ဆုတ်ယုတ်လာနေတဲ့ စစ်ကောင်စီရဲ့ အချုပ်အခြာအာဏာ

အချုပ်အခြာအာဏာဟာ သေနတ်ပြောင်းဝမှာသာရှိတယ်ဆိုတဲ့ အရပ်စကားဟာ ဒီနိုင်ငံမှာ မှန်ကန်ခဲ့သလို စစ်သားဆိုရင် ပြည်သူတစ်ရပ်လုံးက ကြောက်နေခဲ့ကြတာလည်း အားလုံးအသိဖြစ်ပါတယ်။ ကျေးရွာမီးရှို့၊ အရပ်သားတွေကိုသတ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့် စတဲ့နာမည်ဆိုးတွေနဲ့ နှစ်ရှည်နာမည်ကြီးလာခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ သာမန်ရဲဘော်တွေဟာ...

By Admin 29 Sep 2022

DMG ၊ စက်တင်ဘာ ၂၉

(ဆောင်းပါး)

မြန်မာ့နိုင်ငံရေးပဋိပက္ခဟာ တစ်ရက်ထက်တစ်ရက် ပိုမိုအားကြီးလာသလို တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း နယ်မြေထိန်းချုပ်နိုင်ရေးကို ပိုမိုအာရုံစိုက်လာကြတာ တွေ့ရပါတယ်။ ထိုနည်းတူ တစ်‌နိုင်ငံလုံး စစ်ပွဲကလည်း တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်နေသလို နိုင်ငံအတွင်း ငွေကြေးအဆမတန် ဖေါင်းပွမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ရင်ဆိုင်နေရပြီး အိမ်နီးချင်းနိုင်ငံတွေကလည်း စစ်ကောင်စီကို လူရာမသွင်းကြပါဘူး။ အာစီယံအဖွဲ့မှာတောင် အဖက်လုပ်မခံရတော့တဲ့အထိ နိုင်ငံတကာဆက်ဆံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြည်တွင်းစစ်ရေးမှာလည်း အဆမတန်ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာစစ်တပ်ဟာ (၁၊ ၂၊ ၂၀၂၁)ရက်နေ့က နိုင်ငံအာဏာကို သိမ်းယူခဲ့မှုကြောင့် နိုင်ငံတစ်ဝှမ်း ဆန့်ကျင်မှုတွေ ပေါ်ပေါက်ခဲ့တာကို လက်နက်အသုံးချပြီး လူပေါင်းထောင်ချီသတ်ဖြတ်ခဲ့ရာကနေ တစ်နိုင်ငံလုံး နေရာအနှံ့ လက်နက်ကိုင်ပုန်ကန်မှုကို ပေါ်ပေါက်လာစေခဲ့ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်တွေဟာ စစ်သားတွေကို စစ်ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားအတွက် ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက စတင်အသုံးချလာခဲ့ပြီး လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်အထိ နိုင်ငံအာဏာနဲ့ စစ်သားတွေကို သူတို့အကျိုးစီးပွားအတွက် အသုံးချနေကြဆဲဖြစ်ပါတယ်။

အလွန်ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိုက်မဲမှုတွေကြောင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်နေကြရတာပါ။ ဝင်ရောက်အမှုထမ်းမဲ့သူ မရှိတော့လောက်အောင်ထိ လူထုအံဖတ်ဖြစ်လာတဲ့ မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ ကျောပိုးအိတ်အစား ဝါးခြင်းတောင်းကိုလွယ်ကာ အရွယ်လွန်စစ်သားတွေနဲ့ အရည်အသွေး အလွန်အကျွံကျဆင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်တပ်က ထွက်ခွာချင်သူတွေဟာ နောက်ထပ်လူအစားသွင်းပြီး ထွက်ခွာခွင့်ရခဲ့တဲ့ စနစ်ကနေ အခုဆိုရင် စစ်သားတစ်ယောက်ဝင်ရောက်ပါက မြန်မာငွေကျပ် သိန်းသုံးဆယ်ပေးနေရတာတွေရှိတယ်လို့ ကုန်ခဲ့တဲ့အပတ်က ခေတ်သစ်မီဒီယာကဖေါ်ပြတာကို တွေ့လိုက်ရပါတယ်။

