ရွှေကိုမလို မြေကိုလိုသည်

“ဝယ်တဲ့လူတွေက လမ်းမထက်မှာလိုချင်တဲ့အခါကျတော့ ကာလပေါက်ဈေးထက် အပိုပေးပြီးဝယ်ကြတယ်။ နောက်ပိုင်းကျ ဘေးအိမ်ကလူတွေက ငါတို့အိမ်က နည်းနည်းပိုကောင်းတော့ ခြောက်ထောင်ရမှဖြစ်မယ်။ ခြောက်ထောင်နဲ့ဝယ်တဲ့လူက ရောင်းတဲ့အခါ ခုနှစ်ထောင်ရမှဖြစ်မယ်။ အဲဒီလိုနဲ့ဖြစ်သွားတာပါ” ဟု ဒေါ်ခိုင်သီတာစောက ဆိုသည်။

07 Oct 2021

DMG ၊ အောက်တိုဘာ ၇

(ဆောင်းပါး)

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့မှ မြေကွက်ဈေးနှုန်းများမှာ ထိတ်လန့်စရာကောင်းလောက်အောင် တန်ဖိုးကြီးမား လာနေသည်။ စစ်တွေမြို့၏ မြို့ပေါ်ရပ်ကွက်များမှ မြေဈေးများသာမက မြို့ပြင်နေရာများမှာပါ မြေဈေးများ ထိုးထောင်တက်လျက်ရှိနေသည်။

အဆိုပါမြေဈေးများမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကနေ တရစပ်မြင့်တက်လာခြင်းလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ်က (၄၀×၆၀)ပေ မြေတစ်ကွက်လျှင် ငွေကျပ်သိန်းတစ်ထောင်ကျော်ရှိခဲ့ရာမှာ ၂၀၂၀ ခုနှစ်တွင် သိန်းသုံးထောင်ကျော်အထိ ဈေးခေါ် ရောင်းချမှုများရှိခဲ့သည်။

စစ်တွေမြို့၏ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရူပမြောက်၊ ရူပတောင်၊ မိဇံ၊ ပြည်တော်သာ၊ ဘောက်သီးစု၊ ကျောင်းတက်လမ်း၊ တရားသီးစု၊ မြို့သူကြီး၊ မောလိပ်၊ စံပြ စသည့်ရပ်ကွက်များမှ မြေကွက်များမှာ အမြင့်ဆုံးဈေးကို ခေါ်ယူထားကြသည်။
အိမ်ခြံမြေများ ဈေးတက်လာရခြင်း

ယခုကဲ့သို့ အိမ်ခြံမြေဈေးများ အဆမတန်မြင့်တက်လာခြင်းမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများလာသည်နှင့်အမျှ မြေကွက်ဝယ်ယူမှုအပေါ်တွင် မြေပိုင်ရှင်များဘက်မှ ဈေးကစားလာရာမှ စတင်မြင့်တက်လာခြင်းဖြစ်သည်ဟု ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ(REIC)၏ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက သုံးသပ်သည်။

“ကျနော်အမြင်ကိုပြောရမယ်ဆိုရင် တိုက်ပွဲဖြစ်တဲ့ဒေသခံတွေက သူတို့နေရာမှာ မနေရဲတဲ့အတွက် စစ်တွေမြို့ပေါ်ကို ခိုလှုံလာကြတာပေါ့နော်။ အဲဒါကြောင့် မြေကွက်ပိုင်ရှင်တွေက ဈေးတွေ တိုးတောင်းလာကြတယ်လို့မြင်တယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာဆန်းအထိ ၂ နှစ်ခန့်ကြာအောင် မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာနေရာများမှ ဒေသခံပြည်သူ ၂ သိန်းခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူများမှာ စစ်ဘေးရှောင်စခန်းများနှင့် ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေထိုင်ခဲ့ကြပြီး အချို့ကမူ စစ်တွေမြို့တွင်အခြေချရန်ဆုံးဖြတ်ကာ အိမ်ခြံမြေဝယ်ယူနေထိုင်သူများလည်းရှိခဲ့သည်။ ထို့ကြောင့် စစ်တွေမြို့၏ အိမ်ခြံမြေဈေးနှုန်းမြင့်တက်ရသည့် အကြောင်းရင်းများထဲတွင် တိုက်ပွဲ၏ အကျိုးသက်ရောက်မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

“အစော” အိမ်ခြံမြေရောင်းဝယ်ရေးမှ ဒေါ်ခိုင်သီတာစောကမူ အိမ်ယာဝယ်ယူသူများမှာ လမ်းမကြီးနှင့်ကပ်လျက်ရှိသည့် နေအိမ်များကိုဝယ်လိုကြသဖြင့် ငွေကြေးချမ်းသာသူများမှ ဈေးအဆမတန်ပေးဝယ်ကြရာမှ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်ဟု ပြောသည်။

