ရခိုင်လူမျိုးတိုင်း တန်ဖိုးထားရမည့် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း

ယနေ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့သည် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်သည့် (၂၉) နှစ်မြောက်နေ့ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုး၊ ရခိုင်တို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းများအပေါ်ထားရှိသော ဆရာကြီး၏ စိတ်ဓာတ်သည်ကား ရခိုင်လူမျိုးတိုင်းအတွက် လေးစားအတုယူစရာဖြစ်သကဲ့သို့ ရခိုင်လူမျိုးတိုင်း တန်ဖိုးထားမြတ်နိုးရမည့် စံပြခေါင်းဆောင်ကြီး တစ်ဦးပင်ဖြစ်သည်။

14 Aug 2019

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ၊ ဓာတ်ပုံ - အင်တာနက်

ယနေ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့သည် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်သည့် (၂၉) နှစ်မြောက်နေ့ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုး၊ ရခိုင်တို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းများအပေါ်ထားရှိသော ဆရာကြီး၏ စိတ်ဓာတ်သည်ကား ရခိုင်လူမျိုးတိုင်းအတွက် လေးစားအတုယူစရာဖြစ်သကဲ့သို့ ရခိုင်လူမျိုးတိုင်း တန်ဖိုးထားမြတ်နိုးရမည့် စံပြခေါင်းဆောင်ကြီး တစ်ဦးပင်ဖြစ်သည်။

ထို့ကြောင့် ဆရာကြီး၏ အတ္ထုပတ္တိအကျဉ်းအား ရခိုင်လူငယ်များ အတုယူ လေးစား တန်ဖိုးထားတတ်စေရန် DMG မှ ဖော်ပြပေးလိုက်ပါသည်။ ယခုဖော်ပြသည့် ဆရာကြီး အတ္ထုပတ္တိအကျဉ်းကို ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(AHRDO) ၏ လက်ကမ်းစာစောင်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဆရာကြီးဦးဦးသာထွန်း အတ္ထုပတ္တိအကျဉ်း

ဆရာကြီးဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာအနီး အဖဦးကောင်းစံရွီ၊ အမိဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် မွေးဖွားခဲ့ပြီး တစ်ဦးတည်းသောသားဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင်ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နှုတ်တိုက်အာဂုံ သင်ကြားပေးခဲ့သည်။ နဝမတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်းပုဂ္ဂိုလ်တို့ထံတွင် သက္ကဋပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီပညာရပ်များကို လေ့လာဆည်းဖူးခဲ့သည်။

၁၉၅၀ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနခွဲတွင် ရခိုင်-မြန်မာပဏ္ဍိတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီး စုဆောင်းတည်ဆောက်ခဲ့သော ပြတိုက်ကြီးဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၈၃ ခုနှစ်အထိ တူးဖော်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်း တူးဖော်မူလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ တူးဖော်ဆောင်ရွက်ခဲ့သည်။

မာက်ဦးဘုရားသမိုင်း (၁၃၀၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ်တောင်ဘုရားသမိုင်းကျမ်း ပြင်ဆင်ဖြည့်စွက်ချက် (၁၉၅၂-၁၉၅၃ ပုံနှိပ်)၊ ရခိုင်အမျိုးသမီးသူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃-၅၄ ပုံနှိပ်)၊ ရက္ခိုင်ရာဇဝင်သင်္သေပကျမ်း (၁၉၅၄-၅၅ ပုံနှိပ်)၊ ဝသဲဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ်ဘုရားသမိုင်းပုံနှိပ်များအား ပုံနှိပ်ထုတ်ဝေခဲ့သည်။ ရက္ခိုင်ကဗျာ ပေါင်းချုပ်၊ ရက္ခိုင်ရာဇဝင်ဘာသာပြန်၊ ရက္ခိုုင်ဒင်္ဂါးများ(ဘာသာပြန်)၊ ရက္ခိုင်ဓာတ်တော်ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်ခိုးကြီးဘုရားများ၊ သမိုင်းကျမ်းစာများကို ရေးသားပြုစုပြီး ဘဏ္ဍာရေးဝန်ကြီး ဆရာဦးထွန်းအောင်ကျော်ထံတွင် အပ်နှံခဲ့သည်။