ဒါဟာ မြန်မာနိုင်ငံစစ်တပ်အတွက် လားရာလမ်းဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်တော့ပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံအာဏာကိုသိမ်းယူခါစက အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း မြန်မာစစ်တပ်မှာ စစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေကို ပြဌာန်းဖို့ ကြိုးစားခဲ့ပုံရပါတယ်။ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းကြဖို့ သူကိုယ်တိုင်ပြောခဲ့ဖူးတာကို မှတ်မိကြအုံးမှာပါ။ ဒါပေမယ့် ဒီအတိုင်းသာ စစ်မှုထမ်းရမယ့်ဥပဒေကို ပြဌာန်းခဲ့ရင် လူငယ်အားလုံး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီ ရောက်သွားနိုင်ပြီး စစ်ကောင်စီက အချိန်တိုအတွင်း ဝက်ဝက်ကွဲရှုံးသွားမယ်ဆိုတာ နောက်ပိုင်းတော့ သူ သဘောပေါက်သွားခဲ့ပုံရပါတယ်။

စစ်ကောင်စီလက်ထက် နိုင်ငံ့လုံခြုံရေး

စစ်ကောင်စီဟာ သူအာဏာသိမ်းယူခဲ့တဲ့နေ့ကစပြီး နှစ်နှစ်ခွဲအတွင်း ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ကြေညာထားပေမယ့် ဒီနေ့အထိတော့ နိုင်ငံတစ်ဝှမ်းလုံး ပြည်သူလုံခြုံရေးကို မလုပ်ပြနိုင်သေးသလို သူတို့(စစ်ကောင်စီ)ကိုယ်တိုင် လုံခြုံရေးကိုတောင် နည်းလမ်းပေါင်းစုံသုံးပြီး ကာကွယ်နေရတယ်လို့ (၂၂၊ ၉ ၊ ၂၀၂၂)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေကို ညမထွက်ရအမိန့် ‌ကြေညာချက်ထုတ်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

