ရက္ခိတလမ်းစဉ် (သို့မဟုတ်) နိုင်ငံတော်တည်ဆောက်ခြင်း

ရက္ခိုင့်တပ်တော်(AA)ကို လွန်ခဲ့တဲ့ (၁၂)နှစ်က ကချင်ပြည်နယ် တစ်နေရာမှာ စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)မှာ “ရက္ခိတလမ်းစိုင်” ဆိုတဲ့ဝေါဟာရနဲ့ လူထုကိုစတင်နှိုးဆော်ခဲ့တာကိုတွေ့ရပါတယ်။ (ရက္ခိတအိမ်မက်- Arakan Dream 2020)ကို လူထုသို့စတင်မိတ်ဆက်လာခဲ့ပြီး “မုန်တိုင်းကိုဖြတ်သန်းကြ” ကြွေးကြော်သံနဲ့ အတူ ရခိုင်ပြည်နယ်အတွင်းက မြန်မာစစ်တပ်ရဲ့ထိုးစစ်ကို တန်ပြန်စစ်၊ ခုခံစစ်၊ ချေမှုန်းစစ်၊ တားဆီးစစ် စတဲ့ ပြိုင်ဘက်စစ်တပ်က ထင်မှတ်မထားတဲ့ဗျူဟာများစွာကို အသုံးချထားနိုင်ခဲ့တာကြောင့် အချိန်တို အတွင်းမှာ မြန်မာလူထုတစ်ရပ်လုံးက သတိထားအံ့ဩရလောက်တဲ့ ဗျူဟာတွေကိုအသုံးချ စွမ်းရည်ပြခဲ့ တာကို တွေ့ရပါတယ်။

By မင်းထီး 20 Apr 2021

မင်းထီး ရေးသားသည်

ရက္ခိုင့်တပ်တော်(AA)ရဲ့ (၁၂)နှစ်မြောက်မွေးနေ့ တစ်နည်းအားဖြင့် ရက္ခိုင့်တပ်တော် ဖွဲ့စည်းထူထောင်သည့် (၁၂)ပြည့်နေ့မှာ တပ်တော်ရဲ့ တပ်မှူးချုပ်မိန့်ခွန်းသဝဏ်လွှာကို ရခိုင်လူမျိုးများအပြင် တစ်ခြားတိုင်းရင်းသား လူမျိုးခေါင်းဆောင်များကပါ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတာကို တွေ့ရပါတယ်။ စောင့်ကြည့်သူအများစုဟာ လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ စစ်တပ်မှအာဏာသိမ်းယူထားမှုကို မြန်မာလူထုတုန့်ပြန်မှု ပဋိပက္ခအပေါ် ရက္ခိုင့်တပ်တော်ရဲ့သဘောထားကို ပိုမိုစိတ်ဝင်တစား စောင့်ကြည့် နေခဲ့ကြတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ (၂၀၁၉-၂၀၂၀)အတွင်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲပေါင်းလေးထောင်ကျော်ကို တိုက်ခိုက်ခဲ့ကြပြီး ၂ နှစ်အတွင်း ရခိုင်တစ်ပြည်နယ်လုံးမှာ အခိုင်အမာအခြေကုတ်တည်ဆောက်ထားနိုင်ခဲ့ ပါတယ်။ ယေဘုယျအားဖြင့် တွက်ချက်ပါက ဒီနှစ်နှစ်အတွင်း ရက္ခိုင်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ဟာ တစ်ရက်ကို တိုက်ပွဲလေးခုကနေ ငါးခုဝန်းကျင်အထိ အပြင်းအထန်တိုက်ခိုက်နိုင်ခဲ့ကြတာကို တွေ့ရ ပါတယ်။  မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေတပ်များ ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်မှုကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့တဲ့အပြင် မြန်မာစစ်တပ်ကို မြေပြင်တိုက်ပွဲအားလုံးနီးပါးကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တဲ့ စွန်းရည်တွေကြောင့် မြန်မာနိုင်ငံအတွင်း တိုက်ရည်ခိုက်ရည်စွမ်းအား ပြောင်မြောက်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အဖြစ် အားလုံးအသိအမှတ်ပြုလာခဲ့ကြတာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်(AA)ကို လွန်ခဲ့တဲ့ (၁၂)နှစ်က ကချင်ပြည်နယ် တစ်နေရာမှာ စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)မှာ “ရက္ခိတလမ်းစိုင်” ဆိုတဲ့ဝေါဟာရနဲ့ လူထုကိုစတင်နှိုးဆော်ခဲ့တာကိုတွေ့ရပါတယ်။ (ရက္ခိတအိမ်မက်- Arakan Dream 2020)ကို လူထုသို့စတင်မိတ်ဆက်လာခဲ့ပြီး “မုန်တိုင်းကိုဖြတ်သန်းကြ” ကြွေးကြော်သံနဲ့ အတူ ရခိုင်ပြည်နယ်အတွင်းက မြန်မာစစ်တပ်ရဲ့ထိုးစစ်ကို တန်ပြန်စစ်၊ ခုခံစစ်၊ ချေမှုန်းစစ်၊ တားဆီးစစ် စတဲ့ ပြိုင်ဘက်စစ်တပ်က ထင်မှတ်မထားတဲ့ဗျူဟာများစွာကို အသုံးချထားနိုင်ခဲ့တာကြောင့် အချိန်တို အတွင်းမှာ မြန်မာလူထုတစ်ရပ်လုံးက သတိထားအံ့ဩရလောက်တဲ့ ဗျူဟာတွေကိုအသုံးချ စွမ်းရည်ပြခဲ့ တာကို တွေ့ရပါတယ်။

