဒေသခံ ဦးမောင်သိန်းကျော်က ပြောသည်။

ရသေ့တောင်မြို့တွင်လည်း  မြို့ခံများ အဓိကအားထားရသည့် ရေကန်ကြီးများမှာ ရေခမ်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါရေကန်များမှ ရေကို မြို့နယ်စည်ပင်က ၃ ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ရပ်ကွက်အလိုက် အလှည့်ကျ ရေဖြန့်ဝေပေးလျက်ရှိပြီး မြို့ပေါ်ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေကြရသည်။

ရသေ့တောင်မြို့ခံ ဒေါ်အောင်နုစိန်က “သူတို့ပေးတဲ့အချိန်မှာ မီးမလာဘူးဆိုရင် (ရေတင်ဖို့) အဆင်မပြေဘူး။ သုံးရက်မှတစ်ခါ ရေပေးတာဆိုတော့ ကြားထဲမှာ ရေကုန်သွားတာတွေ ရှိတယ်။ အဲဒါကြောင့် နှစ်ရက်တစ်ခါ ပေးတယ်ဆိုရင်တော့ ကောင်းတာပေါ့။ အဲဒီကြားထဲ ရေကုန်သွားရင် မြို့ထဲမှာရှိတဲ့ တခြားကန်တွေက တွန်းလှည်းတွေနဲ့ ရေသွားတင်ပြီး အဆင်ပြေသလို လုပ်ရတယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ်က ကျေးရွာအချို့တွင်လည်း ရေရှားပါးမှုဖြစ်ပေါ်နေပြီး၊ မြို့ပေါ်ရပ်ကွက်များကိုလည်း ရေမလုံလောက်မှုကြောင့် မြို့နယ်စည်ပင်မှ ၃ ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ရေပေးဝေနေရသည်။ သို့သော်လည်း ရေမသန့်ရှင်းမှုကြောင့် သောက်သုံးရန် အဆင်မပြေကြောင်း မြို့ခံများက ပြောဆိုကြသည်။

“သောက်ရေလည်း ရှားတယ်။ သုံးရေလည်း ရှားတယ်။ ဆည်ကရေကို သုံးရက်မှတစ်ခါ ပေးတယ်။ ဆည်ကရေကို စစ်ပြီးတော့ သောက်ရတယ်။ အဲဒီရေက မသန့်ဘူး။ အနံ့အသက်တွေလည်း မကောင်းဘူး။ အဲဒါကြောင့် ရေသန့်ဝယ်သောက်ရတယ်။ ရေသန့်ကားကလည်း နေ့တိုင်းမလာတော့ သောက်ရေအခက်အခဲနဲ့လည်း ကြုံရတာပေါ့” ဟု ကျောက်တော်မြို့၊ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဒေါ်အေးကျော့က ပြောသည်။

ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ရေမပြတ်လပ်စေရန် မြေအောက်ရေတူးဖော်ပြီး ရေဖြန့်ဝေပေးခြင်းများ ရှိနေသော်လည်း မြို့ပေါ်ရပ်ကွက် အများအပြားတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

လက်ရှိ ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသည့် ရပ်ကွက်/ကျေးရွာနေ ဒေသခံများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ကျေးလက်ရုံးများသို့ သွားရောက်ပြီး အကူအညီတောင်းခံနိုင်ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဦးစောဝင်းက DMG ကို ပြောသည်။

နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့်ကြုံတွေ့နေရမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။

ရခိုင်ပြည်သည် မိုးများသည့်ဒေသ တစ်ခုဖြစ်သော်လည်း ရေချိုကို စနစ်တကျ မသိုလှောင်သည့်အတွက် ဒေသတွင်း ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်ဟု ထောက်ပြမှုများ ရှိနေသည်။

 “ကျမတို့ရခိုင်မှာ ရှေးအရင်ခေတ်တွေကလည်းပဲ ဆည်တွေ အများကြီးရှိခဲ့တယ်၊ ဒီလိုမျိုး ရေရှားပါးတာ မရှိခဲ့ဘူး။ အခုအချိန်မှာ ရေချိုသိုလှောင်မှု အနေအထားလည်းနည်းတယ်။ ရလာတဲ့ မိုးရေကိုလည်း သေသေချာချာ စနစ်တကျဆောင်ရွက်မှု မရှိဘူး။ ရေချိုသိုလှောင်မှု စနစ်မကျတာကြောင့် တဖြည်းဖြည်းနဲ့ ရေရှားပါးမှု ဖြစ်လာတာ” ဟု ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဒေါ်ခင်သန်းက ပြောသည်။

ရခိုင်ပြည်တွင် ဒေသနေပြည်သူများအတွက် ရေဖူလုံရန်နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် တည်ဆောက်ထားသည့် ဆည်များစွာရှိသော်လည်း ဆည်အများအပြားမှ ရေများကို ယနေ့အချိန်ထိ မြို့/ရွာများသို့ ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးပေ။  

#R005

ဗီဒီယိုများ