ရဝမ်ဒါတွင် လူသုံးသောင်းခန့်အား သတ်ဖြတ်မြှုပ်နှံထားသည့် ဆည်တစ်ခု တွေ့ရှိ

ယခုဆည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ၁၉၉၄ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းချခံရပြီး ပြန်လည်လွတ်မြောက်လာသူများထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဆည်အနီးတွင် နေထိုင်သူများထံမှလည်း အချက်အလက်များ ရရှိခဲ့သည်။

By Foreign Desk 07 Apr 2020

ရဝမ်ဒါ လယ်ယာစိုက်ပျိုးရေးဘုတ်အဖွဲ့သည် ဆည်အတွင်းမှရေများအား ဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်ပြီး လာမည့်သောကြာနေ့တွင် အကုန်အစင် ဖယ်ရှားနိုင်မည်ဟု တွက်ချက်ထားသည်။ ဓာတ်ပုံ - The News Times (Rwanda)

ရဝမ်ဒါနိုင်ငံတွင် လူသေအလောင်း ၃ သောင်းခန့် မြှုပ်နှံထားသည်ဟု ယူဆရသော ဆည်တစ်ခု တွေ့ရှိထားကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။

ယခုဆည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ၁၉၉၄ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းချခံရပြီး ပြန်လည်လွတ်မြောက်လာသူများထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဆည်အနီးတွင် နေထိုင်သူများထံမှလည်း အချက်အလက်များ ရရှိခဲ့သည်။

အဆိုပါဆည်သည် ရဝမ်ဒါနိုင်ငံ၏မြို့တော် ကီဂါလီပြင်ပရှိ ကျေးရွာတစ်ခုအနီးတွင် တည်ရှိသည်။ ထိုဆည်အား လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားမီ နှစ်ပေါင်းများစွာတည်းက စိုက်ပျိုးရေးအတွက် ရေသိုလှောင်ရန် တူးဖော်ထားခြင်းဖြစ်သည်။

ယခုတွေ့ရှိမှုသည် နှစ်ပေါင်းများစွာအတွင် အကြီးမားဆုံး တွေ့ရှိမှုဖြစ်သည်။ လက်ရှိအချိန်ထိ အလောင်း ၅၀ ခန့် ဆယ်ယူရရှိထားပြီဖြစ်သည်။

“ကျွန်တော်တို့ အခုကြုံနေရတဲ့ အခက်အခဲက ဆည်ထဲမှာ ရေအပြည့်ရှိနေတဲ့ ပြဿနာပဲ။ ဒါကို ဖောက်ထုတ်ဖို့ စီစဉ်နေပါတယ်။” ဟု လူမျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများ အဖွဲ့အစည်း “အီဘူကာ” ၏ စီမံခန့်ခွဲရေးမှူး နာ့ဖ်တဲလ်အီရှာကီယဲ က အေပီသတင်းဌာနသို့ ပြောကြားသည်။

ရဝမ်ဒါတွင် ဧပြီလ ၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀၅ ဦး တွေ့ရှိထားပြီး သေဆုံးသူ မရှိသေးပေ။

ဧပြီလ ၇ ရက်နေ့၌ လူမျိုးတုံးသတ်ဖြတ်မှု ၂၆ နှစ် ပြည့် အမှတ်တရအောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပရန် စီစဉ်ထားသော်လည်း နိုင်ငံတွင်းကိုရိုနာ Lockdown ကြောင့် ကျင်းပနိုင်တော့မည် မဟုတ်ပေ။ အခမ်းအနားများအား ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်လွှင့်ပေးမည်ဖြစ်ကာ လူထုစုဝေးပွဲများအား တားမြစ်ထားသည်။

ဗိုင်းရပ်စ်ကြောင့် လူအများစုဝေးရန် အဆင်မပြေနိုင်သဖြင့် အလောင်းများ တူးဖော်ရာတွင် အခက်အခဲများ ရှိနေသော်လည်း အတတ်နိုင်ဆုံး ကြိုးစားတူးဖော်သွားမည်ဖြစ်ကာ သေဆုံးသူများအား ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးသွားမည်ဟု အီရှာကီယဲက ဆိုသည်။

ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု၌ ရက်ပေါင်း ၁၀၀ အတွင်း လူ ၈ သိန်း သတ်ဖြတ်ခံခဲ့သည်။ ၎င်းပဋိပက္ခအတွင်း သေဆုံးခဲ့ရသူများအား အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာများ မကြာခဏ တွေ့ရလေ့ရှိပြီး ယခုတွေ့ရှိမှုသည် အများဆုံးပမာဏဖြစ်သည်။

ဗီဒီယိုများ