ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ရခိုင်ပြည်အလားအလာ

ရက္ခိုင့်တပ်တော်ဟာ ၂၀၁၉ ကတည်းက (Confederate)ကွန်ဖယ်ဒရိတ်ကို ကြွေးကြော်လာခဲ့တာကိုတွေ့ရပြီး  သြဂုတ်လ ၁၆ ရက်နေ့က တပ်မှူးချုပ်နဲ့ အာရက္ခမီဒီယာတို့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရခိုင့်အချုပ်အခြာအာဏာကို ပြန်ယူမယ်လို့ ဖြေကြားသွားပါတယ်။ တစ်ဆက်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးဌာနကို လစာပေးဖို့ပြင်ဆင်ထားကြောင်း ဖြေကြားသွားတာကို တွေ့ရပါတယ်။ ဒါဟာ တစ်ဖက်မှာ ရက္ခိုင့်တပ်တော်ရဲ့အင်အားအပြင် ငွေကြေးပြည့်စုံဖူလုံမှုကို လူသိရှင်ကြားကြေညာတာလို့ မြင်ပါတယ်။

By မင်းထီး 26 Aug 2021

မင်းထီး ရေးသားသည်

ရက္ခိုင့်တပ်တော် တပ်မှူးချုပ်နဲ့ အာရက္ခမီဒီယာတို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုကို သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီအင်တာဗျူးမှာ အေအေတပ်မှူးချုပ်က တော်လှန်ရေးကို အဆင့်လေးဆင့်နဲ့ ခွဲခြားသတ်မှတ်မည်ဆိုပါက လက်ရှိအချိန်မှာ အဆင့်သုံးကိုရောက်ရှိနေပြီလို့ ဖြေကြားခဲ့ပါတယ်။ အဲဒီအဆင့် လေးဆင့်ကတော့ တော်လှန်ရေးအစပြုကာလ၊ နှစ်ဘက်အားပြိုင်မှုကာလ၊ တစ်ပြည်လုံးကို သိမ်းဆည်းတဲ့ ကာလနဲ့ နိုင်ငံတည်ဆောက်ရေး(State Building)ကာလလို့ ဆိုပါတယ်။

နိုင်ငံတည်ဆောက်ရေး(State Building)ကာလကတော့ ရှည်လျားတဲ့ ဖြစ်စဉ်ဖြစ်တဲ့အတွက် အချိန်ယူ တည်ဆောက်ရမယ်လို့ဆိုပါတယ်။ ဒါဟာတစ်ကယ်လည်း လက်တွေကျတယ်လို့ဆိုရပါမယ်။ နိုင်ငံတည်ဆောက်ရေး(State Building)မှာ ပြီးဆုံးချိန်မရှိပါဘူး။ နိုင်ငံဟာ အမြဲတမ်းတည်ဆောက်နေရဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ နိုင်ငံတည်ဆောက်ရေးဟာ ထာဝရဖြစ်စဉ်ဖြစ်သလို ဖိနှိပ်မှုကလွတ်မြောက်ရေးဟာ ထူးခြားဖြစ်စဉ်ဖြစ်ပါတယ်။

ရခိုင့်တော်လှန်ရေးဟာ ရခိုင်ပြည်ထီးနန်းကျရှုံးကတည်းက ယနေ့ထိ အဆက်မပြတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ခေတ်သစ်တော်လှန်ရေးလို့ ပြောလို့ရတဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ရခိုင်လွတ်မြောက်ရေး လှုပ်ရှားမှုဟာ ရက္ခိုင့်တပ်တော်လက်ထက် လက်ရှိအချိန်ဟာ အင်အားအကောင်းဆုံးအချိန်ဖြစ်သလို အေအေဟာ ကမ္ဘာ့မီဒီယာလောကထိ ထိုးဖောက်ဝင်ရောက်နေရာယူထားတာကို တွေ့ရပါတယ်။

