- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
- ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
- စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ
အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအတိုင်း ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်များက ကောကရိတ်အနီးတွင် ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်။
25 Jun 2025

DMG ၊ ဇွန် ၂၅
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ လက်ကျန်တပ်စခန်းများသို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသဖြင့် တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအတိုင်း ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်များက ကောကရိတ်အနီးတွင် ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်။
"လောလောဆယ်တော့ လက်ကျန်စခန်းတွေကို ထိုးစစ်မဆင်သေးဘူး။ စစ်ကောင်စီကတော့ လက်ကျန်စခန်းတွေကို ကော့ကရိတ် အာရှလမ်းတစ်လျောက်ကနေ အင်အားဖြည့်ဖို့ ကြိုးစားနေပေမယ့် ရှေ့တိုးမရောက်နိုင်ဘူး။ လက်ကျန်စခန်းတွေက ပိတ်မိသွားပြီ" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ ဥကရစ်ထ၊ ဝေါလေဗျူဟာနှင့် တီသဲလယ်တပ်စခန်း သုံးခုသာကျန်ရှိတော့ပြီး စစ်ကောင်စီက ထိုစခန်းများမကျရေး မြေပြင်မှတစ်ဆင့် အင်အားဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
စစ်ကောင်စီသည် မြေပြင်စစ်ကူစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံနေရသဖြင့် လေကြောင်းမှတစ်ဆင့် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ ဖြည့်တင်းပေးလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
"အရင်တုန်းက KNU ဌာနချုပ်တွေ တပ်စွဲခဲ့တဲ့ မာနယ်ပလောတို့၊ ထီးကပလယ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေက စစ်တပ်လက်ထဲ ပြန်ပေးလိုက်ရတဲ့အတွက် ကရင်တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ အဲစခန်းတွေကို မရရအောင် တိုက်မယ့်သဘောရှိတယ်။ ကျန်တဲ့စခန်း ၃ ခုလည်း မကြာခင် ထိုးစစ်ဆင်မယ်ထင်ပါတယ်" ဟု မြေပြင်စစ်ရေး အခြေအနေသိရှိသူ ကရင်လူငယ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းကြီးများထဲမှ ထီးကပလယ်စခန်းကို KNLA ပူးပေါင်းတပ်တို့က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း တော်လှန်ရေးတပ်များဘက်မှ ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်တကြောတွင် စစ်ကောင်စီ၏တပ်စခန်းပေါင်း ၁၆ ခုရှိသည့်အနက် ၁၃ ခုကို KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုမကျန်အောင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်စပ်ဒေသ တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းသွားမည်ဟု KNU ဘက်က ပြောဆိုထားသည်။