“ဝယ်တဲ့လူတွေက လမ်းမထက်မှာလိုချင်တဲ့အခါကျတော့ ကာလပေါက်ဈေးထက် အပိုပေးပြီးဝယ်ကြတယ်။ နောက်ပိုင်းကျ ဘေးအိမ်ကလူတွေက ငါတို့အိမ်က နည်းနည်းပိုကောင်းတော့ ခြောက်ထောင်ရမှဖြစ်မယ်။ ခြောက်ထောင်နဲ့ဝယ်တဲ့လူက ရောင်းတဲ့အခါ ခုနှစ်ထောင်ရမှဖြစ်မယ်။ အဲဒီလိုနဲ့ဖြစ်သွားတာပါ” ဟု ဒေါ်ခိုင်သီတာစောက ဆိုသည်။

စီးပွားရေးအဆင်ပြေသည့် စစ်တွေမြို့ခံများမှာ ရန်ကုန်မြို့ကဲ့သို့နေရာများတွင် အခြေချရန်ပြောင်းရွှေ့သွားကြခြင်းနှင့် ရခိုင်ပြည်နယ်အတွင်းမှ ကျေးလက်ဒေသများမှ စစ်တွေမြို့တွင်အခြေချနေထိုင်ရန် ပြောင်းရွှေ့လာသူများပြားလာခြင်းကြောင့် အိမ်ခြံမြေများအရောင်းအဝယ် ပိုမိုဖြစ်စေခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အိမ်ခြံမြေဈေးများ ထိုးတက်နေခြင်းအား ထိန်းချုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခက်အခဲရှိကြောင်း ယခင် NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းမှုနှင့် စစ်တွေမြို့ အိမ်ခြံမြေဈေး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့ပြီး ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် တော်လှန်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

ထို့ကြောင့် ရန်ကုန်ရောက်ရခိုင်များနှင့် အခြားနေရာများတွင်ရောက်ရှိအခြေချနေကြသည့် ရခိုင်တိုင်းရင်းသားတို့မှာ ပစ်ခတ်သံများငြိမ်သက်ကာ တည်ငြိမ်နေသည့် ရခိုင်ပြည်သို့ပြန်လာကာ အခြေချနေထိုင်ရန် ကြိုးပမ်းလာကြပြန်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တွေမြို့ရှိ တည်ခိုးခန်းများ၊ တိုက်ခန်းများနှင့် ငှားရမ်းသည့်နေအိမ်များတွင် လူပြည့်သွားသည့်အနေအထားအထိ ရခိုင်ပြည်သို့ပြန်လာသူ များခဲ့သည်။ ယင်းသို့ ပြည်မဘက်ရောက်ရှိနေသည့်ရခိုင်များ နေရပ်ပြန်လာခြင်းကြောင့် စစ်တွေမြို့မှ အိမ်ခြံမြေဈေးများ တက်လာကြပြန်သည်။

ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ(REIC)၏ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက “NUG က D Day ဆိုပြီးတော့ ပြည်သူ့တော်လှန်ရေးလုပ်လိုက်တာကြောင့် ဗမာပြည်ဖက်မှာရှိနေတဲ့ ရခိုင်ကလူတွေက အဲဒီဖက်မှာ မငြိမ်မသက်ဖြစ်ပြီးတော့ ဒီမှာရှိတဲ့ ကိုယ့်ဆွေးမျိုးတွေနဲ့ပြောပြီးတော့ နေရာတွေဝယ်လာနိုင်တယ်ပေါ့၊ အဲဒီလို အခြေအနေမျိုးမှာကျတော့လည်း ရောင်းမယ့်လူတွေကတော့ ဈေးရချင်တဲ့အတွက်ကြောင့် ဈေးတင်တာလည်း ရှိလာနိုင်ပါတယ်”ဟု ဆိုသည်။

စစ်တွေမြို့ အိမ်ခြံမြေရောင်းဝယ်ရေး

ကိုဗစ်ကြောင့်အထိနာခဲ့သည့် စစ်တွေမြို့မှ အိမ်ခြံမြေဈေးကွက်အခြေအနေမှာ ယခုနိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ဦးမော့လာနိုင်ချေမရှိတော့ကြောင်း Shwe Property တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သည့် ဦးကောင်းသူဝင်းက ပြောဆိုသည်။

လက်ရှိစစ်တွေမြို့တွင် အိမ်ခြံမြေများကို အမြင့်ဆုံးဈေးများတောင်းထားကြသော်လည်း အရောင်းအဝယ်နှေးကွေးလျက် ရှိနေသည်။ သိန်းတစ်သောင်းအထိဈေးခေါ်ထားသည့် အိမ်ခြံမြေများကမူ အရောင်းအဝယ်မရှိသလောက်ပင်ဖြစ်သည်။ အိမ်ခြံမြေအကျိုးဆောင်များကမူ ၂၀၂၀ ခုနှစ်မှစ၍ စစ်တွေမြို့တွင် အိမ်ခြံမြေအရောင်းအဝယ်များ ကျဆင်းသွားခဲ့ကြောင်း ပြောသည်။

