မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ

လက်ရှိတွင် ဒေသတွင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများက မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ကျေးရွာများသို့ ရေလာရောက်လှူဒါန်းမှုများရှိသော်လည်း လုံလောက်မှုမရှိကြောင်း ရွာသားများက ပြောသည်။

By Admin 30 May 2023

ရသေ့တောင်မြို့ စေတီတောင်စစ်ဘေးရှောင်စခန်းက လူငယ်လေးတစ်ဦး ရေခပ်နေသည်ကို တွေ့ရစဉ်။
ရသေ့တောင်မြို့ စေတီတောင်စစ်ဘေးရှောင်စခန်းက လူငယ်လေးတစ်ဦး ရေခပ်နေသည်ကို တွေ့ရစဉ်။

DMG ၊ မေ ၃၀

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်များရှိ ရေတွင်းရေကန်များတွင် ဆားငန်ရေဝင်ရောက်သွားခြင်း၊ ရေထုညစ်ညမ်းခြင်းတို့ကြောင့် မုန်တိုင်းသင့်ဒေသများတွင် သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရသည်။

မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ကျောက်တော် စသည့် မြို့နယ်များ၌ လက်ရှိတွင် သောက်သုံးရေး အရေးပေါ်လိုအပ်နေပြီး ဒေသခံများမှာ မသန့်ရှင်းသော ရေများကို သောက်သုံးနေရသဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာသား ကိုကျော်ဝင်းလှိုင်က “သောက်သုံးရေက မသန့်ရှင်းလို့ သုံးရ၊ သောက်ရတာက အဆင်မပြေဘူး။ ရေကန်ထဲ အပင်လဲကျသွားတော့ ရေကမကောင်းတော့ဘူး။ ရေတွေကိုလည်း ရေစုပ်စက်နဲ့ စုပ်ထုတ်ဖို့လို အပ်နေတယ် ” ဟု ပြောသည်။

ဆင်အင်းကြီးကျေးရွာရှိ သောက်ရေကန်တွင် ဆားဓာတ်ပေါက်နေပြီး သုံးရန်အဆင်မပြေသော်လည်း တခြားနည်းလမ်း မရှိတော့သည့်အတွက် ထိုရေကိုသာ သုံးစွဲနေရကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ဒေသတွင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများက မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ကျေးရွာများသို့ ရေလာရောက်လှူဒါန်းမှုများရှိသော်လည်း လုံလောက်မှုမရှိကြောင်း ရွာသားများက ပြောသည်။

ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာမှာလည်း မုန်တိုင်းအလွန် ရေကန်များတွင် ရေညစ်ညမ်းမှုများ ဖြစ်နေသဖြင့် သောက်သုံးရေ အခက်အခဲနှင့်ကြုံနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

“ရေသုံးစွဲရတာကတော့ သောက်ရေက ခက်ခဲနေတယ်။ သုံးရေကတော့ ဒီတခေါက် မိုးရွာတုန်းက ရွာတောင်ပိုင်းက ငါးကန်ကရေကို သုံးနေရလို့ နည်းနည်းအဆင်ပြေနေတယ်။ အရင်ကဆိုရင် ရွာဘုန်းကြီးကျောင်း ရေကန်က ရေကိုအသုံးပြုလို့ရတယ်။ မုန်တိုင်းနဲ့ ရေကပျက်သွားတဲ့အခါ စက်တွေနဲ့ စုပ်ထုတ်လိုက်ရလို့ ရေမရှိတော့ဘူး” ဟု ဦးထွန်းတင်စိုးက ပြောသည်။

အလားတူ ပေါက်တောမြို့နယ်၊ သဲခုံရွာသည်လည်း မုန်တိုင်းဒဏ်ကြောင်း နေအိမ်အားလုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေတွင်းများတွင် ပင်လယ်ရေများ ဝင်ရောက်ခဲ့သဖြင့် ရေငံကိုသာ သောက်သုံးနေရကြောင်း ဆိုသည်။

သဲခုံကျေးရွာမှ ဒေါ်မမြင့်စံက “သဲခုံမှာက ရေငံကိုချိုး၊ ရေငံကိုသောက်၊ ရေငံကိုပဲ သုံးနေရတယ်။ အလှူပေးတဲ့လူတွေရောက်ရင်တော့ သောက်ရတယ်။ ရေအလှူရှင်တွေမရှိရင်တော့ ဆားငံရေပဲ သောက်ရတယ်။ နေအပူချိန် အလွန်တရာပြင်းတဲ့အခါ ဆားငံရည်တွေပဲ သောက်နေရတော့ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ရှိနေတယ် ” ဟု ပြောသည်။

မုန်တိုင်းအလွန်ကာလ ကျောက်တော်၊ ရသေ့တောင် စသည့် မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

ရသေ့တောင်မြို့ပေါ် စေတီတောင်အရှေ့ဘက် စစ်ဘေးရှောင်စခန်းမှ ဒေါ်ဦးမြနုက “ညနေ ၅ နာရီဆိုရင် ပြည်တော်သာရေကန်က ရေခွက်နဲ့တစ်ခွက်ချင်းစီ ခပ်ရတယ်။ တစ်ယောက်စီ ရေတစ်ဗူးပဲ ခပ်ရတယ်။ အဲဒါကလည်း ရွှံ့ရည်လိုပါပဲ။ ညနေ ၆ နာရီ ဆိုတာနဲ့ ပိတ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအဖွဲ့ကပေးတဲ့ ရေကလည်း သောက်ဖို့မရဘူး။ သုံးဖို့လောက်ပဲ အဆင်ပြေတယ်။ စခန်းထဲမှာလည်း ဝမ်းနေမကောင်းတဲ့သူတွေ ရှိတယ်။ ကျမလည်း မနေ့က သောက်မိလို့ ဝမ်းနေမကောင်းဖြစ်သွားတယ် ” ဟု ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ မေလ ၂၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် မိုခါ မုန်တိုင်းကြောင့် ရခိုင်တွင် အများသုံး အခြေခံအဆောက်အအုံများ ပျက်စီးခြင်းအပြင် ရေရရှိသည့် စနစ်များ ပြတ်တောက်သွားကြောင်း ဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်အတွင်း သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေးအပေါ် အခက်အခဲများ ဆက်လက်ဖြစ်ပေါ်စေပြီး အထူးသဖြင့် ဘေးဒဏ်သင့်လူထုအတွင်း ရေမှတဆင့် ကူးစက်သည့်ရောဂါများ ဖြစ်ပွားနိုင်ခြေ တိုးမြင့်လာနိုင်ကြောင်း UNOCHA က သတိပေးထားသည်။

#I003

ဗီဒီယိုများ