ဒါဟာ နိုင်ငံတစ်ခုရဲ့ ရပ်တည်ဖို့အရေးအကြီးဆုံးဖြစ်တဲ့ ကဏ္ဍကြီးတစ်ရပ် ကျိုးပေါက်နေပြီဆိုတာ ပြသနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံအာဏာ မသိမ်းခင်ကာလအထိ လက်နက်ကိုင်တော်လှန်ရေး လုံးဝမရှိခဲ့တဲ့ ဗမာပြည်တိုင်းဒေသကြီးတွေမှာ အာဏာသိမ်းကာလကစပြီး ဒီနေ့အထိ နေ့စဉ်ပြည်သူတွေဟာ ခေါင်းစဉ်မျိုးစုံနဲ့ သတ်ဖြတ်ခံနေကြရတာကို မကာကွယ်နိုင်တဲ့အပြင် စစ်ကောင်စီကိုယ်တိုင်လည်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ပြည်သူများကို သတ်ဖြတ်ဖမ်းဆီးနေသလို တစ်နိုင်ငံလုံး စစ်တပ်က မီးရှို့ခဲ့တဲ့ကျေးရွာတွေ ရေတွက်မရတော့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်မတိုင်းဒေသကြီးတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေး-PDF တပ်ရင်းပေါင်း (၆၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။ PDF တပ်တွေဟာလည်း သူတို့သက်ဆိုင်ရာဒေသတွေမှာ နယ်မြေထိန်းချုပ်မှုတွေ များလာနေသလို စစ်ကောင်စီဟာလည်း စစ်ပမ်းနေကြတဲ့ သက်ကြီးစစ်သားတွေကို အားကိုးနေရဆဲဖြစ်တာကို တွေ့ရပါတယ်။ မြေပြင်တပ်တွေ ဘယ်လိုမှအားမရှိတော့တဲ့ စစ်ကောင်စီဟာ သူတို့ စစ်သားတွေ လုံခြုံရေးကိုကာကွယ်ဖို့ လေတပ်တစ်ခုကိုသာ အားကိုးတကြီး အသုံးပြုကြိုးစားနေရတာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ သဘောတရားအရ အပ်နဲ့ထွင်ရမယ့်ဆူးကို ပုဆိန်နဲ့ပေါက်နေရတာဖြစ်ပြီး အရင်းအနှီးနဲ့ အကျိုးအမြတ်သဘောတရားအရ ဘယ်လိုမှ တွက်ခြေမကိုက်တော့တဲ့ မိုက်မဲ့တဲ့လုပ်ရပ်ကို ဆက်လုပ်နေရခြင်းဟာ နိုင်ငံကိုကာကွယ်တာထက် စစ်ကောင်စီဟာ သူ့ကိုသူ ကြိုးကွင်းမစွပ်မိအောင် ကာကွယ်နေခြင်းသာ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးလည်းဖြစ် နိုင်ငံလေးခုမှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အခုစစ်ကောင်စီ ဥက္ကဌရဲ့ စီနီယာကြီး ဦးအုန်းသွင်နဲ့ သူ့သမက် ဦးရဲတေဇတို့ဟာ (စက်တင်ဘာလ ၂၄ ရက်)နေ့က ရန်ကုန်မြို့မှာ သူ့အိမ်ခြံတံခါးဖွင့်နေတဲ့အချိန် ပစ်သတ်ခံလိုက်ရတာကိုကြည့်ရင် စစ်ခေါင်းဆောင်တွေရဲ့ အသက်ဟာ နေရာတိုင်းမှာ အန္တရာယ်ရှိနေတယ်ဆိုတာကို ပြသလိုက်တာဖြစ်ပြီး ကိုယ့်လူတွေကိုတောင် ကိုယ်မကယ်နိုင်တော့ဘူးဆိုတာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လုံခြုံရေးစည်း လုံးဝကျိုးပျက်နေပြီဆိုတာ အထင်အရှား ပြသလိုက်တာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ မြို့ပြပြောက်ကျားတွေဟာ (၂၀၂၁)ကထက် ပိုပြီး မြို့ပြလုပ်ရပ်တွေ သိုသိုသိပ်သိပ်နဲ့ လုပ်နိုင်လာနိုင်ခဲ့ပြီဆိုတာ ပြသနေတာပါ။

ထိန်းချုပ်နယ်မြေများနဲ့ စစ်ကောင်စီရဲ့ အချုပ်အခြာအာဏာ

အချုပ်အခြာအာဏာဟာ သေနတ်ပြောင်းဝမှာသာရှိတယ်ဆိုတဲ့ အရပ်စကားဟာ ဒီနိုင်ငံမှာ မှန်ကန်ခဲ့သလို စစ်သားဆိုရင် ပြည်သူတစ်ရပ်လုံးက ကြောက်နေခဲ့ကြတာလည်း အားလုံးအသိဖြစ်ပါတယ်။

ကျေးရွာမီးရှို့၊ အရပ်သားတွေကိုသတ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့် စတဲ့နာမည်ဆိုးတွေနဲ့ နှစ်ရှည်နာမည်ကြီးလာခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ သာမန်ရဲဘော်တွေဟာ အချုပ်အခြာအာဏာဆိုတာလည်း မသိသလို လူ့ကျင့်ဝတ်ကိုတောင် နားလည်နိုင်ဖို့ မကြွယ်ဝတဲ့အသိတွေကို ပိုင်ဆိုင်ထားတဲ့အထိ အရည်အသွေးတွေ နိမ့်နေသူတွေဆိုရင်လည်း မမှားနိုင်ပါဘူး။

