မြန်မာ့ပဋိပက္ခကြားက ရက္ခိုင့်တပ်တော်ဦးဆောင်မှုနှင့် ရခိုင်ပြည်အနာဂတ်

ရခိုင်ပြည်နယ်အတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု များစွာရှိနေသလို အင်အားကြီး အိန္ဒိယ နိုင်ငံရဲ့ မြှုပ်နှံမှုတွေပါ ရှိနေပါတယ်။ ပထဝီနိုင်ငံရေးအရ ရခိုင်ပြည်နယ်ဟာ ပင်လယ်ထွက်ပေါက်နေရာဖြစ်တဲ့အတွက် စစ်အင် အား၊ စီပွားရေးအင်အား တောင့်တင်းလာတဲ့ တရုတ်အတွက် အရေးပါသလို အိန္ဒိယအတွက်လည်း နယ်နိမိတ် အားဖြင့်ရော စီပွားရေးအရပါ အလွန်အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းကို လက်ဦးမှု ရယူထားနိုင်တဲ့ တရုတ်ဟာ အခုကိုဗစ်ကာလမှာတင် ကျောက်ဖြူအတွင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တည်ဆောက်ပြီးစီးထားတာကို တွေ့ရပါတယ်။

By မင်းထီး 13 Aug 2021

DMG ၊ ဩဂုတ် ၁၃
မင်းထီးရေးသားသည်။

နိုင်ငံတော်အာဏာကို (၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့က) သိမ်းယူလိုက်တဲ့ မြန်မာနိုင်ငံစစ်တပ်ဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) နဲ့ ခြောက်လကျော်ကြာ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ၂၀၂၁ ဩဂုတ်လ ၁ ရက်နေ့မှာ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နောက်ထပ် နှစ်နှစ်ထိ ဆက်လက်တာဝန်ယူမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် (နိုင်ငံတော်ဝန်ကြီးချုပ်က) အာဏာသိမ်း ခြောက်လပြည့် ပြည်သူသို့ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာကိုတွေ့ ရပါတယ်။

မြန်မာနိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၇) အရ နိုင်ငံတော်၏အာဏာကို လွှဲပြောင်းရယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံအာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဆန့်ကျင့်ခဲ့ကြတဲ့ ပြည်သူကိုးရာကျော် သေဆုံးခဲ့ရပြီး လူပေါင်း ခုနစ်ထောင်ကျော် ဖမ်းဆီးခံထားရကြောင်းလည်း မြန်မာနိုင်ငံ အကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) က ထုတ်ပြန်ကြေညာထားပါတယ်။ ဒီထုတ်ပြန်ချက်ကိုတော့ အာဏာသိမ်းစစ်ကောင်စီဘက်က လက်ခံခဲ့တာကို မတွေ့ရပါဘူး။

စစ်ကောင်စီဟာ အိမ်စောင့်အစိုးရအဖြစ်ကြေညာခဲ့ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ခန့်အပ် တာဝန်ပေးအပ်ထားပြီးပြီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရေးတစ်ကြီးဖြေရှင်းဖို့လိုအပ်နေတဲ့ ငြိမ်းချမ်း ရေးနဲ့ ထိုးဆင်းလာတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာမျိုးတော့ (နစက-ဥက္ကဌ ) ကနေ ဖြစ်လာတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က ထုတ်ဖေါ်ပြောဆိုတာမျိုးတော့ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံ အာဏာသိမ်းမှုကို လက်ခံပြီး အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ အိမ်နီးချင်းနိုင်ငံတွေ တွန့်တိုနေချိန်မှာ ခေတ်အဆက်ဆက် မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အကူအညီကိုတော့ စစ်ကောင်စီကလည်းရရှိခဲ့သလို လက်ရှိအသစ်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရအဖွဲ့ အတွက်လည်း မဟာမိတ်အဖြစ်တည်ရှိနေမှာ သေချာပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လုံခြုံရေး မော်စကိုကွန်ဖရင့်သို့ တက်ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဓာတ်ပုံ - AFP)

တရုတ်အစိုးရရဲ့ မဟာအိမ်မက်ဖြစ်တဲ့ ခါးပတ်လမ်းစီမံကိန်း (BRI- Belt and Road Initiative) အကြောင်းကို မြန်မာစစ်တပ်ပိုင် မြဝတီသတင်းဌာနက ဝါဒဖြန့် ထုတ်လွှင့်နေတာကို ကြည့်ခြင်းအားဖြင့် တရုတ်အပေါ် စစ်ကောင်စီ (သို့မဟုတ်) အိမ်စောင့်အစိုးရရဲ့ မှီခိုလိုမှုကို မြင်တွေ့နိုင်ပါတယ်။

တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်းရဲ့ အဓိက အရေးအပါဆုံးနေရာဟာ ရခိုင်ပြည်ဖြစ်သလို လက်ရှိမှာလည်း ရခိုင်ပြည်အတွင်း တရုတ်ရဲ့ ရေနံတင်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံသိုလှောင်ကန်နဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းစတဲ့ တရုတ်နိုင်ငံရဲ့ စွန်းအင်အတွက် အလွန်အရေးပါတဲ့ စီမံကိန်းတွေက ရခိုင်ပြည်နယ်မှာ တည်ဆောက် လည်ပတ်နေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ တစ်ခြားပြည်နယ်တွေထက် ထူးခြားတဲ့ ပဋိပက္ခတွေ ရှိနေတဲ့နေရာ ဖြစ်သလို ပြည်ပရင်းနှီးမြှုတ်နှံမှုများက ပြည်ထောင်စုအတွက် နှစ်စဉ်ဝင်ငွေ ဘီလီယံချီ ရှာပေးနေတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု များစွာရှိနေသလို အင်အားကြီး အိန္ဒိယ နိုင်ငံရဲ့ မြှုပ်နှံမှုတွေပါ ရှိနေပါတယ်။ ပထဝီနိုင်ငံရေးအရ ရခိုင်ပြည်နယ်ဟာ ပင်လယ်ထွက်ပေါက်နေရာဖြစ်တဲ့အတွက် စစ်အင်အား၊ စီပွားရေးအင်အား တောင့်တင်းလာတဲ့ တရုတ်အတွက် အရေးပါသလို အိန္ဒိယအတွက်လည်း နယ်နိမိတ် အားဖြင့်ရော စီပွားရေးအရပါ အလွန်အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းကို လက်ဦးမှု ရယူထားနိုင်တဲ့ တရုတ်ဟာ အခုကိုဗစ်ကာလမှာတင် ကျောက်ဖြူအတွင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တည်ဆောက်ပြီးစီးထားတာကို တွေ့ရပါတယ်။

ဒါဟာ ကမ္ဘာ့အတိုင်းအတာနဲ့ တစ်ဟုန်ထိုးဖွံ့ဖြိုးလာနေတဲ့ တရုတ်နိုင်ငံအတွက် ရခိုင်ပြည်နယ်ဟာ အလွန်အ ရေးပါကြောင်း ဖေါ်ပြနေတာလည်းဖြစ်ပါတယ်။ တရုတ်ရဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်းမှာ ရခိုင်ဒေသ ဖွံ့ဖြိုး လာမလားဆိုတာကတော့ မြန်မာနိုင်ငံရေးမူဝါဒတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။ နဂိုကတည်းက အခွင့် အရေးတွေကို လေးစားလိုက်နာမှု အားနည်းပြီး ပဋိပက္ခတွေကြား အမြတ်ထုတ်တတ်တဲ့ တရုတ်ကတော့ သူ့မူ ဝါဒတွေကို ပြန်ပြင်ဖို့ ခက်ခဲနေဦးမှာပါ။

