စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် အကျပ်အတည်းများစွာကြုံနေရ

ရခိုင်ပြည်သည် မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့်အတွက် ယခုလိုအခြေအနေမျိုးတွင် စီးပွားရေးနှင့် လူတစ်ဦးချင်း၏ ဝင်ငွေမှာလည်း များစွာကျဆင်းလာနေသည်ဟု လက်ရှိ ရခိုင်ပြည်၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်ပြီး ရခိုင်စီးပွားရေးဦးဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ ဒုတိယဥက္ကဌလည်းဖြစ် မန်းနေဂျင်းဒါရိုက်တာလည်းဖြစ်သူ ဦးခင်မောင်ကြီးက ယခုလိုသုံးသပ်ပြောဆိုသည်။

09 Jun 2021

DMG ၊ ဇွန် ၉

(သတင်းဆောင်းပါး)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်တွင် စီးပွားရေး၊ လူမှုရေးနှင့် တခြားသော ကိစ္စရပ်များ၌ အကျပ်အတည်းများစွာကြုံတွေ့နေရသည်။

စစ်တပ်အာဏာသိမ်းမှုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလျှင် ယခု ၄ လ ကျော်လာပြီဖြစ်သည်။ အဆိုပါ အချိန်ကာအတွင်း ရခိုင်ပြည်၏စီးပွားရေးမှာ ဘက်ပေါင်းစုံမှ ကျဆင်းလျှက်ရှိသည်ကိုတွေ့ရသည်။

ယခု မေလ ရခိုင်ပြည်နယ်က ဆောက်လုပ်ရေးကုမ္ပဏီများ၏  အခက်အခဲများကို ဖြေလျော့နိုင်ရေးအတွက် ကူညီပေးရန် ရခိုင်ပြည်နယ်စစ်ကောင်စီကို မေတ္တာရပ်ခံခဲ့သည်။ ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် လုပ်ငန်းသုံး အဓိကပစ္စည်းများဖြစ်သော သံချောင်း၊ ဘီလပ်မြေ၊ သွပ်ပြား၊ မျက်နှာကြက်အပါဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများမှာ ဈေးနှုန်းများစွာမြင့်တက်လာခြင်း၊ ဘဏ်များ၌ ငွေထုတ်ယူ၍ မရခြင်းတို့ကြောင့် ဆောက်လုပ်ရေး ကမ္ပဏီများမှာ များစွာအခက်ကြုံနေရခြင်းဖြစ်သည်။

ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် လက်ရှိတွင် သံတန်ချိန် ၃၀ ခန့် ဝယ်ယူလျှင် ငွေကျပ်သိန်း ၈၀ ခန့် အပိုသုံးစွဲနေရပြီး အခက်အခဲများစွာရှိနေသည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (ရခိုင်ပြည်နယ်) မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိန်အောင်က ပြောသည်။

ယခင် အစိုးရလက်ထက်က အောင်မြင်ခဲ့သည့် တင်ဒါများမှာ ယခုနှစ် ၉ လပိုင်းတွင် ဘဏ္ဍာရေးနှစ်ကုန်သဖြင့်  လုပ်ငန်းအပြီးစီး အပ်နှံရမည်ဖြစ်သော်လည်း လက်ရှိတွင် ဘဏ်မှ ငွေထုတ်ယူ၍မရသလို ဆောက်လုပ်ရေး ပစ္စည်းများမှာလည်း အဆမတန်ဈေးတက်နေသည့်အတွက် များစွာအခက်ဖြစ်နေကြောင်း သူကဆိုသည်။

“ လက်ရှိ ကျွန်တော် သံတန်ချိန် ၃၀ လောက်ဝယ်လိုက်တာ အရင်ဈေးနဲ့ဆိုရင် သိန်း ၈၀ လောက်ကို အရှုံးပေါ်နေတယ်။ ” ဟု ဦးစိန်အောင်ကပြောသည်။