အိမ်ခြံမြေရောင်းဝယ်ရေးဆောင်ရွက်နေသူ ဦးစံရှားအောင်က “အရောင်းအဝယ်က မဖြစ်ပါဘူး။ အော်တော့ အော်နေကြတာ ပါပဲ။ ဈေးကတော့ ဟိုလိုတောင်းဒီလိုတောင်း အော်နေကြတာပါပဲ” ဟု ဆိုသည်။

လတ်တလောတွင် စစ်တွေမြို့ ဆတ်ရိုးကျနှင့် ကယ်ဆယ်ရေးရပ်ကွက်များရှိ သိန်းတစ်ရာဝန်းကျင် အိမ်ခြံမြေအနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

“ဈေးထောင်ကျော်ရင်တော့ အရောင်းအဝယ်မဖြစ်ပါဘူး” ဟု ဦးစံရှားအောင်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဘဏ်လုပ်ငန်းများ ငွေကြေးလည်ပတ်မှုအခက်အခဲဖြစ်ကာ ငွေထုတ်ယူရာ၌ အဆင်မပြေခြင်းကလည်း စစ်တွေမြို့မှ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများကို တစုံတရာထိခိုက်စေခဲ့သည်။

ကျောတခင်းစာအတွက် အခက်အခဲ

စစ်တွေမြို့တွင် အိမ်ခြံမြေဈေးများတက်လာခြင်းနှင့်အတူ လက်ရှိမှာ ကျပ်တစ်သိန်းခွဲတန်တိုက်ခန်းများ ငှားရမ်းနေထိုင်ရန်အတွက် ရှာရခက်လာသည့်အနေအထားသို့ ရောက်ရှိလာနေသည်။ တိုက်ခန်းများနှင့် လုံးချင်းအိမ်များ ငှားရမ်းကြေးမှာ ယခု ၂၀၂၁ ခုနှစ်တွင် ပိုမိုမြင့်တက်လာခဲ့သည်။

အဆောင်ဖွင့်ထားသည့် နေအိမ်များတွင် လူတစ်ယောက်နေထိုင်သည့် အိပ်ခန်းတစ်ခန်းကို ၂၀၁၉ ခုနှင့် ၂၀၂၀ ခုနှစ်များတွင် ငွေကျပ်သုံးသောင်းမျှသာရှိခဲ့သော်လည်း ယခုအခါ ငါးသောင်ကျော်အထိ ဈေးမြင့်တက်လျက်ရှိနေပြီဖြစ်သည်။

စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင် လုံးချင်းအိမ်ငှားနေထိုင်သည့် NGO ဝန်ထမ်း ကိုမောင်လှကျော်က “ကျနော်တို့ ဈေးမတက်ခင်ကတည်းက ငှားထားတာ။ တစ်လနှစ်သိန်းပေါ့လေ။ သိပ်ပြီးတော့ အဆင်ပြေတယ်လို့လည်း မဟုတ်ပါဘူး။ အခုဆို ဈေးပိုတောင်ဦးမယ်ထင်တယ်” ဟု ပြောသည်။

စစ်တွေမြို့မှ ကုမ္ပဏီတစ်ခုတွင်လုပ်ကိုင်နေသည့် မြောက်ဦးမြို့မှ မဖြိုးဝေထွန်းကမူ ရရှိသည့်လစာနှင့် အိမ်ခန်းငှားရမ်းစရိတ်၊ စားစရိတ်များထောင်းနေ၍ မိသားစုထံထောက်ပံ့ရန် အခက်အခဲရှိလာကြောင်းပြောသည်။

“တစ်လမှာ တစ်ယောက်ကို ငါးသောင်းအထိပေးရတယ်။ တဖက်မှာလည်း သူများအိမ်မှာဆိုတော့ လူမျက်နှာကြည့်ရတယ်။ တိုက်ခန်းငှားချင်ပေမဲ့ လစာသုံးသိန်းလောက်နဲ့ ဘယ်လိုရမှာလဲ” ဟု မဝေဖြိုးထွန်းကဆိုသည်။

အခြေခံလစာ တစ်သိန်းကျော်သာရရှိကြသည့် ဝန်ထမ်းများမှာ အလျား ၆ ပေ၊ အနံ ၄ ပေခန့်ရှိသည့် အခန်းငယ်များကို ငှားရမ်းနေထိုင်နေကြရသည့် အခြေအနေဖြစ်သည်။

စစ်တွေမြို့တွင် ဝမ်းရေးအတွက်ရုန်းကန်နေရသည့် အခြေခံလူတန်းစားများ၊ လစာအနည်းအကျဉ်းသာရရှိကြသည့် ဝန်ထမ်းများအနေဖြင့် ဈေးနှုန်းမြင့်တက်လာနေသည့် ကျောတခင်းစာနေရာအတွက် ခက်ခဲနေမည်မှာ အသေအချာပင်ဖြစ်သည်။

ခင်သရဖီဦးရေးသားသည်။

ဗီဒီယိုများ