၂၀၁၈ ကနေစတင်၍ မြန်မာစစ်တပ်နဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကာ (၂၀၁၉)  ဖေဖေါ်ဝါရီလမှာ ပိုပြီးပြင်းထန်လာခဲ့တာကိုတွေ့ရပြီး ၂၀၁၉ မှာ “တိုက်ရင်းတည်ဆောက် တည်ဆောက်ရင်း တိုက်” ကြွေးကြော်သံနဲ့အတူ “ရက္ခိတလမ်းစဉ်” ကို ကြွေးကြော်ခဲ့ပါတယ်။ သို့သော် ရက္ခိုင့်တပ်တော်အနေနဲ့ “ရက္ခိတလမ်းစဉ်” ကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့တာမျိုး မရှိခဲ့ဖူးသေး သလို တစ်ဆင့်ချင်း အကောင်အထည်ဖေါ်မှုအလိုက်သာ ပြောကြားတာကို တွေ့ရပါတယ်။ ရက္ခိုင့် တပ်တော်ဟာ (၂၀၂၀)အစောပိုင်းကတည်းက တစ်ဖက်မှာ အပြင်းအထန်တိုက်ပွဲဝင်ရင်း နောက် တစ်ဖက်မှာ အုပ်ချုပ်ရေးယန္တရားကို တစ်စစအကောင်အထည်ဖေါ်ဆောင်လာခဲ့တာကိုတွေ့ရပြီး တစ်နှစ် အတွင်း ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို ဩဇာသက်ရောက်စေခဲ့ပါတယ်။ မြေပြင်စည်းရုံးရေးနဲ့ အုပ်ချုပ်ရေးကို အကောင်အထည်ဖေါ်ဆောင်လာပြီးနောက် ရခိုင်လူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့အတူ လက်ရှိအချိန်မှာ ရခိုင်တစ်ပြည်လုံးမှာ အုပ်ချုပ်ရေးယန္တရားကို ချထားနိုင်တာတွေ့ရတယ်။

မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီး လက်ရှိဖမ်းဆီးခြင်းကိုခံထားရတဲ့ NLD အစိုးရအဖွဲ့ဟာ ရခိုင် ပြည်နယ်တိုက်ပွဲကာလ ၂ နှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝတို့ကို တစ်နှစ် ကျော် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ပိတ်ထားခဲ့ပြီး မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ကိုဗစ်ကပ်ရောဂါအပြင် စစ်ဘေးစစ်ဒဏ်တွေကို အလူးအလဲခံနေရတဲ့ ရခိုင်လူထုအတွက် သတင်းရယူမှုကို အာဏာရှင်ဆန်ဆန် ပိတ်ပင်ထားခဲ့ပါတယ်။ ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရဟာ စစ်ဘေးကြောင့် ဒုက္ခ ရောက်ခဲ့ရတဲ့ ရခိုင်လူထုရဲ့လိုအပ်ချက်ကို အသိအမှတ်မပြုခဲ့တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှု များစွာကိုကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို တရားဝင်ထုတ်ပြန်ချီးကျူးပြခဲ့ပြီး ရခိုင်လူထုတစ်ရပ်လုံး ထောက်ခံထားတဲ့ ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်တပ်ကနိုင်ငံတော်အာဏာကို အာဏာသိမ်းယူလိုက်တဲ့အချိန်အထိ ကြေငြာပေးထားခဲ့တာပါ။

