ရခိုင်က အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်သည့် ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ရဲစခန်းကခေါ်လာပြီးနောက် ချက်ချင်းအမှုဖွင့်ကာ ရမန်ယူလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

By Admin 15 Aug 2023

၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားတွင် ဒေါ်ညိုအေး အားတွေ့ရစဉ်။
၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားတွင် ဒေါ်ညိုအေး အားတွေ့ရစဉ်။

DMG ၊ သြဂုတ် ၁၅

ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဌ ဒေါ်ညိုအေးကို ယနေ့ (ဩဂုတ်လ ၁၅ ရက်) နေ့လယ်ပိုင်းက စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိနေအိမ်သို့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူအောင်လှုံဆောင်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့က  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်သည့် ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ ရဲစခန်းက ခေါ်လာပြီးနောက် ချက်ချင်းအမှုဖွင့်ကာ ရမန်ယူလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

“ဒီနေ့နေ့လယ် ၁၂ နာရီလောက်က ရဲတွေက ရုံးခန်းကိုလာပြီးတော့ ဆန်ပြဿနာနေ့နဲ့ပတ်သက်ပြီး စကားနည်းနည်းပြောစရာရှိတယ်ဆို ပြီးတော့ ခေါ်သွားတာ။ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို ရောက်တာနဲ့ ချက်ချင်းအမှုဖွင့်တယ်။ ချက်ချင်းတရားရုံးတင်တယ်။ အခုရမန်တစ်ပတ်ယူထားတယ်။ နောက်အပတ် အင်္ဂါနေ့ ရုံးချိန်းထားတယ်” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

၁၉၆၇ ခုနှစ် ဦးနေဝင်းခေတ်တွင် ရခိုင်ပြည်၌ ဆန်ရှားပါးမှုကြောင့်  အငတ်ဘေးကို ဖြေရှင်းပေးရန် စစ်တွေဒေသခံများ တောင်းဆိုဆန္ဒပြခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုလူများကို အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် ဩဂုတ် ၁၃ ရက်နေ့က  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်ခဲ့သည့်  ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဒေါ်ညိုအေး တက်ရောက်ခဲ့သည်။

ဆန်ပြဿနာနေ့အခမ်းအနား တက်ရောက်ခဲ့ခြင်းကြောင့် ဒေါ်ညိုအေးအား ဖမ်းဆီးခြင်းမှာ စစ်ကောင်စီသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်သည်။ 

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက  “လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ့်အမျိုးသားရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်တာကို ဖမ်းဆီးအရေးယူတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးကို မတရားချိုးဖောက်တာဖြစ်တယ်။ ဒါဟာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၁၉ နဲ့ ငြိစွန်းတယ် ” ဟု ပြောသည်။ 

ဒေါ်ညိုအေးမှာ ရခိုင်ပြည်တွင်း အမျိုးသမီးအရေးများတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ကိုင်နေသူဖြစ်၍ ပြစ်ဒဏ်လျော့ပေါ့ပေးရန် ရခိုင်အမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူတို့က တောင်းဆိုကြသည်။

ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိ ဒေါ်စောပုစိန် က “သူ့ကို ဖမ်းတာက ဆန်ပြဿနာနေ့မှာ ပါဝင်လို့ ဖမ်းသွားတယ်လို့ သိရပါတယ်။ သူတို့(စစ်ကောင်စီ)က အဲဒီနေ့ကို အကြောင်းပြတာပေါ့။ သူက အမျိုးသမီးတွေအရေးမှာ အများကြီးဆောင်ရွက်ပေးသူဖြစ်တယ်။ အသက်လည်းကြီးနေပြီ၊ ကျန်းမာရေးလည်း သိပ်မကောင်းဘူးဆိုတော့ စိုးရိမ်မှု ရှိတယ်။ ပြစ်ဒဏ်လျော့ပါးဖို့အတွက်လည်း တောင်းဆိုပါတယ်”ဟု ပြောသည်။ 
လက်ရှိတွင် ဒေါ်ညိုအေးကို စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

#R007

ဗီဒီယိုများ