- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ရခိုင်ဒေသတွင် အိမ်ငှားစရိတ် မြင့်တက်နေ၍ စစ်ဘေးရှောင်များ အခက်တွေ့
တိုက်ပွဲမဖြစ်မီက ရခိုင်မြောက်ပိုင်းဒေသတွင် သာမာန်အိမ်ငှားစရိတ်မှာ တစ်လကို ငွေကျပ် ၁ သိန်းအောက်ကနေ ၂ သိန်းအထိ ရှိခဲ့ပြီး ယခုအချိန်တွင် ငွေကျပ် ၄ သိန်းနှင့် ၅ သိန်းအထက် ရှိနေကြောင်း သိရသည်။
03 Oct 2024

DMG ၊ အောက်တိုဘာ ၃
ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၆ သိန်းနီးပါးထိ တိုးလာနေကြောင်း လူမှုအဖွဲ့အစည်းများ၏ စာရင်းတွင် ဖော်ပြသည်။
နေရပ်စွန့်ခွာသူ အများစုမှာ စစ်ဘေးရှောင်စခန်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆွေမျိုးနေအိမ်တို့တွင် ဖြစ်သလိုနေကြပြီး တချို့မှာ မိသားစုဝင်များပြားခြင်း၊ သက်ကြီးရွယ်အိုများ ရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ငှား၍ နေထိုင်သူများလည်း ရှိနေသည်။
တိုက်ပွဲမဖြစ်မီက ရခိုင်မြောက်ပိုင်းဒေသတွင် သာမန်အိမ်တစ်လုံး ငှားရမ်းခမှာ တစ်လကို ငွေကျပ် ၁ သိန်းအောက်ကနေ ၂ သိန်းအထိရှိခဲ့ပြီး ယခုအချိန်တွင် ငွေကျပ် ၄ သိန်းနှင့် ၅ သိန်းအထက် ရှိနေကြောင်း သိရသည်။
စစ်တွေမြို့ကနေ ကျောက်တော်မြို့သို့ စစ်ဘေးရှောင်လာသူတစ်ဦးက “အခု အိမ်ပိုင်ရှင်တွေက စီးပွားရေးလုပ်သလို လုပ်နေကြတာ။ စစ်ဘေးရှောင်တွေဆိုရင် ငွေပါလာရမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အခုဆိုရင် ကျနော်တို့ စစ်ဘေးရှောင်တွေ အလုပ်အကိုင်လည်းမရှိဘူး၊ ကုန်ဈေးနှုန်းတွေလည်း တအားတက်တော့ အများကြီး အခက်အခဲ ဖြစ်တယ်” ဟု ပြောသည်။
စစ်ဘေးရှောင်အများစုမှာ AA သိမ်းပိုက်ရရှိထားသော ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ သံတွဲ စသည့် မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်လာပြီးနောက် အိမ်ငှားဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။
အိမ်ငှားနေကြသည်မှာ စစ်ဘေးရှောင်များသာမက အရပ်ဖက်အဖွဲ့အစည်း CSO, CBO များလည်းပါဝင်သဖြင့် အိမ်ပိုင်ရှင်များမှာ အိမ်ငှားခဈေးနှုန်းများကို ဈေးတင်နေကြခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။
မြေပုံမြို့မှ စစ်ဘေးရှောင်အမျိုးသမီးက “စစ်ဘေးရှောင်တွေ များလာတဲ့အတွက် အိမ်ပိုင်ရှင်တွေက အိမ်ဈေးတွေကို အဆမတန်တင်ပြီး ငှားတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေက မငှားရင် တတ်နိုင်တဲ့သူတွေက ငှားလိမ့်မယ်ဆိုပြီး တင်တောင်းထားတာ။ မိသားစုများတဲ့သူတွေဆိုရင် စစ်ဘေးရှောင်စခန်းမှာ နေလို့အဆင်မပြေဘူး” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ရခိုင်ပြည်က မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထားပြီး မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တို့တွင် တိုက်ပွဲများရှိနေဆဲဖြစ်ပြီး ယင်းဒေသက ဒေသခံများမှာလည်း တိုက်ပွဲကြားတွင် အသက်လုထွက်ပြေးနေရသည်။
ကျောက်တော်မြို့တွင် စစ်ဘေးရှောင်နေသူ မောင်တောမြို့ခံတစ်ဦးက “ကျနော်တို့ဆိုရင် တိုက်ပွဲကြားကနေ ထွက်ပြေးလာရတာ။ အခု အိမ်လခတစ်ခုတောင် တစ်လ လေးသိန်းပေးနေရတယ်။ ဘယ်လောက်ခံနိုင်မှာလဲ။ တိုက်ပွဲကလည်း ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး” ဟု ပြောသည်။