အာဏာရှင်တွေ ဂုတ်သွေးစုပ်နေတဲ့ သယံဇာတတွေနဲ့ မြန်မာ့နိုင်ငံရေး ပဋိပက္ခ

မြန်မာနိုင်ငံမှာ လက်ရှိစစ်တပ်က အာဏာသိမ်းဆန့်ကျင်မှုကို ဖယ်လိုက်ရင် မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ အာဏာခွဲဝေအုပ်ချုပ်မှုဖြစ်ပါတယ်။ အာဏာဟာ နိုင်ငံတစ်ခုရဲ့ အသက်သွေးကြောလည်းဖြစ်ပါတယ်။ လွတ်လပ်ရေးရယူခဲ့ပြီးတဲ့  (၁၉၄၈) မှာ မြန်မာနိုင်ငံ စတင်ပေါ်ပေါက်လာခဲ့ပြီး ဗမာမဟုတ်တဲ့ ကျန်တဲ့တိုင်းရင်းသားတွေ့ရဲ့ နိုင်ငံရေးကို အသိအမှတ် မပြုလိုတဲ့ ဗမာတိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် မြန်မာနိုင်ငံဟာ ဒီနေ့ထိ နှစ်ပေါင်းခုနစ်ဆယ်ကြာ နာတာရှည် ပြည်တွင်းစစ်ကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

