ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့

ဆန်များကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ ဦးဆောင်ကာ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲတန်းစနစ်ဖြင့် ဝယ်ယူနေခြင်းဖြစ်ပြီး ယင်းအထဲတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ (ဆန်အိတ် ၅၀၀,၀၀၀) ပါဝင်ကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

By Admin 12 Jan 2023

ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့

စစ်တွေမြို့မှ ဆန်စက်တစ်ခု

DMG ၊ ဇန်နဝါရီ ၁၂

ရခိုင်ပြည်အတွင်းမှ ဆန်တန်ချိန် ၂၅၀၀ ကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က ပထမဆုံးအကြိမ် တိုက်ရိုက်တင်ပို့ခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာ ဖော်ပြချက်အရ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ  Sale Contract ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဆန်စပါးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)အရ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်တန်ချိန် ၂ သိန်းကျော် တင်ပို့ရန် သဘောတူထားခြင်းဖြစ်သည်။

အဆိုပါ ဆန်များကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ ဦးဆောင်ကာ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲတန်းစနစ်ဖြင့် ဝယ်ယူနေခြင်းဖြစ်ပြီး ယင်းအထဲတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ (ဆန်အိတ် ၅၀၀,၀၀၀) ပါဝင်ကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကျောက်တော်မြို့နယ် အပေါက်ဝရွာမှ လယ်သမား ဦးမောင်ထွီးက “ ဒီလိုသာ ဘင်္ဂလားဒေ့ရှိနိုင်ငံကို ဆက်ပြီး တင်ပို့ခွင့်ရမယ်ဆိုရင် လယ်သမားတွေအတွက် အကျိုးဖြစ်ထွန်းနိုင်မယ်။ ဘာလို့လဲဆိုရင် သီးထွက်များအောင် လုပ်လာကြမယ်။ သွင်းအားစုတွေ ထည့်လာကြမယ်။ လယ်ကို တစ်ဧက ထွန်မယ့်နေရာမှာ သုံးဧကထွန်လာကြမယ်။ ပြီးရင် စိတ်ဝင်စားမှုတွေ များလာမယ်။ လူငယ်တွေဟာလည်း ကိုယ်ထုတ်လုပ်တဲ့ စပါးတွေက ဈေးကောင်းရလာလို့ရှိရင် နိုင်ငံခြားသို့ အလုပ်လုပ်ဖို့သွားကြတာလည်း နည်းနည်းလျော့သွားမယ် ” ဟု ပြောသည်။

ရခိုင်မှဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ခြင်းမှာ ဈေးကောင်းရနိုင်၍ ဝမ်းသာစရာဖြစ်ပြီး တခြားနို်ငငံများသို့ပါ တင်ပို့နိုင်လျှင် ပိုမို အကျိုးဖြစ်ထွန်းမည်ဟု ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာမှ လယ်သမား ဦးအောင်ကျော်မြက ပြောသည်။

“ကျနော်တို့နေရာမှာ စိုက်ပျိုးတဲ့ ဆန်စပါးကို နိုင်ငံတစ်နိုင်ငံသို့ တိုက်ရိုက် Export တင်ပို့နိုင်တယ် ဆိုတာတော့ အလွန် ဝမ်းသာစရာတစ်ခုပါ။ ကျနော်တို့က တိုက်ရိုက် တင်ပို့နိုင်တဲ့အတွက်ကြောင့် ကျနော်တို့ နေရာက ဆန်စပါး ထွက်ကုန်တွေဟာ ဈေးကောင်းရဖို့ လက္ခဏာတွေလို့ မြင်ပါတယ်။” ဟု ဉီးအောင်ကျော်မြက ပြောသည်။

ယခုနှစ်တွင် ရာသီဉတု ဖောက်ပြန်မှု၊ စီတရွန် မုန်တိုင်းများကြောင့် ပေါက်တော၊ မြေပုံ၊ တောင်ကုတ် မြို့နယ်တို့တွင် ဒီရေတက်ပြီး စပါးပင်များ သေသွားကြသည်။ ထို့ကြောင့် ယခင်နှစ်များထက် စပါးထွက်နှုန်း လျော့ကျသွားသဖြင့် ပြည်တွင်း ရိက္ခာဖူလုံရေးကိုလည်း သတိထားရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခင်က ရခိုင်ပြည်မှ တင်ပို့သည့် ဆန်စပါးများတွင် ဆန်ခွဲ ပါဝင်မှု ၂၅ ရာခိုင်နှုန်းထိရှိခဲ့ပြီး ယခုအခါ အဆင်မြင့် စက်ပစ္စည်းနှင့် နည်းပညာများ တိုးတက်လာမှုကြောင့် ဆန်ခွဲပါဝင်မှု ၅ ရာခိုင်နှုန်းသာ ရှိလာပြီဖြစ်ကာ ဆက်လက်အရည်အသွေး ကောင်းမွန်လာပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အခြားနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခင်က ရခိုင်တွင် စပါးထွက်နှုန်းမှာ ပြည်တွင်းရိက္ခာများထက် ပိုလျှံခြင်းများ ရှိခဲ့သော်လည်း လက်ရှိတွင် ပိုလျှံခြင်းများ ကျဆင်းလာသည့်အတွက် နောက်လာမည့်လများတွင် ဆန်ဈေးတက်မှု ပြဿနာများကို ကြုံလာနိုင်သည်ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

“ဒီနှစ်ဆိုရင် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို လယ်သမားတွေက တော်တော်ခံလိုက်ရတယ်။ ဒါကြောင့် ဆန်ပိုလျှံမှုက လျော့သွားမယ်လို့ ထင်တယ်။ သိပ်ပိုလျှံမယ်ဆိုရင် ဆန်တန်ချိန် တစ်သိန်းအောက် လျော့မယ်လို့ ထင်တယ်။ အခုက ဆန်တန်ချိန် ၂၅၀၀ ပဲ ပို့တယ်ဆိုတော့ ပိုလျှံမှုကို သိပ်မထိခိုက်နိုင်ဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ နောက်လာမယ့်လတွေမှာ ဆန်ပြဿနာ၊ ဆန်ဈေးတက်မှုတွေတော့ တွေ့လာရမယ်လို့ ခန့်မှန်းတယ်” ဟု ၎င်းကပြောသည်။ 

ထို့ကြောင့် ဆန်စပါးများကို ပြည်တွင်းဖူလုံမှုရှိစေရန် ရခိုင်က လယ်သမားများအနေဖြင့် နွေစပါးများကိုလည်း စိုက်ပျိုးသင့်ကြောင့် တိုက်တွန်းမှုများရှိနေသည်။ 

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်ရေးအတွက်  ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၁၇  ခုနှစ်တွင် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

#I001 

ဗီဒီယိုများ