မြန်မာလူထုအများစု ထောက်ခံမှုကိုရယူထားတဲ့ NLD အစိုးရဟာ ရခိုင်ပြည်စစ်ရေးပဋိပက္ခအတွင်း အစိုးရ တစ်ရပ်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်များစွာကို မျက်ကွယ်ပြုထားခဲ့တာကိုတွေ့ရပြီး ဒီခွဲခြား ဆက်ဆံလုပ်ဆောင်ချက်တွေကြောင့်  ရခိုင်လူထုအတွင်းအစိုးရကို မုန်းတီးနာကျဉ်းမှုတွေဖြစ်စေခဲ့တာကို တွေ့ရပါတယ်။ NLD အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း ရခိုင်လူထုရဲ့ သတင်းစကားကို နားထောင်ဖို့၊ စစ်ဘေးဒဏ်ကိုအလူးအလိမ့်ခံနေရတဲ့ ရခိုင်လူထုနဲ့တွေ့ဆုံဖို့ အစိုးရဘက်က တစ်ကြိမ် တစ်ခါမှ ရခိုင်ပြည်ကိုလာရောက်တာမျိုး မတွေ့ခဲ့ရသလို NLD ကြီးစိုးထားတဲ့ ပြည်ထောင်စုလွှတ်တော် အတွင်း ရခိုင်လူထုအတွက် ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးညှိနှိုင်းနှိုင်းမှုတစ်ချို့ကိုပါ ပိတ်ပင်ထားခဲ့ပါတယ်။

သို့သော်လည်း မဟာဗျူဟာပိုင်းအရရော၊ နည်းဗျူဟာအရပါ စနစ်တစ်ကျ လုပ်ဆောင်တတ်တဲ့ ရက္ခိုင့် တပ်တော်က “လူထုမှ လူထုသို့” ဗျူဟာကိုအသုံးပြုရင်း တိုက်ပွဲကာလတစ်လျှောက်လုံးမှာ စိန်ခေါ်မှု များစွာနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်လူထုကို ဦးဆောင်ပေးထားခဲ့တာကိုတွေ့ရပါတယ်။ ရခိုင်ပြည်နယ်လူထု အားလုံးမှာ ပျောက်ဆုံးနေတဲ့ဦးဆောင်မှု အခန်းကဏ္ဌကို ရခိုင်နိုင်ငံရေးပါတီတွေ မျက်ကွယ်ပြုနေခဲ့ကြ တာလား၊ ဒါမှမဟုတ် မသိကြတာလားဆိုတာ စာရေးသူအနေဖြင့် ကောက်ချက်ချပြောဆိုဖို့ ခက်ခဲ့ သော်လည်း သေချာတာကတော့ ရခိုင်နိုင်ငံရေးပါတီတွေဘက်က လုံးဝမလုပ်ဆောင်နိုင်ခဲ့ဘူးဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။

ရခိုင်တစ်မျိုးသားလုံးကို ဦးဆောင်နိုင်ဖို့ ရခိုင်အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နဲ့ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးရေးပါတီ(RNDP) နှစ်ခုကိုပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ(ANP)အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပေမယ့် ပါတီနိုင်ငံရေးသမားတွေရဲ့ ဝိဝါဒကွဲပြားမှုတွေ၊ ဂိုင်းဖွဲ့မှုတွေ၊ လူပုဂ္ဂိုလ်ဗဟိုပြု  ထောက်ခံမှုတွေကြောင့် နှစ်ပါတီပေါင်းစည်းရာကနေ ငါးနှစ်အတွင်း သုံးပါတီအဖြစ် ပြန်လည်မြင်တွေ့နေရ တာပါ။ အမျိုးသားရေးဝါဒီအမည်ခံ နိုင်ငံရေးသမားတွေရဲ့ဦးဆောင်မှုဟာ ဒီဆယ်နှစ်အတွင်း  လက်ခုပ်သံမျှော်အဆင့်ထက် မပိုခဲ့သလို မည်သည့်ဦးဆောင်မှုကိုမျှလည်း မပေးနိုင်ခဲ့ကြပါဘူး။