By မင်းထီး 14 Dec 2021



မင်းထီး

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ဟာ နှစ်စဉ် ကုဗပေ သန်းပေါင်း (၁၂၀၀ ) ထိရှိနေပြီး ရခိုင်လူထုဟာ အကျိုးခံစားပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နဲ့၊ စီမံခန့်ခွဲပိုင်ခွင့်အားလုံးကို ဆုံးရှုံးနေရဆဲဖြစ်ပါတယ်။  ရခိုင့်သယံဇာတ ထုတ်ယူရောင်းချမှုက ရတဲ့အကျိုးအမြတ်ကို ရခိုင်တွေ ခံစားပိုင်ခွင့် အပြည့်အဝရရှိသင့်ပြီး ရခိုင်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်လူထုရဲ့ ဆုံးဖြတ်ပိုင်ခွင့် အပြည်အဝရရှိတဲ့ နိုင်ငံရေးစနစ်ကို ရရှိနိုင်ဖို့ လိုအပ်ပါ တယ်။ တိုင်းရင်းသားပြည်နယ် လူထုတွေဟာ မြန်မာနိုင်ငံအာဏာရှင်စနစ်နဲ့ရဲ့ သားကောင်ဖြစ်နေပြီး ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲ တေမှုကြားထဲက သယံဇာတဂုတ်သွေးစုတ်ခြင်းကို ခံနေကြရဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်ပေါင်း (၂၅) ခုရှိပြီး ကုန်းတွင်းလုပ်ကွက် (၂) ခုနဲ့  ရေပြင် လုပ်ကွက် (၂၃) ခုရှိပါတယ်။ လက်ရှိ ရခိုင်ပင်လယ်ပြင်ကထွက်ရှိတဲ့ A-4 လုပ်ကွက်ကနေ ရွှေသဘာဝဓာတ်ငွေ့ကို ထုတ်ယူရောင်းချလျှက်ရှိပြီး လက်ရှိစစ်ကောင်စီလက်ထက်မှာလည်း နောက်ထပ်လုပ်ကွက်တစ်ခုကို ထပ်မံထုတ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပင်လယ်ပြင်အတွင်း အမေရိကန်၊ပြင်သစ်၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ဂျပန်၊ စင်္ကာပူ၊ ကနေဒါ၊ နယ်သာလန်၊ ဩစတြီးယား၊ တောင်ကိုးရီးယား စတဲ့ နိုင်ငံပေါင်း (၁၃) နိုင်ငံက ကုမ္ပဏီတွေ လုပ်ကိုင်လျှက်ရှိနေပါတယ်။ (၂၀၂၁) နိုဝင်ဘာလ (၁၉) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့  (AOW- Arakan Oil Watch) ရဲ့ အစီရင်ခံစာအရ  မြန်မာ နိုင်ငံရဲ့ နိုင်ငံတော်ဝင်ငွေအများစုဟာ သဘာဝဓာတ်ငွေ့ လုပ်ငန်း ကရရှိတဲ့အခွန်အခတွေက အများဆုံးဖြစ်ကြောင်း ထောက်ပြထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့တင်ပို့နေတဲ့ ပိုက်လိုင်းစီမံကိန်း (၄) ခုရှိပြီး ရခိုင်ပြည်ကထုတ်ယူနေတဲ့ ရွှေသဘာဝဓာတ်ငွေ့ဟာ အများဆုံးတင်ပို့ရောင်းချနေတဲ့ စီမံကိန်းဖြစ်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေဖြစ်တဲ့ ဇောတိက၊ ရဲတံခွန်၊ ရတနာ၊ ရွှေ စတဲ့ လုပ်ကွက်တွေကနေ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က အဓိက ဝယ်ယူနေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ကရရှိတဲ့ ဝင်ငွေစုစုပေါင်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၁.၅ ) ဘီလီယံ ထိရှိတယ်လို့ ဆိုပါတယ်။(၂၀၀၉) ခုနှစ်ကနေ ရခိုင်ပြည်အတွင်း လုပ်ဆောင်နေတဲ့ တောင်ကိုးရီးယားနိုင်ငံအခြေစိုက်  ကုမ္ပဏီတစ်ခုဖြစ်တဲ့ (POSCO ) ကုမ္ပဏီဟာ လက်ရှိထုတ်ယူရောင်းချနေတဲ့ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်အတွင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၃၁၅ ) သန်းရင်နှီးမြှုတ်နှံပြီး တတိယအဆင့်ကို စတင်ထားပါတယ်။ (POSCO ) ဟာ ဟွန်ဒိုင်းအကြီးစား တန်ချိန် (၂၇၀၀၀) ဆန့်မယ့် စင်္ကြံတစ်ခုကို (၂၀၂၄) ခုနှစ်မှာ တည် ဆောက် ပြီးစီးမှာဖြစ်ပြီး သဘာဝဓာတ်ငွေ့သိုလှောင်ပို့ဆောင်မှုကို တိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိစစ်တပ်က အာဏာသိမ်းဆန့်ကျင်မှုကို ဖယ်လိုက်ရင် မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ အာဏာခွဲဝေအုပ်ချုပ်မှုဖြစ်ပါတယ်။ အာဏာဟာ နိုင်ငံတစ်ခုရဲ့ အသက်သွေးကြောလည်းဖြစ်ပါတယ်။ လွတ်လပ်ရေးရယူခဲ့ပြီးတဲ့  (၁၉၄၈) မှာ မြန်မာနိုင်ငံ စတင်ပေါ်ပေါက်လာခဲ့ပြီး ဗမာမဟုတ်တဲ့ ကျန်တဲ့တိုင်းရင်းသားတွေ့ရဲ့ နိုင်ငံရေးကို အသိအမှတ် မပြုလိုတဲ့ ဗမာတိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် မြန်မာနိုင်ငံဟာ ဒီနေ့ထိ နှစ်ပေါင်းခုနစ်ဆယ်ကြာ နာတာရှည် ပြည်တွင်းစစ်ကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

တိုင်းရင်းသားအားလုံးရရှိသင့်တဲ့ တန်းတူအခွင့်အရေး၊ အာဏာခွဲဝေမှု ၊သယံဇာတခွဲဝေမှု စတဲ့ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားတာကိုမတွေ့ရဘဲ စစ်ရေးအရချေမှုန်းလာခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ နှစ်ပေါင်း ခုနစ်ဆယ် ကျော်လာခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက (၂၀၀၈) ခြေဥကိုရေးဆွဲပြီး အာဏာရှင်စနစ်ကို တစ်ခန်းရပ်ကာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့  အရပ်သားအစိုးရတစ်ရပ်ကို (၂၀၁၁) မှာ နိုင်ငံတော်ဇာတ်ခုံပေါ် တင်ပေးခဲ့ပါတယ်။