မြန်မာစစ်တပ်နဲ့ တိုက်ပွဲအပြင်းထန်ဆုံးကာလ (၂၀၁၉-၂၀၂၀) ၂ နှစ်အတွင်း တိုက်ခိုက်ရည်အားကောင်းတဲ့ အင်အားကို အခိုင်အမာတည်ဆောက်ထားနိုင်ပြီး စစ်ရေး၊ နိုင်ငံရေးပြည့်ဝတဲ့ လူငယ်ခေါင်းဆောင်များ ဦးဆောင်ထားတယ်လို့ အများအသိအမှတ်ပြုခံရတဲ့အထိ မြန်မာလူထုအတွင်း နေရာယူထားတာပါ။ ရက္ခိုင့်တပ်တော်ကို ရခိုင်ပြည်မှာ အခြေကုတ်ယူခွင့်လုံးဝမရရှိအောင် မြန်မာစစ်တပ်က (၂၀၁၉-၂၀)အတွင်း ကြည်း၊ ရေ၊ လေ အင်အားအပြည့်သုံးကာ ၂ နှစ်အတွင်း တိုက်ပွဲပေါင်းလေးထောင်ကျော် အင်အားသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရဘက်ကလည်း ရခိုင်ပြည်မြောက်ပိုင်းကို အင်တာနက်ဖြတ်တောက်ပေးထားခဲ့ကာ သတင်း အမှောင်ချပြီး တိုက်ခိုက်စေခဲ့တာပါ။ အစိုးရက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာကာ အမြစ်ပြတ်ချေမှုန်းစေခဲ့ပေမယ့် အဲဒီကာလအတွင်းမှာဘဲ ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်ရဲ့ နေရာအများစုကို စိုးမိုးထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်ဟာ ၂၀၁၉ ကတည်းက (Confederate)ကွန်ဖယ်ဒရိတ်ကို ကြွေးကြော်လာခဲ့တာကိုတွေ့ရပြီး  သြဂုတ်လ ၁၆ ရက်နေ့က တပ်မှူးချုပ်နဲ့ အာရက္ခမီဒီယာတို့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရခိုင့်အချုပ်အခြာအာဏာကို ပြန်ယူမယ်လို့ ဖြေကြားသွားပါတယ်။ တစ်ဆက်တည်းမှာဘဲ ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးဌာနကို လစာပေးဖို့ပြင်ဆင်ထားကြောင်း ဖြေကြားသွားတာကို တွေ့ရပါတယ်။ ဒါဟာ တစ်ဖက်မှာ ရက္ခိုင့်တပ်တော်ရဲ့အင်အားအပြင် ငွေကြေးပြည့်စုံဖူလုံမှုကို လူသိရှင်ကြားကြေညာတာလို့ မြင်ပါတယ်။