မြန်မာနိုင်ငံကို တတိယအကြိမ်မြောက်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ (၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်) နောက်ပိုင်းမှာတော့ ရခိုင်နိုင်ငံရေး ပါတီတွေရဲ့ သရုပ်သဒဏ်တွေ ပေါ်လာခဲ့တာကိုတွေ့ရပါတယ်။ ရခိုင်နိုင်ငံရေးပါတီလေးခုမှာ စစ်တပ်ရဲ့ မဟာမိတ်ပါတီသုံးခုထိရှိနေပြီး  (၁၉၉၀)ကစတင်တည်ထောင်လာတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ပါ ထွက်ပြေးနေရတဲ့အထိ NLD ပါတီ ဦးဆောင်တဲ့ UNA အုပ်စုအဖြစ် မြင်တွေ့ရပါတယ်။

နိုင်ငံကိုအာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ကဖွဲ့စည်းတဲ့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်အဖြစ် ရခိုင်အမျိုးသား ပါတီက ပူးပေါင်းပါဝင်ခဲ့တာကိုတွေ့ရပြီး NLD လက်ထက်က ထောင်ဒဏ်အနှစ်နှစ်ဆယ်အထိ ချမှတ်ခံရတဲ့ ရခိုင်အမျိုးသားပါတီဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ကို မျိုးစေ့ချသူအဖြစ် (၂၀၂၀) ရွေးကောက်ပွဲမဲဆွယ်ကာလမှာ တင်စားခံရတဲ့ ရခိုင်လူထုထောက်ခံမှု အားအကောင်းဆုံးဖြစ်တဲ့ ဒေါက်တာ အေးမောင်ကို စစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကိုအခြေခံတဲ့ ပါတီလေးခုအနက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကလွဲပြီး ကျန်သုံးပါတီစလုံးဟာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ် ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြတာကို တွေ့ရပါတယ်။

စာရေးသူအမြင်အရ ရခိုင်လူထုမှာ တစ်ကယ်လိုအပ်နေတာ ဦးဆောင်မှုအပိုင်းပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ဦးဆောင်မှုကို ရခိုင်လူထု ယနေ့အချိန်ထိတောင့်တနေကြဆဲဆိုတာကို အားလုံးတွေ့မိ ကြမှာပါ။ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်ဟာ ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားပြီး သဘာဝ သယံ ဇာတ ပေါကြွယ်ဝတဲ့နယ်မြေဖြစ်သော်လည်း မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ရဲ့ ခွဲခြားဆက်ဆံခြင်း၊ နိုင်ငံရေး၊ စီပွားရေးအရ ဥပက္ခာပြုခြင်းတွေကိုခံထားရခြင်းကြောင့် မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ်အဖြစ် ရပ်တည်နေရသလို၊ ပြည်နယ်အတွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ရွှေ့ပြောင်း လုပ်သားများအဖြစ် ကမ္ဘာအဝှမ်းမှာ ပြန့်ကြဲလုပ်ကိုင်နေကြရပြီး လူသားအရင်းအမြစ် တစ်စစ ဆုံးရှုံးနေရတဲ့ လူမျိုးလည်းဖြစ်ပါတယ်။