ယင်းအပြင် မေလ ၂၉ ရက်နေ့ကလည်း ရခိုင်စီးပွားရေးကုမ္ပဏီများလုပ်ငန်းရှင်များနှင့် စီးပွားရေးလောကသားများသို့ တိုက်တွန်းသည့် သဘောထားမှတ်ချက်တစ်စောင်ကို ရခိုင်တစ်မျိုးသားလုံး ညီညွှတ်ရေးကော်တီမှ ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ယနေ့ နိုင်ငံရေးမငြိမ်သက်မှုများကြောင့် စီးပွားရေးလောကတစ်ခုလုံး ယိုယွင်းဆုတ်ယုတ်လျှက်ရှိနေပြီး ခေတ်အဆက်ဆက် စီမံခန့်ခွဲမှုအမှားများကြောင့် ပစ်ပယ်ခံရသော ရခိုင်ထုတ်ကုန်များ၊ ကုန်စည်စီးဆင်းမှုများ တဖြေးဖြေးပျက်စီးယိုယွင်းလျှက်ရှိပြီး ရခိုင်လူထုကို ထိခိုက် သက်ရောက်မှုများ ပြင်းထန်လာကြောင်းဖေါ်ပြထားသည်။

ထိုကြောင့် ရခိုင်ပြည်၏  လက်လီ၊ လက်ကား ရောင်းဝယ်မှုများ၊ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများသည် ရခိုင်ပြင်ပဒေသများနှင့် ပြည်ပသွင်းကုန်များကို မှီခိုနေရသည့်အတွက် စီးပွားရေးလောကသားများ သိရှိပြီးဖြစ်သည့်အတွက် လက်ရှိအခြေအနေရပ်များကို ရခိုင်ပြည်ရှိကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စိုက်ပျိုးရေးနှင့် စားကုန်ထုတ်လုပ်မှုအပိုင်းကို အရေးတကြီးစွန့်စား ရင်းနှီးမြုပ်နှံရန် လိုအပ်သလို၊ လက်ရှိအချိန်သည် ရခိုင်ပြည်စီးပွားရေးလောကသားများအားလုံးသို့ အလွန်အရေးကြီးသည့် အချိန်ဖြစ်ကြောင်းကိုလည်း ရခိုင်တစ်မျိုးသားလုံးညီညွှတ်ရေးကော်မတီမှ အလေးအနက် တိုက်တွန်းထားသည်။

ရခိုင်ပြည်သည် မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့်အတွက် ယခုလိုအခြေအနေမျိုးတွင် စီးပွားရေးနှင့် လူတစ်ဦးချင်း၏ ဝင်ငွေမှာလည်း များစွာကျဆင်းလာနေသည်ဟု လက်ရှိ ရခိုင်ပြည်၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်ပြီး ရခိုင်စီးပွားရေးဦးဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ ဒုတိယဥက္ကဌလည်းဖြစ် မန်းနေဂျင်းဒါရိုက်တာလည်းဖြစ်သူ ဦးခင်မောင်ကြီးက ယခုလိုသုံးသပ်ပြောဆိုသည်။

“အခုအခြေအနေမျိုးမှာဆိုရင် စီးပွားရေးနဲ့ လူတစ်ဦးချင်း၏ ဝင်ငွေဟာ အများကြီးကျဆင်းကာ အများကြီး ထိခိုက်လာတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် မှန်းကြည့်ပြီးရင် ပြောမယ်ဆိုရင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားတယ်လို့ သိရတယ်” ဟုပြောသည်။

ကုန်ဈေးနှုန်းများအပိုင်းတွင်လည်း နိုင်ငံခြားမှသွင်းသည့် ကုန်ပစ္စည်းများအပါဝင် ပြည်မဖက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများပါ ဒေါ်လာဈေးအတက်အကျ၊ ဘဏ်များ၏ငွေကြေး အကျပ်အတည်းများကြောင့် ကုန်ဈေးနှုန်းများမှာ မြင့်တက်လျှက်ရှိနေသည်ဟု ဦးခင်မောင်ကြီးကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် အာဏာဖီဆန်ရေး၊ CDM လှုပ်ရှားမှုအရေးများမှာ အနည်းငယ်သာရှိခဲ့သလို၊ စစ်တပ်နှင့် AA တို့ကြား အပစ်ရပ်ထားသည့် အခြေအနေများလည်းရှိနေသည့်အတွက် ရခိုင်ပြည်၏ စီးပွားရေးနှင့်ခြားသော အကြောင်းအရာများကို ကိုင်တွယ်နိုင်လိမ့်မည်ဟု လက်ရှိ စစ်ကောင်စီမှ ယုံကြည်မှုများရှိခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ကြသည်။