သို့သော်လည်း (၂၀၀၈) ခြေဉဟာ ပြည်နယ်ဒေသ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ တန်းတူအခွင့်အရေးကို အခြေခံတဲ့ ဖယ်ဒရာယ်ပြည်ထောင်စု စနစ်မဟုတ်ခဲ့ဘဲ လွှတ်တော်နဲ့ ၊ အုပ်ချုပ်ရေးမှာ (၂၅) ရာခိုင်နှုန်း ကို စစ် တပ်က ရယူထားတဲ့အပြင် လုပ်ပိုင်ခွင့်အားလုံးကို ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိပါ တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရတွေ ဖွဲ့ခွင့်ရရှိခဲ့ပေမယ့် ခြေ/ဥအရ သတ်မှတ်ထားတဲ့ လုပ်ပိုင်ခွင့် အကန့်အသတ်တွေကြောင့် အဓိပ္ပါယ်ရှိတဲ့ ပြည်နယ်လူထုကို ကိုယ်စားပြုတဲ့ အစိုးရတွေဖြစ်မလာခဲ့ကြပါဘူး။

သို့သော်လည်း ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်တက်ရောက်ဆွေးနွေ့ခွင့်ရရှိခဲ့တဲ့အတွက် စစ်အာဏာရှင်စနစ်နဲ့ နှိုင်းရင်တော့ ဗဟိုချုပ်ကိုင်မှုကို အကန့်အသတ်နဲ့ လျှော့ပေးထားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ ဆယ်နှစ်ပြည့် အထွေထွေ ရွေးကောက်ပွဲသုံးကြိမ်မြောက်မှာ စစ်တပ်ရဲ့ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုအစိုးရဖွဲ့ခွင့်ထက် ကျော်လွန်တဲ့ မဲရလဒ်နဲ့ တစ်နိုင်ငံလုံး အနိုင်ရရှိခဲ့ပြီး အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ (၂၀၂၁) ဖေဖေါ်ဝါရီ တစ်ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို ပြန်လည်သိမ်းယူလိုက်ပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းဆန့်ကျင်တဲ့ လူထုဟာ လက်နက်ကိုင်တော်လှန်ရေးဘက်ကိုကူးပြောင်းခဲ့ပြီး (PDF) လို့ခေါ်တဲ့ ( People Defense Force ) အဖွဲ့ပေါင်း (၁၅၀) ကျော်ထိရှိနေပြီး စစ်တပ်ကအာဏာသိမ်းပြီး ဆယ်လအတွင်း လုံခြုံရေးအကြောင်းပြချက်နဲပ သတ်ဖြတ်ခံရသူပေါင်း (၁၃၀၀) ကျော်အထိရှိနေပြီး ဖမ်းဆီးခံရသူပေါင်း (၁၀၅ ၉၆) ဦး ထိရှိတယ်လို့ (AAPP) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ စစ်အာဏာသိမ်းပြီး ဆယ်လအတွင်း PDF နဲ့စစ်ကောင်စီတို့ အပြန်အလှန် သတ်ဖြစ်မှုပေါင်း ကြံ့ခိုင်ရေးပါတီဝင် ( ၂၅၃) ဦးသတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်သတင်းပေးဟု စွတ်စွဲကာ သတ်ဖြတ်ခံရသူပေါင်း (၄၀၆) ဦးရှိတယ်လို့ RFA သတင်းအရသိရှိရပါတယ်။

ဆယ်လအတွင်းPDF နဲ့ စစ်ကောင်စီတို့ နှစ်ဘက်ထိပ်တိုက်တွေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း (၂၅၃၀) ကြိမ်ရှိပြီး စစ်တပ်ဘက်က သေဆုံးသူ (၂၉၄၁) ဦး အရပ်သားသေဆုံးမှု (၉၀၈) ဦးရှိတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး RFA သတင်းဌာနကကြေညာခဲ့ပါတယ်။ ဒီသတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေဖက်က အတည်ပြုပေးတာမျိုးတော့ မတွေ့ရသေးပါဘူး။