ရက္ခိုင့်တပ်တော်က ရခိုင်ပြည်ကို စတင်ဝင်ရောက်လာခဲ့စဉ်မှာ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူအများစုက ရခိုင်ပြည်နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရပ်တည်ဖို့အတွက် ရေခံမြေခံကောင်းတဲ့နေရာမဟုတ်ကြောင်း သုံးသပ်ခဲ့ကြတာကို တွေ့ရပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း အဲဒီလိုသုံးသပ်ထားပုံရရှိပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်ဘက်က စီးဆင်းနိုင်မယ့် ရိက္ခာ၊ ဆေးဝါးလမ်းကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ မဖြစ်မနေလိုအပ်တဲ့ လက်နက်ခဲယမ်းများ၊ ရိက္ခာ၊ ဆေးဝါးအပြင် နေထိုင်နိုင်မယ့် နိုင်ငံခြားဆက်ဆံရေးကလည်း အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက လက်ခံနိုင်ဖွယ်မရှိဘူးလို ထင်မြင်ချက်တွေ ပေးခဲ့ကြတာကို တွေ့ရပါတယ်။ သို့သော်လည်း အိမ်စာကြေကြောင်း အမြဲတမ်းပြောလေ့ရှိတဲ့ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်စစ်ပွဲကာလအတွင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေကိုပါ မျက်စိလည်စေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကမှ စတင်ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ အင်အားနဲ့ စစ်ရေးဗျူဟာပိုင်းကို မြန်မာစစ်တပ်ဘက်က လျှော့တွက်ခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက မှတ်ချက်ပြု သုံးသပ်ခဲ့ဖူးတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်း အေအေရဲ့ အုပ်ချုပ်ရေးပိုင်း(ဩဇာသက်ရောက်မှု)ဟာ ရ၅ ရာခိုင်နှုန်းစိုးမိုးထားပြီလို့ အေအေဘက်ကပြောဆိုထားပါတယ်။ ကိုဗစ်ကာလ(Stay at Home)ကို ရခိုင်တစ်ပြည်လုံးသို့ ULA/AA က ချမှတ်ထားခဲ့ပြီး ရခိုင်လူထုရဲ့ လေးစားလိုက်နာမှုကို ဖေါ်ထုတ်ပြထားတာကိုလည်း တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်းနဲ့ပတ်သက်ပြီး မင်းပြားမြို့နယ်၊ လက်မရွာက မှုခင်းတစ်ခုကို ဖြေရှင်းဖို့ဖမ်းဆီးရာမှာ အဝေးရောက်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ချို့က အေအေတပ်တော်သားများက အကြမ်းဖက်မှုများရှိနေကြောင်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းပြားမြို့နယ်၊ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်နဲ့ ဗုဒ္ဓဘာသာသံဃာနာယက မြို့နယ် တာဝန်ရှိသူတို့က လက်မကျေးရွာကိစ္စမှာ အကြမ်းဖက်လုပ်ဆောင်မှု မရှိကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်၊ ချင်း၊ သက်၊ ခမီ၊ မြို၊ မွတ်ဆလင်၊ ဒိုင်းနက်၊ ကမန်၊ မရမာ၊ ဟိန္ဒူ၊ စတဲ့ မတူကွဲပြားတဲ့ လူမျိုးများ စုပေါင်းနေထိုင်နေကြပါတယ်။ ဒီလူမျိုးတွေထဲမှာ ရခိုင်ကပထမ လူဦးရေအများဆုံးဖြစ်ပြီး မွတ်ဆလင်က ဒုတိယအများဆုံးနဲ့ ချင်းလူမျိုးတွေဟာ တတိယအများဆုံးဖြစ်ပါတယ်။ ဆိုတော့ ရခိုင်ပြည် တည်ဆောက်ရေး(Nation Building)ပိုင်းဟာ အလွန်အရေးကြီးကြောင်းကိုတော့ အထူးပြောစရာ မလိုလောက်ပါဘူး။ (Nation Building)ဟာ နိုင်ငံရဲ့အသက်ဖြစ်ပြီး (State