ဒီနေရာမှာ ရခိုင်လူထုတွေရဲ့ထူးခြားချက်က နိုင်ငံရေး၊ လူမျိုးရေးမှာ မရောထွေးတတ်ဘဲ သီခြားရပ်တည် စဉ်းစားတဲ့ပုံစံကို တွေ့ရမှာပါ။ ဥပမာ- ဘယ်ရွေးကောက်ပွဲတွေကိုဘဲကြည့်ကြည့် ရခိုင်လူထုဟာ ရခိုင် ပါတီတွေကိုသာ အများစုမဲပေးကြတာကိုတွေ့ရပြီး နိုင်ငံရေးမှာ သီးခြားရပ်တည်လိုစိတ်ပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့်ရခိုင်လူထုဟာ မည်သည့်ပြည်မပါတီနဲ့ ပူးပေါင်းတည်ဆောက်တာမျိုး၊ အတူ ရပ်တည်တာမျိုးကို သာမာန်အားဖြင့် လက်မခံနိုင်ကြပါဘူး။ သို့သော်လည်း တစ်ဖြည်းဖြည်းရောထွေးလာတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ပြည်နယ်(လူနည်းစု) ပါတီခေါင်းဆောင်တွေဟာ ပုံစံတစ်မျိုးနဲ့ ပြည်မနိုင်ငံရေးနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ ရက္ခိုင့်တပ်တော်(AA)က ရခိုင်နိုင်ငံရေးကို ပုံစံတစ်မျိုးနဲ့ ဦးဆောင်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဆယ့်နှစ်နှစ်ပြည့်တပ်တော်မွေးနေ့မှာ ရက္ခိတလမ်းစဉ်ထဲက အချက်တစ်ချို့ကို ဖွင့်ဟပြောဆို တာကိုတွေ့ရပြီး တပ်မှူးချုပ်ရဲ့သဝဏ်လွှာမှာ  ရခိုင်ပြည်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုလုံခြုံရေး အစိုးရယန္တရားတည်ဆောက်ရေး(State Building)၊ နိုင်ငံတည်ဆောက်ခြင်း(Nation Building)ကို အစပြု ထည့်သွင်း ပြောကြားထားတာကိုတွေ့ရမှာပါ။ ဒီသဝဏ်လွှာမှာ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ ရခိုင်နိုင်ငံရေးကို မရောထွေးသွားကြဖို့ တိုက်တွန်းထားတာကိုတွေ့ရပြီး ရခိုင်နိုင်ငံရေးကိုတည်ဆောက်ဖို့ “ရက္ခိတလမ်းစဉ်” ရှိနေပြီးသားဖြစ်ကြောင်း ထည့်သွင်းပြောကြားထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် အတွင်းက ငြိမ်းချမ်းရေးဟာ တိကျတဲ့အာမခံချက်မရှိသေးတဲ့အတွက် တပ်တော်တစ်ခုလုံး နိုးနိုးကြားကြား ရှိဖို့လည်း ထည့်သွင်းပြောကြားထားပါတယ်။

ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ဟာ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်ကို “ကွန်ဖယ်ဒရိတ်” ပုံစံတည်ဆောက် လိုကြောင်း ၂၀၂၀ က မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ဖြေကြားပြီးတဲ့နောက် လူထုတွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေအကြားမှာ အတော်ဂယက်ရိုက်ခတ်လာခဲ့ကြပါတယ်။ အဲဒီကတည်းက ရက္ခိုင့် တပ်တော် တပ်မှူးချုပ်ဟာ နိုင်ငံရေးရည်မှန်းချက်ကြီးမားသူအဖြစ် ထင်ရှားခဲ့ပါတယ်။

လွန်ခဲ့တဲ့အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားခဲ့တဲ့  အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ“ပင်လုံ”မှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ NCA အဖွဲ့တွေဖက်က ဖယ်ဒရာယ်ဒီမိုကရေစီ၊ အစိုးရဘက်က ဒီမိုကရေစီဖယ်ဒရာယ် စတဲ့ဆွေးနွေးမှု တွေကြား ဘယ်သဘောတူညီချက်မှမရဘဲ နိုင်ငံတော်အစိုးရဘက်က ဒီမိုကရေစီဖယ်ဒရယ်ကို အတည်ပြု နေချိန်မှာ ရက္ခိုင့်တပ်တော်ဘက်က ရခိုင်ပြည်ကို “ကွန်ဖက်ဒရိတ်” အဖြစ်တည်ဆောက်ပြီး (Social Democracy) စနစ်ကိုကျင့်သုံးကာ လူထုကိုအုပ်ချုပ်လိုကြောင်း လူသိရှင်ကြား ကြေညာခဲ့တာပါ။

ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ဟာ ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလ ၁၂ ရက်နေ့က ရက္ခိုင့်တပ်တော် ဘက်က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အစိုးရကအထွေထွေရွေးကောက်ပွဲမလုပ်ပေးဘဲ ချန်ထားခဲ့တဲ့ မြို့နယ်ရှစ်ခုကို ပြန်လည်လုပ်ဆောင်ပေးရန်တောင်းဆိုမှုကို အကြောင်းပြုပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန် ချက်ကို မြန်မာစစ်တပ်ဘက်ကထောက်ခံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကို ရပ်တန့်ထားခဲ့တာဟာ အခုဆိုရင် ငါးလကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အခု ရက္ခိုင့်တပ်တော်မွေးနေ့မှာ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ကပေးပို့တဲ့သဝဏ်လွှာအရ ရခိုင်ပြည်နယ် အတွင်း လူထုတစ်ရပ်လုံးအနေဖြင့် “ရက္ခိတလမ်းစဉ်”အတိုင်း ရခိုင်ပြည်ရဲ့အနာဂတ်ကို တည်ဆောက် ရန်သာဖြစ်ပြီး မြန်မာနိုင်ငံကိုအာဏာသိမ်းယူလိုက်သည့်နောက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ရခိုင်ပြည်တည်ဆောက်ရေးအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် ဖန်တီးဖို့လိုအပ်ကြောင်း ပြောဆိုထား တာဟာ ရက္ခိုင့်ကံကြမ္မာကို ရခိုင်သားများကိုယ်တိုင်ဖန်တီးကြရန် နှိုးဆော်ထားခြင်းမျိုးဖြစ်တယ်လို့ မြင်ပါတယ်။