မည်သို့ပင်ဆိုစေကာမူ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြီးတဲ့နောက် ခုချိန်ထိ စစ်ကောင်စီရဲ့ အုပ်ချူပ်ရေးကို တစ်နိုင်ငံလုံးကိုကောင်းမွန်စွာ မအုပ်ချုပ်နိုင်သေးသလို နိုင်ငံ့စီပွားရေးကလည်း သိသိသာသာကျဆင်းနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက် ဝယ်ယူမှုဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးအကောင်းဆုံးဖြစ်တဲ့ ရုရှားဆီကနေ အမေရိကန်ဒေါ်လာ (၁၇.၄) သန်းဖိုး ရေဒါပစ္စည်းတွေကို ဝယ်ယူခဲ့ပြီး အဝေးမှ ထိန်းချုပ်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ ရယူဖို့ သဘောတူမှုကို ရရှိခဲ့ပါတယ်။ ထို့ နောက် စစ်ကောင်စီဟာ (၂၀၂၁) ခုနှစ်အတွင်း အဝေးမှ ထိန်းချုပ်ပစ်ခတ်နိုင်တဲ့ ဆုံလည်လက်နက်တွေကိုတော့ အိမ်နီးချင်း အန္ဒိယနိုင်ငံက တင်သွင်းခဲ့ရယူခဲ့ပါတယ်။

အာဏာကိုသိမ်းယူလိုက်ပြီးတဲ့နောက် နိုင်ငံလုပ်ငန်းအများစု ရပ်တန့်နေရပြီး စစ်ကောင်စီရဲ့ အဓိကဝင်ငွေ ရရှိမှုဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေက ရရှိနေတယ်လို့ (AOW) ရဲ့ထုတ်ပြန်ချက်က ဖေါ်ပြထားပါ တယ်။ မြန်မာနိုင်ငံဟာ (၂၀၂၀) ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ရောင်းရငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ (၃.၃) ဘီလီယံဖိုးထိရှိခဲ့ပြီး ပြည်ပပို့ကုန် အားလုံးရဲ့ (၂၀) ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ (၂၀၂၁) မှာ နိုင်ငံတော်အာ ဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ အဲဒီတင်ပို့ခကနေရရှိတဲ့ အခွန်အဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတူးဖေါ်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်ရဲ့ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄၇၃) သန်းခန့် တန်ဖိုးရှိပြီး စီမံကိန်း ဒုတိယအဆင့်ကို (၂၈၁၈) ခုနှစ်မှာစတင်ခဲ့ပြီး (၂၀၂၂) ခုနှစ်မှာပြီးဆုံးမှာဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေက ဦးဆောင်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လေးခုအနက် ရခိုင်ပြည်နယ်က ပေးပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ဟာ ဝင်ငွေအများဆုံး ရရှိနေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံကိုတင်ပို့နေတဲ့ ရေနံပိုက်လိုင်းကနေ တစ်နှစ်ကိုရေနံတန်ချိန် (၂၂) သန်းထိ တင်ပို့နေပြီး ရေနံတစ်တန်ဖြတ်သွားတိုင်းမှာ အခွန်အခ တစ်ဒေါ်လာစီ မြန်မာနိုင်ငံက ရရှိနေပါတယ်။ နောက်ထပ် ပိုက်လိုင်းတစ်ခုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေတစ်ဆင့် ရခိုင်ပြည်မှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း( ၁၂၀၀) တင်ပို့နေပါတယ်။ ဒီပမာဏဟာ (၂၀၁၃) ခုနှစ်ကနေ စတင်ပို့ဆောင် နေတာဖြစ်ပြီး (၂၀၂၁) ခုနှစ်ဆိုပါက ကိုးနှစ်ရှိလာပြီဖြစ်သော်လည်း ရခိုင်ပြည်အတွက်တော့ အကျိုးခံစားခွင့် လုံးဝမရှိသေးတဲ့အပြင် ဒေသခံလူထု အလုပ်အကိုင်အခွင့်အလမ်းလေးတောင် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