စစ်ကောင်စီဟာ (၂၀၂၂)ခုနှစ်ကစပြီး အချုပ်အခြာအာဏာပိုင်နယ်မြေတွေကို စွန့်လွှတ်လာခဲ့ရသလို အချုပ်အခြာအာဏာထည့်ထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ သေနတ်ပြောင်းတွေကလည်း နေရာတိုင်းကို မသွားနိုင်တော့ပါဘူး။ တစ်နိုင်ငံလုံးအတွင်း ပြည်နယ်ဒေသတွေအများစုနဲ့ ပြည်မဒေသတွေရဲ့ နေရာအများစုကို စစ်ကောင်စီဘက်က လက်လွှတ်ထားရပြီး သေနတ်ပြောင်းတွေကို လေယာဉ်ပေါ်တင်ပြီး မြေပြင်က သူတို့ စစ်သားတွေကို ကာကွယ်နေရတဲ့အထိ ကျရှုံးနေပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီဟာ ရှိသမျှစစ်သားဟောင်းကြီးတွေကို ဟိုရွှေ့သည်ရွှေ့လုပ်နေရတဲ့ စရိတ်တွေနဲ့ သတင်းအတိအကျမရှိတဲ့ တော်လှန်ရေးတပ်သားတွေရှိနိုင်တဲ့ ဧရိယာတွေကို လေယာဉ်နဲ့ပစ်ချနေရတဲ့ ကျဉ်ဆံတွေ၊ ဗုံးသီးတွေ၊ မီးလောင်ဗုံးတွေအတွက် ကုန်ကျစရိတ်တွေအတွက် ကာမိအောင် ငွေစက္ကူတွေကို ဒလဟောထုတ်ယူခဲ့ပါတယ်။ ဒီငွေကြေးဖောင်းပွမှုတွေကို ကာကွယ်ဖို့ နိုင်ငံဘဏ္ဍာတိုက်ထဲက ရှိသမျှရွှေတွေကို ထုတ်ရောင်းပြနေရတာဟာ အရွယ်လွန်မှ ကလေးလိုချင်လို့ လေးဆယ်ကျော်အရွယ်ကို ကေသီပန်တိုက်ပြီး ရာသီသွေးကို ဖိတ်ခေါ်နေတာနဲ့ တူနေပါတယ်။

နေရာအနှံ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှု များပြားလာနေမှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တစ်သက်လုံးအနိုင်ယူလာတဲ့ ထိုးစစ်အစား ပြောက်ကျားစစ်လို့ခေါ်တဲ့ ခံစစ်ကို ပြောင်းလဲကျင့်သုံးလာနေတာဟာ စစ်ရေးအရ စစ်ကောင်စီဘက်က လုံးဝကျရှုံးနေပြီဆိုတာ ပြနေတာဖြစ်ပါတယ်။ နောက်တစ်ချက်က နိုင်ငံအဝှမ်း စစ်ကောင်စီရဲ့ အာဏာစက်ဟာ စစ်ကြောင်းလှည့်နေချိန်၊ စစ်ကြောင်းလှည့်တဲ့ မြို့ပြနေရာတွေလောက်သာ ရှိနေပြီး စစ်ကြောင်းမရှိတော့ရင် အချုပ်အခြာအာဏာလည်း မရှိတော့ပါဘူး။ ဆိုတော့ လက်ရှိအချိန် အာဏာသိမ်း စစ်ကောင်စီတပ်သားတွေဟာ နိုင်သလောက်အချုပ်အခြာအာဏာကို ခေါင်းပေါ်တင်ပြီး ခရီးဆက်နေကြတဲ့သဘောလို့ မြင်ကြည့်လို့ရပါတယ်။

နောက်ထပ်တစ်ချက်က စစ်ပန်းလာပြီး အတုံးအရုံးသေဆုံးနေကြရတဲ့ စစ်ကောင်စီတပ်သားတွေဟာ တော်လှန်ရေးအဖွဲ့တွေထံမှာ အလင်းဝင် လက်နက်ချတာတွေ၊ အချင်းချင်း ဗိုလ်ကျချုပ်ချယ်မှုတွေကို မခံချင်တော့တာကြောင့် အချင်းချင်း ပစ်သတ်တာတွေအထိ တပ်တွင်းစည်းလုံးရေးဟာ လုံးဝနီးပါး ပျက်စီးနေကြပြီဖြစ်ပါတယ်။ နောက်ပြီး တပ်တွင်းအောက်ခြေ ရှေ့တန်းစစ်ကောင်စီတပ်သားတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ သတင်းပို့ပြီး သစ္စာခံနေကြတဲ့အထိ သူတို့အသက်ဘေးက လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံသုံးကာ ကိုယ့်အသက်လွတ်မြောက်ဖို့ ကာကွယ်နေကြရတဲ့အထိ ဆိုးဝါးသွားခဲ့ပါပြီ။