ဒီနိုင်ငံအတွင်း အိမ်နီးချင်းတရုတ်နဲ့ စစ်တပ်ဟာမဟာမိတ် ဆက်ဆံရေးရှိသလို တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကို တွေရပါတယ်။ ဆိုတော့ ကမ္ဘာ့အသိုင်း အဝိုင်းမှာ တရားဝင်ဖြစ်ဖို့ ခက်ခဲနေတဲ့ အိမ်စောင့်အစိုးရဟာ တရုတ်အတွက် ဘာမဆိုစွန့်စားတာလည်း ဖြစ်လာ နိုင်ခြေရှိ တယ်လို့ ဆိုရမှာပါ။ အရပ်သားအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ဆက်ဆံရေး အားပျော့တဲ့ နောက်ဘက်ကျားကြီးကတော့ လက်ရှိအချိန်ထိငြိမ်နေဆဲလို့ဆိုပေမယ့် ကုန်ခဲ့တဲ့အပတ်က မြန်မာနိုင်ငံအတွင်း ဆူပူမှုဖြစ်လာစေမယ့် လုပ်ဆောင်မှုမျိုးကို လက်မခံကြောင်း အကြောင်းအရာမရှိ ထုတ်ဖော် ပြောဆိုတာ တစ်ခုကိုတွေ့ရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၂၀၁၉ ခုနှစ် ဧပြီလက ဘေကျင်းတွင်တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Reuters)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရင်းနှီးမြှုတ်နှံမှုကို အဓိကလုပ်ဆောင်ထားပြီး အိန္ဒိယပြည်မကနေ တိုက်ရိုက် ဆက်သွယ်ဖို့ဆက်ခဲတဲ့ မောင်နှမခုနစ်ဖေါ် သို့ကုန်စည်စီဆင်းရေးနဲ့ အာစီယံဈေးကွက်သို့ ကုန်စည်စီးဆင်းရေး အတွက် စစ်တွေမြို့မှာ ကုလားတန်စီမံကိန်းကို အကောင်အထည်ဖေါ် လုပ်ဆောင်ထားပါတယ်။ ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေးတစ်စိတ်တစ်ပိုင်း ဖြစ်သလို ပြိုင်ဖက် နဂါးကြီးရဲ့ သမုဒ္ဒရာထွက်ပေါက် ကစားကွက် ကို စောင့်ကြည့်ဖို့လည်း ပါဝင်ပါတယ်။ ဒါကြောင့်အိန္ဒိယ အနေနဲ့လည်း အိမ်စောင့်အစိုးရကို ပုံစံတစ်မျိုးနဲ့ ဆက်ဆံရေး တည်ဆေက်ထားမှာဖြစ်ပြီး လုံးဝပိတ်ဆို့ထားဖို့တော့ သူ့အကျိုးစီးပွားအတွက် မဖြစ်နိုင်ပါဘူး။

တစ်ဖက်မှာ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးရပ်တည် ချက်ဟာ သီခြားဆန်တဲ့ မော်ဒယ်ပုံစံနဲ့ ရပ်တည်လာတာကိုတွေ့ရပါတယ်။ ကွန်ဖက်ဒရိုက်ကို ကြွေးကြော် ထားတဲ့ ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်အတွင်း နှစ်နှစ်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရပ်တန့်ထားပြီးနောက်  ရခိုင်ပြည်ကို နိုင်ငံရေးအရ ဦးဆောင်ထားတာကို တွေ့ရပါတယ်။ ရခိုင်ပြည်အတွင်း စစ်ကောင်စီဘက်က လုပ် ဆောင်မှုရှိတယ်ဆိုပေမယ့် ရခိုင်ပြည်အုပ်ချုပ်ရေး ယန္တရားဟာ အသက်ဝင်မှုနည်းပါးသွားတယ် လို့ဆိုရမှာပါ။

အိမ်စောင့်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကိုရယူထားတာမှန်ရင် နှစ်နှစ်အတွင်း ရွေးကောက် ပွဲ လုပ်ဆောင်ပြီး အနိုင်ရအစိုးရကို နိုင်ငံတော်အာဏာကို အပ်နှင်းရမှာပါ။ သို့သော်လည်း ရွေးကောက်ပွဲ ပြင် ဆင်ကာလ ခြောက်လကိုထည့်ပေါင်းလိုက်ပြီး နှစ်နှစ်ခွဲပြည့်ပါက အပ်နှင်းမည်ဖြစ်ကြောင်း မြန်မာစစ်တပ် ခေါင်းဆောင် အိမ်စောင့်အစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်ကကြေညာ ထားတာကိုတွေ့ရပါတယ်။ ဒါဟာ ခြေဥနဲ့ ညီ၊ မညီကတော့ အငြင်းပွားရမယ့်ကိစ္စဖြစ်လို့ ထားလိုက်ပါ။

ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖယ်ဒရာယ်နိုင်ငံသစ်တည်ဆောက်ရေးကိစ္စတွေကို လုပ်ဆောင်နိုင်ရင် မြန်မာစစ်တပ် အပါအဝင် အိမ်စောင့်အစိုးရဟာ နိုင်ငံရဲ့လှပတဲ့ မော်ကွန်းကို ရေးထိုးသွားနိုင်မှာပါ။ ပြည်မက လက်ရှိဖြစ်ပွား နေတဲ့ ပဋိပက္ခအပါအဝင် ပြည်နယ်လူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို အဆုံးသတ်ဖို့ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရေး မော်ဒယ်တစ်ခုကိုကို ရေးဆွဲဖို့လိုပါလိမ္မယ်။ ဒါဟာ လက်ရှိအချိန်အထိတော့ ပြည်သူတွေအတွက် အိမ်မက်သာဖြစ်ပြီး Lose-Lose (နှစ်ဖက်ဆုံးရှုံးရတဲ့) နာတာရှည်ပြည်တွင်းစစ်ကို ဆက်တိုက်ကြမလား၊ ငြိမ်းချမ်း ရေးတည်ဆောက်ပြီး အနာဂတ်ဖွံ့ဖြိုးရေးကို တည်ဆောက်ကြမလားဆိုတာကတော့  အိမ်စောင့်အစိုးရအပေါ် မူတည်မယ်လို့မြင်ပါတယ်။

စီးပွားရေးစင်္ကြ ံအတွက် မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်များ (ဓာတ်ပုံ - Asian Nikkei)

ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုသို့ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုကနေ နှစ်စဉ်ဒေါ်လာဘီလီယံချီရှာဖွေပေးနေတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ တရုတ်ရဲ့ BRI ပင်မလမ်းကြောင်းထဲမှာ ရခိုင်ပြည်၊ ရှမ်းပြည်၊ မန္တလေးနဲ့ မကွေးတိုင်းတို့က အဓိကပါဝင်မှာဖြစ်သလို လက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ ပင်မလမ်းကြောင်းလည်း ဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံရေးမှာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒကို ကျင်သုံးတဲ့ နိုင်ငံအဖြစ် ထင်ရှားပါတယ်။

တရုတ်နိုင်ငံဟာ သူ့အကျိုးစီးပွားအတွက် မြန်မာစစ်တပ်နဲ့သာသင့်မြတ်တဲ့ ဆက်ဆံရေးကို ထူးထောင်ထား တာမျိုး မဟုတ်ဘဲ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့နဲ့လည်း နွေးထွေးတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ရခိုင်ပြည်ဟာ မြန်မာနိုင်ငံအတွင်း တစ်ခြားဒေသတွေနဲ့မတူတဲ့ ပဋိပက္ခရှိသလို အကျိုးစီး ပွားလည်းရှိတဲ့ ပထဝီနယ်မြေကို ပိုင်ထားတာပါ။ ဒါကြောင့်လည်း ရက္ခိုင့်တပ်တော်ကို ရခိုင်ပြည်မှာမရှိစေရေး မူကိုကိုင်စွဲကာ မြန်မာစစ်တပ်က နှစ်နှစ်တိတိထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

သို့သော်လည်း ရခိုင်လူထု ထောက်ခံမှုအပြည်အဝရထားတဲ့ ရက္ခိုင့်တပ်တော်ဟာ အရှိန်အဟုန်ပြင်းစွာနဲ့ အင် အားကြီးထွားလာနေတာကိုတွေ့မြင်ရပါတယ်။ လက်ရှိအချိန်မှာ ရက္ခိုင့်တပ်တော်ဟာ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့ကို လုပ်ဆောင်နေတာကိုတွေ့ရပြီး ဩဂုတ်လတစ်ရက်နေ့က ရခိုင်ပြည်အတွင်း ပြစ်မှု များကို တိုင်တန်းနိုင်ကြောင်းထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ ရခိုင်ပြည်အတွင်း မြို့နယ်တိုင်းမှာတော့ ရက္ခိုင့်တပ်တော်ရဲ့ တရားရုံးများဖွင့်လှစ်ကာ စစ်ဆေးနေတာတော့ ကြာခဲ့ပြီလို့ဆိုရမှာပါ။

ဒီရခိုင်တပ်တော်က ထုတ်ပြန်လိုက်တဲ့ ဩဂုတ်လ တစ်ရက်နေ့မှာ မြန်မာနိုင်ငံအာဏာသိမ်းစစ်ကောင်စီက အိမ်စောင့်အစိုးရကိုဖွဲ့ စည်းခဲ့ပြီး ပြည်နယ် တိုင်းဒေသကြီး အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေကိုကြေညာ ခဲ့တာကိုတွေ့ရပါတယ်။ ဒီကြေညာချက်နောက်ပိုင်းမှာ ရခိုင်ပြည်နယ် အိမ်စောင့်အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အတွင်း ဧည့်စာရင်းစစ်ရန်၊ ညကင်းလှည့်ရန်တိုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံကို စစ်အာဏာသိမ်းယူခဲ့ ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုးအတာအရ တည်ငြိမ်နေတဲ့ ရခိုင်ပြည်အတွင်း ဘာကြောင့်လုပ်ဆောင်ဖို့လို အပ်သလဲ ဆိုတာစိတ်ဝင်စားစရာပါ။

