အဖြစ်မှန်ကို အိမ်မက်လာပေးပါ သမီးလေးရယ်

အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေး မခင်စိုးနွယ်(ခ)မေလတ်ချေမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၈ ရက်နေ့က ကျောင်းပိတ်ရက်(စနေနေ့)ဖြစ်သဖြင့် အမေကိုဝိုင်းကူရန် လက်စွဲတော်မုန့်ဗန်းထဲသို့ မုန့်လက်ကောက်အချပ် ၅၀ ထည့်ကာ နေ့လည် ၁၂ နာရီအချိန် နေအိမ်မှထွက်သွားခဲ့ပြီးနောက် မိသားစုထံ ပြန်မလာတော့ပေ။ ထိုနေ့က ကောင်းကင်ယံတွင်မှောင်မဲနေပြီး မိုးရေစက်များကလည်း အငြိုးအတည်းကြီးစွာ ရွာချနေသည့်အလား ထင်ရသည်။

23 Apr 2021

ခင်သရဖီဦး ရေးသားသည်
DMG ၊ ဧပြီ ၂၃

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့၌ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၈ ရက်နေ့က ဖြစ်ရပ်ဆိုးကြီးတစ်ခု ဖြစ်ပွားခဲ့သည်ကို လူတိုင်းမေ့မေ့လျော့လျော့ဖြစ်နေကြဟန်ရှိသော်လည်း ဒေါ်သန်းသန်းနုတို့ မိသားစုအဖို့ တစ်သက်တာ မေ့မရသော နေ့တစ်နေ့ဖြစ်နေသည်။

သဲကြီးမဲကြီးရွာသွန်းနေသည့် မိုးရေစက်များကြားထဲ မေလတ်ချေ နေအိမ်မှထွက်သွားသည်ကို နောက်ဆုံး မြင်တွေ့ရလိုက်ခြင်းဖြစ်မည်ဟု မိခင်ဖြစ်သူ ဒေါ်သန်းသန်းနု ထင်မှတ်မထားပေ။
ဒေါ်သန်းသန်းနုနှင့် ဦးမောင်ဝင်းဌေးတို့ ဇနီးမောင်နှံမှာ သားသမီးသုံးယောက်ရှိသည်။ မခင်စိုးနွယ်မှာ သမီးလတ်ဖြစ်ပြီး မိသားစုအသိုင်းအဝန်းများမှ သူမကို ချစ်စနိုးနှင့် မေလတ်ချေဟု မှည့်ခေါ်ကြသည်။

မေလတ်ချေမှာ မိခင်ဖြစ်သူအားဝိုင်းကူရင်း စစ်တွေမြို့အတွင်းလှည့်လည်ကာ မုန့်လက်ကောက်များ ရောင်းချနေသည်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်ကပင်ဖြစ်သည်။ သူမကျောင်းပိတ်ရက်များတွင် နေ့လည် ၁၂ နာရီခန့်မှ မုန့်ရောင်းချရန်ထွက်သွားလေ့ရှိပြီး ညနေ ၄ နာရီဆိုပါက မုန့်ရောင်းချရာမှ နေအိမ်သို့ ပြန်လည် ရောက်ရှိနေကျဖြစ်သည်။

ကျပ်ငွေသုံးသောင်းတန်ဖိုးရှိသည့် မုန့်လက်ကောက် အချပ် ၁၅၀ ထဲမှ မေလတ်ချေမှာ မုန့်လက်ကောက် ၅၀ ချပ်ကို စစ်တွေမြို့တွင်း ရပ်ကွက်များတွင် မိခင်ဖြစ်သူနှင့် နေရာမတူအောင် လိုက်လံရောင်းချနေခြင်းလည်း ဖြစ်သည်။