နောက်ထပ်လုပ်ကွက်တစ်ခုဖြစ်တဲ့ A-6 သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို (၂၀၁၈) မှာ ဧရာဝတီတိုင်းရဲ့ ပိုင်နက်အဖြစ်ကြေညာခဲ့တဲ့ လုပ်ကွက်ဟာ နောက်ထပ် ရတနာသိုက်ကြီးတစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့ (AOW) က ခန့်မှန်းထားပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရရှိတဲ့ ဝင်ငွေများကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း( MOGE ) က လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီး (၂၀၁၇-၁၈) MEITI ရဲ့ အစီရင်ခံစာအရ အမေရိကန် ဒေါ်လာ (၅၀၄) သန်းကို တစ်ခြားငွေစာရင်းသို့ လွှဲပြောင်းနိုင်ခဲ့တယ် လို့ဆိုပါတယ်။ (၂၀၁၈) တစ်နှစ်တည်း မှာတင် (MOGE) ဟာ အမေရိကန်ဒေါ်လာ(၄.၆) ဘီလီယံထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရ ရှိတဲ့အမြတ်ငွေ အဖြစ် တစ်ခြားငွေစာရင်းမှာ စုဆောင်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်တပ်ကနိုင်ငံအာဏာကို တစ်ဦးထဲစိတ်ကြိုက်ချယ်လှယ် အုပ်ချုပ်ခဲ့ပြီး (၂၀၀၈) ခြေဉနဲ့ စစ်အာဏာရှင်စနစ် ကိုအဆုံး တစ်ခန်းရပ်ခဲ့ပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျူသူအဖြစ် ဩဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရလာခဲ့ပြီး နောက် စစ်တပ်နဲ့ လူထုထောက်ခံမှု ကြီးအကျယ်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြားမှာ နိုင်ငံရေး တင်းမာမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဂယက်ကြောင့်ဘဲ (၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာ အစိုးရအဖွဲ့က မဲမသမာမှုတွေလုပ်ခဲ့တယ်လို့ ဆိုကာ စစ်တပ်က အာဏာသိမ်းယူလိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ရခိုင်ပြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် (၂၀၁၈) နှစ်ကုန်ပိုင်းကနေစတင်ပြီး (၂၀၂၀) နိုဝင်ဘာ လအထိ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲပေါင်း လေးထောင်ကျော် ဖြစ်ပွားခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရဟာ ရခိုင်ပြည်ထဲကမြို့နယ် တချို့ကို တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ပေးပြီး ရခိုင်လူထ ထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ ရက္ခိုင့်တပ်တော်(AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာကာ စစ်တပ်ကို စိတ်ကြိုက်လုပ်ခွင့် ပေးထားခဲ့တာပါ။

အမြစ်ပြတ်ချေမှုန်းရေးခေါင်းစဉ်တပ်ပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် ရက္ခိုင့်တပ်တော်ဟာ နှစ်နှစ်အတွင်း အင်အားအဆမတန်ကြီးမားလာခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံးမှာ ခြေချလှုပ်ရှားနိုင်ခဲ့ကာ လက်ရှိအချိန်မှာ တရားစီရင်ရေး၊အုပ်ချုပ်ရေးနဲ့ အခွန်လုပ်ငန်းတို့ကို လုပ်ဆောင်နေပြီလို့ သိရပါတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ (၂၀၂၀) နိုဝင်ဘာလကတည်းက တိုက်ပွဲတွေရပ်တန့်ထားကြပေမယ့် ဒီနေ့ထိတော့ နိုင်ငံရေးသဘောအရ တရားဝင်ဆွေးနွေးတာမျိုးကို မတွေ့ရသေးပါဘူး။

ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ကတော့ ရက္ခိုင့်တပ်တော်က မျှော်မှန်းထားတဲ့ နိုင်ငံရေးကို အရပ်သားအစိုးရလည်းမပေးနိုင်သလို စစ်ကောင်စီကလည်း ပေးနိုင်မှာမဟုတ်ဘူးလို့ မီဒီယာတွေမှာဖြေကြားဖူးတာကို တွေ့ဖူးပါတယ်။ ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်ကိုကွန်ဖယ်ဒရိတ် (သို့မဟုတ်) “ဝ”ထက်မနိမ့်တဲ့ နိုင်ငံရေးပုံစံမျိုးကို လိုချင်တယ်လို့ ကြွေးကြော်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာ နိုင်ငံကို ဒီမိုကရေစီဖယ်ဒရယ် နိုင်ငံအဖြစ်တည်ဆောက်ဖို့ ဆွေးနွေးချက်တွေရှိခဲ့ပေမယ့် ဒါဟာ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူအခွင့်အရေးနဲ့ ပြည်နယ်တွေဖွဲ့စည်းပြီး ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အခြေခံတဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မဟုတ်ခဲ့ပါဘူး။ သို့သော်လည်း စစ်တပ်ကအာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသူတွေဦးဆောင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဖယ်ဒရာယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကြွေးကြော်ထားပါတယ်။

ဒါဟာလည်း ပြည်နယ်လူမျိုး တိုင်းရင်းသားတွေနဲ့ တိုင်းဒေသကြီးက ဗမာတွေအကြား အသေးစိတ်ကို ထပ်ပြီး ငြင်းခုံကြရဦးမယ့် သဘောလို့သာမြင်ပါတယ်။ အာဏာသိမ်းတာမဟုတ်ဘူး အာဏာထိန်းတာလို့ကြွေကြော်ထားတဲ့ စစ်တပ်ကတော့  (၂၀၀၈) ခြေဉအတိုင်း ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ ကြေညာထားပြီး အချိုးကျခွဲဝေမှုစနစ် (PR) ကို ကျင့်သုံးဖို့ ပြင်ဆင်နေတာကို တွေ့ရနေပါတယ်။ ဒါဟာ လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်းရှိထားပြီးဖြစ်တဲ့ စစ်တပ်ကိုယ် စားလှယ်တွေနဲ့ စစ်တပ်အငြိမ်းစားတွေ ဦးဆောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီက တစ်နိုင်ငံလုံးပြိုင် ဆိုင်ပြီးရရှိလာမယ့် အချိုးကျလွှတ်တော်အမတ်တွေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့မဟာမိတ် အုပ်စုတွေစုဖွဲ့ကာ (၂၀၀၈) ခြေဥကို ကာကွယ်ထားပြီး တိုင်းရင်းသားတွေရဲ့ သယံဇာတတွေကို ဂုတ်သွေးစုတ်အမြတ်ထုတ်ယူမှုကို ဆက်လက် ရယူထားမှာပဲ ဖြစ်ပါတယ်။

ဆိုတော့ ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဖြစ်တဲ့ ဖယ်ဒရာယ် ပြည်ထောင်စု (သို့မဟုတ်) တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာဖို့ဆိုတာ လက်ရှိအချိန်အထိ လမ်းစမရှိသေးသလို ပြည်နယ်တွေအတွက် ဘယ်လောက်ထိ တည်ဆောက်နိုင်မလဲဆိုတဲ့ အပေါ်မူတည်တယ်လို့တောင် ပြောဖို့ခက်တဲ့ အခြေအနေအဖြစ်ရှုမြင်ပါတယ်။

အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားနဲ့ ပြည်ထောင်စုအမည်ခံ အာဏာရှင်ကျ ဆုံးရေးဟာ ဒီနိုင်ငံသယံဇာတတွေနဲ့ များစွာဆက်နွယ်နေသေးပြီး တိုင်းရင်းသားတွေကတော့ သယံဇာတဂုတ်သွေးစုတ် အမြတ်ထုတ်မှု နောက်ကွယ်မှာ ပဋိပက္ခတွေသာများနေဖို့ ရှိနေပါသေးတယ်။ တိုင်းရင်းသားတွေရဲ့ အဖိုးတန် သယံဇာတဂုတ်သွေးစုတ်ယူမှုနောက်ကွယ်မှာ “ရွှေရည်စိမ်ငြိမ်းချမ်းရေး” ဟာ မြန်မာနိုင်ငံမှာ နောက်ထပ်က စားကွက်တစ်ခုအဖြစ် ဖြစ်မလာဖို့သာ ဆုတောင်းမိပါတယ်။

ဗီဒီယိုများ