ဒါကြောင့်လည်း စစ်တပ်ခေါင်းဆောင်တွေဟာ သူတို့စစ်သားတွေ ယုံကြည်မှု ပြန်လည်မြင့်တက်လာစေဖို့ ပြည်သူတွေကို နှိပ်ကွက်ခိုင်းတာ၊ ဖမ်းဆီးခိုင်းတာတွေကို နိုင်ငံအဝှမ်းပြုလုပ်လာတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေကို ရေရှည်ဆက်လုပ်နေပါက မြို့ပြပြောက်ကျားတွေ ဒီထက်ပေါ်လာစေပြီး စစ်ကောင်စီရဲ့လူတွေကို ပိုမိုသတ်ဖြတ်တာတွေကို လုပ်ဆောင်လာဖို့ လမ်းကြောင်းပေးတာနဲ့ အတူတူသာဖြစ်ပါလိမ့်မယ်။

စစ်ကောင်စီနဲ့ နိုင်ငံတကာဆက်ဆံရေး

ဒီကဏ္ဍကတော့ အထွေအထူးတောင် စာရေးသူပြောဆို့ဖို့ မလိုအပ်တော့ပါဘူး။ ၂၀၂၁ ခုနှစ်ကပြုလုပ်ခဲ့တဲ့ အာဏာသိမ်းပြီး ပထမဆုံးနဲ့ နောက်ဆုံးတစ်ကြိမ်တက်ရောက်ဖူးတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ တန်းတူထိုင်ခွင့် မရခဲ့တဲ့အထိ နိုင်ငံတကာဆက်ဆံရေးမှာ အပယ်ခံဖြစ်ခဲ့ရပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို အဆက်ဆက် ကာကွယ်ပေးလာခဲ့တဲ့ အိမ်နီးချင်းတရုတ်ကလည်း အာဏာသိမ်းယူခဲ့တဲ့အတွက် သူ့အကျိုးစီးပွား များစွာပျက်စီးခဲ့ရလို့ စစ်ကောင်စီကို လူရာသွင်း မဆက်ဆံချင်တာကို တွေ့ရပါတယ်။ ဒါဟာ အရင်အဆက်ဆက် နိုင်ငံအာဏာကိုသိမ်းယူခဲ့ဖူးတဲ့ စစ်အာဏာရှင် သူ့နောင်တော်တွေလို မစွမ်းဆောင်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ သူ့ကို ထောက်ခံပေးမယ့်နိုင်ငံကို ရှာဖွေရင်း ယူကရိန်းကို စစ်ရေးကျူးကျော်တာကြောင့် အနောက်နိုင်ငံတွေရဲ့အံဖတ်ဖြစ်နေတဲ့ ရုရှားနဲ့ ရွှေလမ်းငွေလမ်း ဖောက်နေပေမယ့် ရုရှားဟာ သူ့ဝမ်းသူမနိုင်လို့ တောတိုးနေရတဲ့အချိန်လည်း ဖြစ်နေပါတယ်။