အစိုးရအဖွဲ့အနေနဲ့ တစ်ခြားလုပ်ဆောင်စရာတွေ များစွာရှိနေတာကို မလုပ်ဆောင်ဘဲ ဧည့်စာရင်းစစ်ဆေးဖို့ ဆုံးဖြတ်တာဟာ တည်ငြိမ်နေတဲ့ ရခိုင်ပြည်အတွက်တော့ စဉ်းစားစရာတစ်ခုလို့မြင်ပါတယ်။ ဒီဆုံးဖြတ်ချက် နောက်ပိုင်း စစ်တပ်က မြို့နယ်တိုင်းမှာ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးတာတွေ၊ ဆိုင်ကယ်၊ ကား စတဲ့ လူစီးယာဉ်တွေကို စစ်ဆေးကြတာကိုတွေ့ရပြီး နေ့ခင်းဘက်တွေမှာ မြို့ပေါ်မှာတင် ကင်းလှည့်တာ ကင်းချထားတာတွေကို တွေ့ရပါတယ်။

ရခိုင်ပြည်ရဲ့အခြေအနေဟာ အိမ်စောင့်အစိုးရအနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကနေ တစ်ဆင့် ရှေ့ဆက်သင့်တဲ့ အခြေအနေလို့ မြင်ပါတယ်။ သို့သော်လည်း စစ်ကောင်စီရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်ငါးချက်ကို အကောင်အထည်ဖေါ် ဆက်လုပ်မယ်လို့ ပြောဆိုထားတဲ့ အိမ်စောင့်အစိုးရဟာ ရှေ့ဆက်လုပ်ငန်းစဉ် မှာပါ ဝင်တဲ့ နံပါတ်လေးအချက်ဖြစ်တဲ့ NCA ကို တတ်နိုင်သမျှ အကောင်အထည်ဖေါ်ဖို့ပြောဆိုထားတာကိုတွေ့ရ ပါတယ်။

AA လေ့ကျင့်ရေးတပ်သားများ (ဓာတ်ပုံ - South Asian Monitor / VOA)

ကွန်ဖက်ဒရိုတ်ကိုကြွေးကြော်ထားတဲ့ ရက္ခိုင့်တပ်တော်အတွက်ကတော့ NCA ဟာ အလုပ်ဖြစ်မယ့်သဘော မရှိပါဘူး။ သယံဇာတ ပေါကြွယ်ပေမဲ့ တစ်နိုင်ငံလုံးမှာ အဆင်းရဲဆုံးအဖြစ်ရပ်တည်နေတဲ့ ရခိုင်ဒေသအ တွက်တော့ သီးခြားရပ်တည်ရေးဟာ ရခိုင်လူထုလိုလားချက် ဖြစ်တာကိုတွေ့ရမှာပါ။ နိုင်ငံတစ်ခု သီးရပ်တည် နိုင်ရေး အတွက်တော့ အချက်လေးချက်နဲ့ ပြည်စုံရမယ်လို့ဆိုပါတယ်။ (၁) တိကျတဲ့ နယ်မြေအပိုင်းအခြားရှိ တာ(၂) အမြဲနေထိုင်တဲ့ လူဦးရေရှိရမယ်၊ (၃) အစိုးရအဖွဲ့အစည်းရှိရမယ်၊ (၄) နိုင်ငံတကာနဲ့ ဆက်သွယ်ထူထောင်နိုင်စွန်း ရှိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်အေးခေတ်နောက်ပိုင်းမှာ နိုင်ငံသစ်များစွာ ပေါ်ထွက်လာခဲ့တာကိုကြည့်ခြင်းအားဖြင့် သမိုင်းအဆက်ဆက် သီးခြားနိုင်ငံအဖြစ်တည်ရှိနေခဲ့တဲ့ ရခိုင်ပြည်ဟာ ဖြစ်မလာနိုင်စရာအကြောင်းတော့ သိပ်မရှိပါဘူး။ သို့သော်လည်း ဗမာအင်ပါယာအောက် နှစ်ပေါင်းများစွာရှိလာခဲ့တဲ့အခြေအနေကနေကျော်ထွက်ဖို့ဆိုတာ စိန်ခေါ်မှုတွေ ရှိနေနိုင်သေးတာတော့အမှန်ဖြစ်မှာပါ။ သီခြားရပ်တည်နိုင်ဖို့ အထက်ပါ  အချက်လေးချက်မှာ နံပါတ်လေး အချက်ဟာ အရေးအကြီးဆုံးဖြစ်မှာပါ။