Building)ဟာ အုပ်ချုပ်ရေးရဲ့ အသက် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်အတွင်း ရဲစခန်းပေါင်းသုံးဆယ်ကို မွတ်ဆလင်များက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တာကြောင့် မွတ်ဆလင်လူမျိုးပေါင်း ခုနစ်သိန်းကျော်ဟာ တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ အဲဒီဖြစ်စဉ်အတွင်း မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံအစိုးရကို နယ်သာလန်နိုင်ငံမှာတည်ရှိတဲ့ (International Court of Justice - ICJ)တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့အထိ ကမ္ဘာကစိတ်ဝင်စားတဲ့ ပဋိပက္ခလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်ဟာ အင်အားကြီးကမ္ဘာ့နိုင်ငံတွေ စိတ်ဝင်စားတဲ့နေရာမှာရှိနေပါတယ်။ ပထဝီနိုင်ငံရေးအရ အချက်အချာ ကျတဲ့နေရာမှာတည်ရှိနေတာကြောင့် ရခိုင်ပြည်ဟာ တရုတ်နိုင်ငံ ခါးပတ်လမ်းစီမံကိန်းရဲ့ ဆိပ်ကမ်းနေရာ ဖြစ်လာပါတယ်။ ဒီကြီးမားတဲ့ ကမ္ဘာ့အကြီးဆုံးစီမံကိန်းကြောင့်ဘဲ အင်အားကြီးအမေရိက၊ ဂျပန်၊ အိန္ဒိယ စတဲ့နိုင်ငံကြီးတွေက အိန္ဒိယသမုဒ္ဒရာကြီးစိုးရေးမဟာဗျူဟာကို တရုတ်နဲ့အပြိုင်အဆိုင်ချမှတ်ပြီး ပါဝါချဲ့ကား နေချိန်လည်းဖြစ်ပါတယ်။ ရခိုင်ပြည်ဟာ အဖိုးတန်ရတနာသိုက်များစွာ ပိုင်ဆိုင်ထားပြီး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီရင်နှီးမြှုပ်နှံမှုတွေဟာ ရခိုင်ပြည်တည်ငြိမ်မှုနဲ့အတူ ဝင်ရောက်လာမယ့် အခွင့်အလမ်းများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ပဋိပက္ခကိုကြည့်ရင်လည်း ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာဒုက္ခသည်များစွာနဲ့ (၂၀၁၉-၂၀)အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ သိန်းချီရှိနေပြီး သူတိုရဲ့ စားဝတ်နေရေးကို ကမ္ဘာ့ကုလသမဂ္ဂက တာဝန်ယူထားရပါတယ်။ ၂၀၁၇ ခုနှစ် ပဋိပက္ခကြောင့်လည်း ပြည်ပစွန့်ခွာ ဒုက္ခသည်များ စတဲ့အရေးတွေကြောင့် ရခိုင်အရေးဟာ ကမ္ဘာမှာထိပ်ဆုံးသို့ရောက်နေသလို ဒီပြဿနာတွေကြား မြန်မာနိုင်ငံကို စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူလိုက်ခြင်းကြောင့် တစ်ကမ္ဘာလုံးက အလေးထား စောင့်ကြည့်နေကြတာ အမှန်သာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ထောင်စုကို ပိုင်ရှင်ခံ၊ လူမျိုးကြီးဝါဒ အခြေခံထားတဲ့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်တပ် ခေါင်းဆောင်တွေကြောင့် ဗြိတိသျှဆီက လွတ်လပ်ရေးရယူကြပြီးနောက်ပိုင်း အာဏာရှင်များ ကြီးစိုးချမ်းသာကာ နိုင်ငံတစ်ခုလုံး မွဲပြာကျနေပြီး သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနိုင်ငံထဲမှာမှ သစ်တော၊ ရေထွက်သယံဇာတ၊ ဓာတ်ငွေ့သိုက်ကြီး၊ ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားပြီး အဆင်းရဲဆုံးပြည်နယ်အဖြစ် ရပ်တည်နေတဲ့ ရခိုင်ပြည်နယ်အရေးဟာ ရက္ခိုင့်တပ်တော်လက်ထက်မှာ တစ်ကျော့ပြန် လွတ်မြောက်ရေးကို ဦးတည်လာမလားဆိုတာ တစ်နိုင်ငံလုံး စိတ်ဝင်စားတဲ့အဆင့်ကို ရောက်ရှိနေပါတယ်။

ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ်ရဲ့ အင်တာဗျူးမှာတော့ တွေ့ဆုံဆွေးနွေးရေးဟာ ရက္ခိုင့်တပ်တော်ဘက်က “အလျော့အတင်းမရှိဘူး။ ရခိုင်တွေဆုံးရှုံးထားတဲ့ အချုပ်အခြာအာဏာကို ရအောင်ပြန်ယူမယ်”လို့ ကြွေးကြော်ထားတာကိုကြည့်ရင် စစ်တပ်ခေါင်းဆောင်တွေ အခုနောက်ပိုင်းထုတ်ပြောလာတဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးမှာ ရခိုင်မပါဝင်ဘူးလို့ အတိအလင်းကြေညာတာလို့ မြင်ပါတယ်။

ဒိလိုဆိုရင်တော့ ရခိုင်ပြည်လွတ်မြောက်ရေးဟာ ရခိုင်ပြည်အတွင်းနေထိုင်သူများအားလုံး လွတ်မြောက်ရေးဖြစ်ပြီး နိုင်ငံရေးစနစ်အရ ခွဲခြားဆက်ဆံခံထားရခြင်းကြောင့် ပျက်စီးနေတဲ့ အချင်းချင်းကြားထဲက သံသယတွေကိုဖယ်ထုတ်ပြီး လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုတည်ဆောက်ကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မတူကွဲပြားမှုကြောင့် ရှိနေတဲ့သံသယစိတ်တွေကို ဖြေဖျောက်ဖို့လိုအပ်သလို အနာဂတ်ရခိုင်နိုင်ငံ ကြင်အင်လက္ခဏာတည်ဆောက်ခြင်း(Nation Building)ဟာ အရေးအပါဆုံးဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ကတော့ လက်ရှိရက္ခိုင့်တပ်တော်ကလုပ်ဆောင်နေတဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေမှာ မွတ်ဆလင်အသိုင်းအဝိုင်းကိုပါ ထည့်သွင်းဖို့စီစဉ်ထားကြောင်း ဖိတ်ခေါ်တာကိုကြည့်ရင် အေအေခေါင်းဆောင်တွေမှာ မတူညီတဲ့အသိုင်းအဝိုင်းများကြားမှာ(Nation Building)ကို တည်ဆောက်ရေး (Plan)အတွက် (State Building)အတွင်း ပါဝင်လာစေခြင်းဖြင့် ပြည်ဝတဲ့ ယုံကြည်မှု တည်ဆောက်ရေး (Trust building)ကို သွားနေပြီဆိုတာမြင်သာပါတယ်။ ဒါဟာ ရက္ခိုင့်တပ်တော်ဘက်က သီအိုရီအရ မှန်ကန်တဲ့လမ်းစဉ်ဖြစ်သလို မှန်ကန်တဲ့စေတနာလည်းဖြစ်ပါတယ်။ (Trust Building)မရှိဘဲ (Nation Building)ကိုသွားဖို့ အလွန်ခက်ခဲစေပါတယ်။

ရခိုင်ပြည်ပဋိပက္ခမှာ မူမမှန်တဲ့အင်ဂျီအို ဝမ်ထမ်းတစ်ချို့ရဲ့  မသိသာတဲ့ကစားကွက်တွေရှိခဲ့ဖူးတာကို တွေ့ရဖူးပါတယ်။ မတူညီတဲ့အသိုင်းအဝိုင်းကြား တစ်ဖက်စောင်းနင်းဆန်တဲ့ သွေးထိုးမှုတွေကြောင့် အသင့်အတင့် ယုံကြည်မှုရှိပြီး ရောင်းဝယ်လုပ်နေကြတဲ့ မွတ်ဆလင်ရွာနဲ့ ရခိုင်ရွာကြားမှာ အဲဒီအဖွဲ့က ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် တစ်ဖက်နဲ့တစ်ဖက် သံသယဝင်ကာ ယုံကြည်မှုပျက်စေခဲ့တဲ့ သာဓကတစ်ခုကို မြောက်ဦးမြို့နယ်အတွင်းမှာ ၂၀၁၈ ကတွေ့ခဲ့ဖူးပါတယ်။ ဒါဟာလူ့အဖွဲ့အစည်းအတွင်း ကြီးမားတဲ့ရိုက်ခတ်မှု မဟုတ်ပေမယ့် အပြင်ကလာတဲ့အဖွဲ့အစည်းတစ်ချို့မှာ အကျိုးစီးပွားတွေ ရောထွေးပါလာတတ်တယ်ဆိုတာကို ပြည်သူတစ်ရပ်လုံး သတိထားဖို့လိုအပ်ပါတယ်။

ရခိုင်ပြည်အရေးဟာ စိတ်စေတနာမှန်ကန်တဲ့ အရည်အချင်းပြည်ဝတဲ့ခေါင်းဆောင်မှုကို အမှန်တစ်ကယ် လိုအပ်နေတယ်ဆိုတာကို လူထုတစ်ရပ်လုံး နားလည်ထားဖို့လိုအပ်တယ်လို့မြင်ပါတယ်။ လူသားတွေရဲ့ မတူကွဲပြားမှုကို အသိအမှတ်ပြုတတ်ခြင်း၊ အရှိတရားကို လက်ခံတတ်ခြင်းနဲ့ ပြဿနာကို ခေါင်းအေးအေးထားကာ မှန်ကန်တဲ့စေတနာနဲ့ အဖြေရှာခြင်းကသာလျှင် ရခိုင်ပြည်ရဲ့ အနာဂတ်ကို လှပစေနိုင်ဖို့မြင်ပါတယ်။