ဒီနေရာမှာစာရေးသူမြင်မိတာက ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်မှာခြေကုတ်ယူထားရုံ သက်သက်မဟုတ်ဘဲ ရခိုင်လူထုအုပ်ချုပ်ရေးကိုပါ ဖွဲ့စည်းထားပြီး စီမံအုပ်ချုပ်နေပြီဆိုတာ မြေပြင်အကြောင်းကို လေ့လာသူ အားလုံး သိထားပြီးဖြစ်ကြမှာပါ။ ဒီ့အပြင် ရက္ခိုင့်တပ်တော်ရဲ့ အားသာချက်ဟာ လူထုထောက်ခံမှုကို ကောင်းကောင်းရယူထားပြီးဖြစ်တဲ့အတွက် ၂၀၂၀ ကာလကထက် ပိုမိုခိုင်မာတောင့်တင်းတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ လူထုဝန်ဆောင်မှု လုပ်ငန်းအားလုံးကို ပိုမိုပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်မယ် ဆိုတာကို တရားဝင်ကြေညာလိုက်တာလို့ နားလည်ပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်းက “လူထုဆန္ဒနဲ့ မြန်မာတပ်မတော်တို့ရဲ့ အားပြိုင်ပွဲ” မှာ မည်သူနိုင်သည်ဖြစ်စေ ရခိုင်ပြည်၏အနာဂတ်ကို ရက္ခိုင့်တပ်တော်ကသာ အဓိကကိုင်တွယ်အုပ်ချုပ်သွားနိုင်မယ့် နည်းလမ်းကို ဖန်တီးလိုက်တာဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေရှိနိုင်သေးပေမယ့် ရခိုင်လူထုလိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် “ရက္ခိတလမ်းစဉ်” ဟာ ပိုမိုပီပြင်လာတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုပါက “ရက္ခိတလမ်းစဉ်” ဟာ အရင်နိုင်ငံရေး၊ တော်လှန်ရေးသမားတွေ ရခိုင်ပြည်မှာ မသုံးခဲ့ဖူးသေးတဲ့ ဗျူဟာဖြစ်သလို စိန်ခေါ်မှု၊ ထိပ်တိုက်တွေ့မှုကို လိုအပ်သလောက်သာ လုပ်ဆောင်ပြီး အုပ်ချုပ်ရေး(အစိုးရ) Body ကို တည်ဆောက်လိုက်ခြင်းဖြစ်ပါတယ်။ ဒီ Body ကို တည်ဆောက်ပြီးစီးပါက ရခိုင်လူထုထောက်ခံမှုကို အခိုင်အမာရရှိထားတဲ့ ရက္ခိုင့်တပ်တော်ရဲ့ “ရက္ခိတလမ်းစဉ်” ဟာ ရခိုင်ပြည် တည်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက သီးခြားလွတ်လပ်တဲ့ အနည်းဆုံး “ကွန်ဖက်ဒရိတ်” နယ်မြေ တစ်ခုအဖြစ်ခိုင်မာဖို့ သေချာတဲ့လမ်းကြောင်းဖြစ်လာမှာပါ။ ရခိုင်လူထုအနေနဲ့ မြန်မာအစိုးရရဲ့ အုပ်ချုပ်မှု အောက်က လွတ်မြောက်နိုင်ရေးမှာ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ရဲ့ သဝဏ်လွှာမှာပါရှိတဲ့ “မရောထွေးရေး” မူဝါဒကို ပိုမိုနားလည်လာတာနဲ့အမျှ “ရက္ခိတလမ်းစဉ်” နိုင်ငံတည်ဆောက်ခြင်းဟာ ပိုမိုချောမွေ့နိုင်မယ်လို့ သုံးသပ်မိပါတယ်။

ဗီဒီယိုများ