ရခိုင်ပြည်အတွင်း ရင်းနှီးမြှုတ်နှံမှုအများဆုံးရှိနေတဲ့ တရုတ်နိုင်ငံအနေနဲ့လည်း ရခိုင်ကိုထောက်ခံပြီး ပြည် ထောင်စုအစိုးရကို ကျောခိုင်းဖို့ သူ့အကျိုးစီးပွားအရ ခက်ခဲမှာသေချာပါတယ်။တရုတ်မှာတင် ထိုင်ဝမ်တို့၊ ဟောင်ကောင်တို့ ခွဲထွက်ဖို့ရှိနေတော့ သူ့အနေနဲ့ ရခိုင်ဘက်က မရပ်တည်နိုင်ပါဘူး။ အိမ်နီးချင်းအိန္ဒိယ နိုင်ငံကတော့ အကျိုးစီးပွားအရ မြန်မာပြည်မဒေသနဲ့ သိပ်မရှိပေမဲ့ ရခိုင်ပြည်နဲ့ နယ်နိမိတ်ချင်းထိစပ်မှုရှိ ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံ ပေါ်ထွက်လာအောင်လုပ်ဆောင်ဖူးတဲ့ သမိုင်းကြောင်းလည်းရှိနေပါတယ်။ သို့သော် ခေတ်အဆက်ဆက် ရခိုင်တော်လှန်ရေးကိုတော့ မထောက်ခံခဲ့သေးပါဘူး။

နောက်အုပ်စုတစ်ခုက အင်ဒိုပစီဖိတ်ဒေသ လွပ်လပ်၊ပွင့်လင်း၊ငြိမ်းချမ်းရေးကို ကြွေးကြော်ထားတဲ့ ကမ္ဘာ့အင်အားကြီး လေးနိုင်ငံ (QUAD) အုပ်စုကလည်း ရခိုင်ပြည်အတွက် စဉ်စားရမဲ့အထဲမှာ ရှိပါတယ်။ တရုတ်ရဲ့ မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ QUAD အုပ်စုနဲ့ ရခိုင်ပြည်ဟာ နယ်နိမိတ်အားဖြင့် ထိစပ်မှုရှိနေပါတယ်။ ခြွင်းချက် အနေနဲ့တော့ တရုတ်နဲ့ ထိပ်တိုက်တွေ့ နိုင်မှုကိုတော့ သူတို့လည်း ရှောင်ကောင်းရှောင်နိုင်ပါတယ်။ မကြာခင်မှာရခိုင်ဟာ တရုတ်ရဲ့အကျိုးစီးပွားစုပြုံရာ နယ်မြေဖြစ်လာတော့မှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနာ့ဖ်ဒေသရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြသော မွတ်ဆလင်ဒုက္ခသည်များအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (AFP/Dibyangshu Sarkar)

နောက်ဆုံးတစ်ခုကတော့ OIC နိုင်ငံအစုအဖွဲ့ဖြစ်ပါတယ်။ ရခိုင်ပြည်အတွင်း မူဆင်များအရေးကို အမြဲအာရုံ စိုက်နေသူတွေဖြစ်လို့ ပဋိပက္ခကိုလျှော့ချဖို့နဲ့ ရခိုင်ပြည်အတွင်း သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးကို အာရုံ စိုက်နေသူတွေဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်ရဲ့နိုင်ငံရေးဟာ သီးသန့်ဆန်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေက ညင်သာတဲ့ အပြောင်းအလဲကို ရှာဖွေသင့်တယ်လို့မြင်ပါတယ်။ ရခိုင့်နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်းကိုပါ ရခိုင် တစ်ပြည်လုံးကို ဦးဆောင်ထားတဲ့ ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုဟာ ရခိုင်ပြည်ကို ပြန်လည်ရယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြင်ပါတယ်။

မင်းထီးရေးသားသည်။

ဗီဒီယိုများ