ဦးမောင်ဝင်းဌေးမှာ ပန်းနာရင်ကြပ်ရှိ၍ မိသားစုစားဝတ်နေရေးအတွက် ဆိုက်ကားမောင်းနှင်သည့် အလုပ်ကို နေ့စဉ်လုပ်ကိုင်နိုင်ခြင်းမရှိတော့ပေ။ ထို့အတွက်ကြောင့် သားသမီးများ၏ ပညာရေးနှင့် မိသားစုစားဝတ်နေရေး တို့အတွက် ဒေါ်သန်းသန်းနု မုန့်လက်ကောက်ရောင်းချနေခြင်းဖြစ်သည်။ ထိုအလုပ်ကို သမီးလတ် မေလတ်ချေက ဝိုင်းကူရောင်းချပေးရသည်။

ဇွန် ၁၈ ရဲ့ ဖြစ်ရပ်ဆိုး

အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေး မခင်စိုးနွယ်(ခ)မေလတ်ချေမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၈ ရက်နေ့က ကျောင်းပိတ်ရက်(စနေနေ့)ဖြစ်သဖြင့် အမေကိုဝိုင်းကူရန် လက်စွဲတော်မုန့်ဗန်းထဲသို့ မုန့်လက်ကောက်အချပ် ၅၀ ထည့်ကာ နေ့လည် ၁၂ နာရီအချိန် နေအိမ်မှထွက်သွားခဲ့ပြီးနောက် မိသားစုထံ ပြန်မလာတော့ပေ။ ထိုနေ့က ကောင်းကင်ယံတွင်မှောင်မဲနေပြီး မိုးရေစက်များကလည်း အငြိုးအတည်းကြီးစွာ ရွာချနေသည့်အလား ထင်ရသည်။

မိခင်ထက် မုန့်လက်ကောက်အချပ်ရေ ထက်ဝက်မျှနည်းသည့် မေလတ်ချေမှာ နေအိမ်သို့ မိခင်ဖြစ်သူထက် နာရီဝက်ခန့် နေ့စဉ်စောရောက်လေ့ရှိတတ်သည်။ သူမသည် မုန့်လက်ကောက်များကို စစ်တွေမြို့ပေါ်က ကျောင်းကြီးလမ်း၊ ဘောက်သီးစု၊ မြို့သူကြီးရပ်ကွက်တို့နှင့် ကမ်းနားလမ်းတို့တွင် ရောင်းချတတ်သည်။

“သူကနေ့တိုင်း ကျမထက်စောရောက်တယ်။ ကျမလဲ အပြင်ကလာတိုင်း သူ့မုန့်ဗန်းကိုကြည့်ဖြစ်တယ်။ အဲဒီ နေ့ကမတွေ့တော့ မိုးရွာလို့သူအစ်မဆီကို သွားနေတာဖြစ်မယ်ဆိုပြီးတွေးလိုက်မိတယ်” ဟု မိခင် ဒေါ်သန်းသန်းနုက ပြောပြသည်။

မေလတ်ချေ၏ အစ်မဖြစ်သူမှာ စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်တွင် စက်ချုပ်သင်လျက်ရှိရာ တစ်ခါတစ်ရံတွင် မေလတ်ချေက အစ်မဖြစ်သူထံသွား၍ နေအိမ်သို့ ညီအစ်မနှစ်ယောက် အတူတူပြန်လာတတ်သည်။

ထိုနေ့က မေလတ်ချေတစ်ယောက် နေအိမ်သို့မရောက်သေးသဖြင့် အစ်မဖြစ်သူအလုပ်သို့ သွားနေသလား ထင်မိ၍ ဒေါ်သန်းသန်းနုက ဖုန်းဆက်မေးမြန်းခဲ့ရာ မေလတ်ချေမရောက်သည်ကို သိခဲ့ရတော့သည်။

မေလတ်ချေပြန်ရောက်ချိန်တန်၍ နေအိမ်သို့ရောက်မလာသည့်အခါ သဲကြီးမဲကြီး ရွာသွန်းနေသည့်မိုးကို အန်တုကာ မိဘနှစ်ပါး စစ်တွေမြို့အနှံ့ လိုက်ရှာကြတော့သည်။