စစ်ဘေးရှောင်များစွာရှိသေးသော ရခိုင်ပြည်တွင် စစ်ကောင်စီအဖွဲ့ဝင်များအနေဖြင့် ယခင်အစိုးရလက်ထက်ကထက် ပိုပြီးဂရုစိုက်သည့်အကြောင်းကိုပြသလိုသည့် ဆန္ဒရှိနေသလို၊ ကောင်စီအဖွဲ့ဝင်ထဲတွင် ယခင်က လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များလည်းပါနေသဖြင့် စစ်ရှောင်များအရေးနှင့်ပတ်သက်ပြီး စောလျင်စွာ တုံ့ပြန်မှုရှိသော်လည်း စစ်ကောင်စီ၏တုန့်ပြန်မှုမှာ စစ်ရှောင်များအတွက် အဆင်ပြေနိုင်သည့် အခြေအနေမဟုတ်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှု အပိုင်းတွေတော့ တွေ့ရတယ်။ ဒါပေမယ့် ဘာတစ်ခု အခက်အခဲရှိလည်းဆိုရင် သူတို့ရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေဟာ စစ်ရှောင်တွေရဲ့ အခက်အခဲကို ပြေလည်နိုင်စေတဲ့ အနေအထားမျိုးလား။ အဆင်ပြေတဲ့ အနေအထားလားဆိုရင် မဟုတ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် ဗဟိုထိန်းချုပ်မှုပြိုကျနေသည့်အတွက် ကုန်စည်စီးဆင်းမှုအပိုင်းတွင် ရခိုင်ပြည်အတွက် ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များကို မှီခိုနေရသလို မြန်နိုင်ငံသည်လည်း ပြည်ပမှသွင်းယူသည့် ကုန်ပစ္စည်းများကို မှီခိုနေရသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လယ်သမားများအနေဖြင့် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးထွန်ယက်မှုအပိုင်းတွင် များစွာအခက်တွေ့လာနိုင်ကြောင်း ဦးခင်မောင်ကြီးကသုံး သပ်ပြောဆိုသည်။

ရခိုင်ပြည်တွင် စိုက်ပျိုးမြေဧက ၁၂ သိန်းနှင့် ၁၅ သိန်းပတ်ဝန်းကျင်တွင် ရှိသော်လည်း ပြီးခဲ့သည့်နှစ်များကဆိုလျှင် ဧက ၈ သိန်းနှင့် ၁၀ သိန်းဝန်းကျင်ခန့်သာ စိုက်ပျိုးနိုင်ခဲ့ပြီး အပြည့်အဝ မစိုက်ပျိုးနိုင်မှု၊ စိုက်ပျိုးထားသည့် စပါးများကိုလည်း အပြည့်အဝရိတ်သိမ်းခွင့်မရသည့် အခက်အခဲများရှိခဲ့ကြောင်း ဦးခင်မောင်ကြီးက ပြောသည်။

“ စပါးစိုက်ပျိုးရေးလုပ်ငန်းက ရခိုင်ပြည်နယ်စီးပွားရေး၏ အဓိကအချက်အချာလုပ်ငန်းဖြစ်နေတယ်။ ဒီနှစ်မှာလည်း ပြည့်ပြည့်ဝဝစိုက်ပျိုးနိုင်မှာမဟုတ်၊ ပြည့်ပြည့်ဝဝရိပ်သိမ်းနိုင်မှာမဟုတ်ဆိုတော့ အဓိက လယ်ယာစိုက်ပျိုးရေးကရလာတဲ့ ဝင်ငွေတွေနဲ့ ဝယ်ယူစားသုံးမှုဈေးကွက်တွေ ထိခိုက်လာမယ်။” ဟု ၎င်းက သုံးသပ်သည်။

လက်ရှိ ကြုံတွေ့နေရသည့် စစ်ဘေးရှောင်များအရေး၊ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် တခြားသော ရခိုင်ပြည်သူများကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီအနေဖြင့် မည့်သို့ဆောင်ရွက်သွားမည့်အကြောင်းကို စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် ဖေါ်ပြနိုင်ခြင်းမရှိပေ။

ဗီဒီယိုများ