စစ်ကောင်စီဟာ ငွေကြေးဖောင်းပွမှုတွေကို ကာကွယ်ဖို့ နိုင်ငံ့ဘဏ္ဍာတိုက်ထဲက ရှိသမျှရွှေတွေ အကုန်ထုတ်ရောင်းလို့ ဒီတစ်လနှစ်လအတွင်း ငွေဈေးအနည်းငယ် ငြိမ်သက်နေပေမယ့် နောက်တစ်ခေါက် တရားမဝင် ငွေစက္ကူတွေထပ်မံရိုက်နှိပ်ပြီး မကြာခင်ပြန်သုံးလာရမှာ သေချာပါတယ်။ ဆိုတော့ ငွေကြေးဖေါင်းပွမှုက မကြာခင် ပြန်ပေါ်လာမှာဖြစ်ပါတယ်။ နောက်ထပ် စစ်ကောင်စီရဲ့ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းပေးနေတာကတော့ သဘာဝဓာတ်ငွေ့ကရတဲ့ ငွေတွေဖြစ်ပါတယ်။ ဒီငွေတွေကြောင့် အနည်းငယ် ခုခံနိုင်ပေမယ့် ဒါကို ရေရှည်ထိန်းထားဖို့ အလွန်ခက်ခဲလာမှာ သေချာပါတယ်။ ရေနံဈေး ပြန်ကျတာနဲ့အမျှ ဒီငွေတွေက လျော့ကျလာမှာပါ။

နိဂုံး

စစ်ကောင်စီအတွက် ဘက်ပေါင်းစုံက ရှုံးနိမ့်နေတဲ့ ဒီအချိန်ဟာ အာဏာရှင်တော်လှန်ရေးသမားတွေဘက်က စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဖိအားပေးရမှာဖြစ်သလို ဟန်ချက်ညီတဲ့ စစ်အာဏာရှင်စနစ်က လွတ်မြောက်ရေးသို့ ပြိုင်တူချီတက်သင့်တဲ့အချိန်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံဟာ ဥရောပနဲ့ အမေရိကန်တို့အတွက် မဟာဗျူဟာမြောက် နေရာမဟုတ်တဲ့အတွက် အမေရိကန်လို နိုင်ငံအနေနဲ့လည်း တော်လှန်ရေးအတွက် သိပ်အများကြီး မကူညီပါဘူး။ လိုအပ်ရင် လူသားချင်းစာနာထောက်ထားရေးအတွက်လောက်သာ ကူပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာရဲ့အားကို သိပ်အများကြီး ယုံကြည်မထားသင့်ပါဘူး။

ဒီတော်လှန်ရေးသမားတွေ အနေနဲ့လည်း ဒီတော်လှန်ရေးကြီးပြီးသွားလို့ အသီးသီးလွတ်မြောက်သွားခဲ့ရင် မြန်မာဆိုတဲ့ အမည်တုနာမည်ကို မက်မောနေစရာမလိုတော့သလို လိုအပ်ချက်အရ နိုင်ငံအသစ်တွေ ဖြစ်ပေါ်လာခဲ့ရင်လည်း အားလုံးလက်ခံနားလည်ပေးကြရပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် အာဏာရှင်လက်အောက်က လွတ်မြောက်ခဲ့ရင် လူမျိုး၊ ဒေသဖွံ့ဖြိုးရေး အသီးသီးက တာဝန်ယူကြရမှာပါ။

မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယကြားမှာ အကျိုးစီးပွားအရ ရပ်တည်ကြရမှာဖြစ်သလို ဒီနှစ်နိုင်ငံဟာလည်း နိုင်တဲ့ဘက်က ရပ်ကြပါလိမ့်မယ်။ ဒါကြောင့် ဒီတော်လှန်ရေးအောင်ပွဲသည်သာ အရေးအကြီးဆုံးဖြစ်ပြီး ဒီနိုင်ငံတော်လှန်ရေးသမားတွေ ဒီအချိန်မှာ ဟန်ချက်ညီဖို့သာ အဓိကဖြစ်ပါတယ်။ အခုစစ်ကောင်စီရဲ့ အားနည်းလာမှုနဲ့ နယ်မြေစွန့်လွှတ်လာရမှုတွေကို ခိုင်မာတဲ့ အမျိုးသားတော်လှန်ရေးအောင်ပွဲအဖြစ် ဟန်ချက်ညီညီ ချီတက်ခြင်းဖြင့်သာလျှင် အမျိုးသားလွတ်မြောက်ရေး၊ စစ်အာဏာရှင်ကျရှုံးရေးအတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်ပါလိမ့်မယ်။

မောင်ခိုင်ထွန်း(ပြည်သစ်) - ရေးသည်

(ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

ဗီဒီယိုများ