ပျောက်ဆုံးနေသည့် သမီးဖြစ်သူအား ညဉ့်သန်းခေါင်းယံအချိန်ထိ ဆိုက်ကားတစ်စီးဖြင့် လိုက်လံရှာဖွေ ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဝင်းဌေးက “ကျနော်တို့ သူကို့ရှာခဲ့ကြတယ်။ ညည့်လုံးပေါက်ပေါ့” ဟု တိုးညှင်းစွာပြောလေသည်။

မေလတ်ချေ ပျောက်ဆုံးနေတာဟာ လူကုန်ကူးခံရတာလားဆိုတဲ့ ယူဆချက်ကြောင့်လည်း စစ်တွေမြို့မှာရှိတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ထံ တိုင်ကြားခဲ့ကြသေးတယ်။

“သူမုန့်ပတ်ရောင်းတဲ့နေရာတွေကို လိုက်ရှာမေးမြန်းခဲ့ပေမဲ့ မြို့လယ်က အဲဒီလိုနေရာမှာ ဖြစ်လိမ့်မယ်လို့ တွေးတောင်မတွေးမိဘူး” ဟု ဒေါ်သန်းသန်းနုက ပြောသည်။

မေလတ်ချေပျောက်ဆုံးပြီး နောက်တစ်နေ့ ဧပြီလ ၁၉ ရက် နေ့လည်ပိုင်းတွင် စစ်တွေမြို့ပေါ်က ဆောက်လက်စအဆောက်အဦးတစ်ခုအပေါ်၌ သွေးတလူးလူးနှင့် သတိမေ့လျော့နေသည့် မိန်ကလေးငယ် တစ်ဦးကို ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ သယ်ယူသွားသည်ဆိုသောသတင်းစကားက မြို့လူထုထံ ပျံ့နှံ့လာခဲ့သည်။

ထိုသတင်းစကားကြောင့် ဦးမောင်ဝင်းဌေးနှင့် ဒေါ်သန်းသန်းနုတို့ ဇနီးမောင်နှံမှာလည်း မေလတ်ချေ၏ ဓါတ်ပုံငယ်လေးကိုကိုင်ကာ စစ်တွေဆေးရုံကြီးဆီ တန်းပြေးပါတော့တယ်။ ဆေးရုံရောက်သွားတော့ ဦးခေါင်းမှာ အဖြူရောင်ပတ်တီးစည်းထားပြီး မျက်နှာပေါ်မှာဒဏ်ရာတွေနဲ့ သတိမေ့လျော့နေတဲ့ မေလတ်ချေကို တွေ့မြင် လိုက်ရတော့တယ်။

“ကျမတို့ ငိုဖို့တောင်သတိမရဘူး၊ သူပြန်သတိရလာမယ်ပေါ့။ ဆေးရုံရောက်ပြီဆိုတော့ ခေါင်းကွဲဒဏ်ရာလောက်နဲ့ ကျမသမီး သတိရလာမယ်လို့ပဲ ထင်ခဲ့တာ”ဟုဆိုသည်။

သို့သော်လည်း ဒေါ်သန်းသန်းနုမျှော်မှန်းထားသလိုဖြစ်မလာခဲ့ပေ။ ထိုနေ့ ည ၁၀ နာရီကျော်ခန့်အချိန်တွင် ဆရာဝန်တစ်ဦး ရောက်လာပြီး သမီးလေးအခြေအနေစိုးရိမ်ရကြောင်း ပြောလာသည်ဟု ဆိုသည်။

ဦးမောင်ဝင်းဌေးကတော့ သမီးဖြစ်သူ ယခုလိုဖြစ်ရခြင်းမှာ မုဒိန်းမှုနှင့်သက်ဆိုင်နေမလားဟု သိလိုစိတ် ပြင်းပြ နေခဲ့သည်။