လက်ရှိရခိုင်ပြည်အတွင်း ဖြေရှင်းစရာပဋိပက္ခများစွာရှိနေသေးတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ သို့သော်လည်း ဒီပဋိပက္ခတွေထဲကမှ ဦးစားပေး (၁.၂.၃.၄) စတဲ့ ရွေးချယ်မှုတွေကို လူထုအနေနဲ့လည်း လက်ခံနားလည်ထားဖို့ လိုအပ်ပါတယ်။ အခုအချိန်ထိ ရခိုင်ပြည်အခြေစိုက် နိုင်ငံရေးပါတီတွေဘက်က လုပ်ဆောင်လို့ရနိုင်တဲ့ မတူကွဲပြားတဲ့လူမျိုးစုတွေကြား ယုံကြည်မှုတည်ဆောက်တာ၊ နိုင်ငံရေးအရ ဦးဆောင်ပူးပေါင်းပါဝင်ပေးတာမျိုး ကိုတော့ မတွေ့မိသေးပါဘူး။ မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်း ရခိုင်နိုင်ငံရေး ပါတီတွေဘက်က လုပ်ဆောင်မှုဟာ မရှိသလောက်ဖြစ်သွားတာကိုတွေ့ရပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်ဘက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ရာနှုန်းပြည့်နီးပါးလုပ်ဆောင်နေချိန်  တစ်ခြား တစ်ဖက်မှာလည်း မြန်မာအိမ်စောင့်အစိုးရ(စစ်တပ်)ဘက်က ယခုလအတွင်း စစ်အင်အားဖြည့်တင်းခြင်း၊ ကင်းလှည့်ခြင်း စတဲ့အင်အားပြလှုပ်ရှားမှုတွေကို ခပ်စိတ်စိတ်တွေ့လာရပါတယ်။ ဒီလှုပ်ရှားမှုဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အခြေအနေမို့ ပြည်သူတွေဘက်က စိုးရိမ်မှုတစ်ချို့ကိုလည်း တွေ့နေရပါတယ်။ တပ်မှူးချုပ်ရဲ့ အင်တာဗျူးမှာ ပြည်သူတွေ တော်လှန်ရေးသတိရှိကြဖို့ မှာကြားထားတာကိုလည်း တွေ့ရပါတယ်။

စာရေးသူမြင်တာကတော့ ရခိုင်ပြည်သားတွေအနေနဲ့ ရက္ခိုင့်တပ်တော်ရဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ဦးဆောင်မှုကို လက်ခံယုံကြည်ခြင်းဖြင့်သာ ရက္ခိုင့်လူ့ဘောင်သစ်ကို ထူထောင်နိုင်ဖို့မြင်ပါတယ်။ တက်ညီလက်ညီ ကြိုးစားပြီး ရက္ခိုင်ပြည်အတွင်းက မတူကွဲပြားမှုပဋိပက္ခကို အချင်းချင်းကြားထဲ လက်တွဲအဖြေရှာခြင်းကသာ ငြိမ်းချမ်းမှုကိုရရှိနိုင်မှာဖြစ်သလို ပြင်ပအကျိုးစီးပွားသမားတစ်ချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကို ဖယ်ထုတ်နိုင်မယ်လို့ မြင်ပါတယ်။

ရခိုင်အနာဂတ်ဟာ စိန်ခေါ်မှုတစ်ချို့ရှိနိုင်သေးပေမယ့် လူထုရဲ့ယုံကြည်မှုနဲ့ ပေါင်းစပ်ထားတဲ့ လွပ်မြောက်ရေးကသာ မှန်ကန်တဲ့ဆုလာဒ်အဖြစ် မြင်တွေ့နိုင်မှာဖြစ်ကြောင်း သုံးသပ်ပါတယ်။

ဗီဒီယိုများ