ဇွန်လ ၂၀ ရက် နံနက် ၆ နာရီကျော်အချိန်တွင် မေလတ်ချေထံမှ ညဉ်းသံသဲသဲလေး ထွက်ပေါ်လာခဲ့သည်။ ဒေါ်သန်းသန်းနုက သူမငိုယိုထားသည့်မျက်နှာကို သတိရလာသည့်သမီးဖြစ်သူ မမြင်တွေ့ရလေအောင် အခန်းပြင်ထွက်ပြီး မျက်နှာသွားသစ်ခဲ့သည်။

“သူက အိန်း…အိန်းဆိုပြီးအသံထွက်လာတော့ ကျမထင်လိုက်တာက သူ့သတိရလာတယ်ပေါ့။ အဲဒီလို့တွေးပြီး မျက်နှာသွားသစ်လိုက်တယ်။ ပြန်လာတော့ သူအသက်မရှိတော့ဘူး”
ဒေါ်သန်းသန်းနု၏ သစ်ထားသည့်မျက်နှာကို ကြည့်မည့် သမီးဖြစ်သူမေလတ်ချေမှာ လူ့လောကမှ စောစီးစွာ ထွက်ခွာသွားခဲ့လေပြီ။

မေလတ်ချေသေဆုံးမှုအား မုဒိန်းမှုမမြောက်ကြောင်း စစ်ဆေးချက်ထွက်လာ၍ ထိခိုက်နာကျင်စေမှု ပုဒ်မ- ၃၂၆ ဖြင့် တရားခံပြေးအမှုအဖြစ် စစ်တွေမြို့မရဲစခန်းတွင်အမှုဖွင့်ထားကာ ဖခင်ဖြစ်သူ ဦးမောင်ဝင်းဌေးကတော့ “ဒါက မုဒိန်းမှုဆိုတာ သေချာပါတယ်” ဟု တထစ်ကျပြောနေတော့သည်။

“ရဲစခန်းကို နေ့တိုင်းသွားမေးဖြစ်တယ်။ သူ့တို့က ကျနော်တို့ ထမင်းတောင်မစားဘဲ တရားခံတွေ ရှာနေတယ် လို့တော့ ပြောပါတယ်” ဟု ဦးမောင်ဝင်းဌေးက ပြောပြသည်။

၂၀၂၁ ခုနှစ် ဇွန်လဆိုပါက မေလတ်ချေတစ်ယောက် မိသားစုကိုစွန့်ခွာသွားခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည် ဖြစ်သည်။ သို့သော် တရားခံကဘယ်သူလဲ၊ ဘာကြောင့် မေလတ်ချေကို အခုလိုဖြစ်အောင် လုပ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေက သူတို့မိသားစုရဲ့ ရင်ထဲတွင်ရှိနေဆဲဖြစ်သည်။

သီချင်းကို အသံကျယ်ကျယ်နှင့်အော်ဆိုတတ်သော မေလတ်ချေသည် သူတို့မိသားစုအဖို့ ဆည်းလည်းသံလိုပဲလို့ ဒေါ်သန်းသန်းနုက “သူကအသံကျယ်တော့ အိမ်မှာသူရှိရင် သူ့အသံချည်းပဲ” ဟု သမီးဖြစ်သူ၏ ချစ်စရာ အမူအကျင့်ကို ပြောပြသည်။

ယခုအခါ မေလတ်ချေမရှိတော့သဖြင့် သူတို့မိသားစု၏ ဆည်းလည်းသံမှာလည်း ပျောက်ဆုံးသွားခဲ့ရပြီဖြစ်သည်။

“သမီးလေးရယ်၊ အမေတို့မှာ တရားကိုနိုင်တဲ့ငွေမရှိတာကြောင့် အဖြစ်မှန်ကိုအိမ်မက်လာပေးပါ”
ဤစကားသံက မေလတ်ချေ မည်သို့မည်ပုံသေဆုံးခဲ့ရသည့်အဖြစ်ကို သိလိုစိတ်ပြင်းပြနေသော မိခင် ဒေါ်သန်းသန်းနု၏ နှုတ်ဖျားမှထွက်လာသော စကားပင်ဖြစ်သည်။

ဗီဒီယိုများ