အံတော်သိမ်ဘုရားသမိုင်းကျမ်း၊ သဲတက်ဘုရားသမိုင်းကျမ်း၊ ထီးတော်မိုးဘုရားသမိုင်းကျမ်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ ပါးတော်ဘုရားသမိုင်း၊ ဘုရားပေါ်ဘုရားသမိုင်း၊ ရှစ်သောင်းဘုရားသမိုင်း၊ မင်္ဂလာဓာတ်ရွှေဂူဘုရားသမိုင်းများကို လင်္ကာ၊ စကားပြေ၊ မော်ကွန်းစသည်တို့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဓညဝတီမဂ္ဂဇင်းအား စာတည်းအယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေခဲ့သည်။ ဓညဝတီစာစောင်၊ ဓညဝတီမဂ္ဂဇင်း၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ မန္တလေးပြည်သူ့ဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ ယဉ်ကျေးမူစာစောင်၊ ရခိုင်စာစောင်၊ ဝရာဇ်မြေမဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယအစရှိသော ကလောင်အမည်များဖြင့် ဆောင်းပါးများရေးသားခဲ့သည်။ မြို့စောင့်နတ်ဒေဝတာဗလိပူဇော်ကျမ်း၊ အဉ္စနနိဒန်းဆေးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်တီးလုံးများ၊ ကဗျာများ၊ စုပေါင်းစာတမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာ ပန်းတျားတီးလုံး တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာစာတမ်း၊ ရခိုင်သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပါယ်ထွက်ပုံ စာတမ်း၊ ရခိုင်ပလွီ(ပြွီ) အမျိုးမျိုးပြုလုပ်ပုံအတိုင်းအတာ စာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓပူဇေနိယဆီမီးခွက်အက၊ တေးခြင်းကဗျာ စသည်တို့ကို ရေးသားပြုစုခဲ့သည်။

ဆင်ယင်ထုံးဖွဲမူကျမ်း (မူကြမ်း)၊ ရခိုင်ရာဇဝင်(မူကြမ်း)၊ ရခိုင်အက္ခရာဆင်းသက်လာပုံကျမ်း၊ ရခိုင်ကျောက်စာ ပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင်သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီးဧခြင်းရှင်းလင်းချက်၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရိမောပဗ္ဗတောင်ခြေရင်းမှ တွေ့ခဲ့ရသော ကျောက်ဆစ်လက်ရာများ၊ သုတေသနပြုလုပ်ချက်(မူကြမ်း)စသည်တို့ကို ရေးသားပြုစုခဲ့သည်။

ဩစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ် PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်းပြုစုစဉ်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပါမောက္ခရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံတွင် ပါမောက္ခဦးလှသိန်း(ခေါ်) ဂျွန်အိုကဲလ်ဖို့၏ စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံစာတမ်းကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေဗစ်စတိမ်းဖာ၏ ဝေသာလီကျောက်ရုပ်ထု ဆင်းတုများ၏ နှစ်ပေါင်းကြာညောင်းမူအား တိုင်းတာမူစာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနိုတိုရရူနှင့် ရခိုင်လေယူလေသိမ်း အသံထွက်ပုံစာတမ်းနှင့် ဘောင်းဒွတ်အရပ်တွင်ရှိသော ဒတ်ရှ်ကောင်ဆယ်လာ အဆောက်အအုံနှင့် ကူးသန်းရောင်းဝယ်ခဲ့ပုံ စာတမ်းကို လည်းကောင်းရေးသားပြုစုကူညီခဲ့သည်။

နိုင်ငံတော်အစိုးရ ယဉ်ကျေးမူဌာနနှင့် အခြားပုဂ္ဂိုလ်တို့ကိုလည်း ဆရာကြီးက ကူညီပေးခဲ့သည်။ ဦးမင်းနိုင်၏ ပြည်ထောင်စုအကပဒေသာစာအုပ်(၁၉၅၉)၊ ရခိုင်တိုင်းရင်းသားလူမျိုးဖြစ်စဉ်နှင့် ဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာစည်တော်နှင့် တူရိယာ တီးကွက်များစာတမ်း၊ မြန်မာဝေါဟာရ အဘိဓာန်ကျမ်းပြုစုစဉ် ဝေါဟာရစာလုံးများပြုစုပြီး ပို့ပေးခြင်း၊ ရခိုင်ဝေါဟာရအဘိဓာန်ပြုစုစဉ် ဝေါဟာရစာလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကားချက်များ စာအုပ်ပြုစုခြင်း၊ ၁၉၇၆-၇၇ ခုနှစ် ရခိုင်ပြည်နယ်နေ့ ၊ ရခိုင်ပြည်နယ်တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ ဝတ်စုံစာတမ်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန်စည်တို့ကို ပါဝင်ကူညီရေးသားခဲ့သည်။
အထက်တန်းပညာဦးစီးဌာန ညွှန်ချုပ်(ငြိမ်း) ပါမောက္ခ ဦးစံသာအောင်အတွက်လည်း ၁၉၇၂ ခုနှစ် အဘိဓမ္မာ ကောက်နုတ်ချက် ပုရပိုက်ကို မိုက်ကရိုဖလင်ရိုက်နှိပ်ရန်အတွက်လည်းကောင်း၊ ကဝိကဏ္ဍပါသဏကျမ်းစာပေမူကို မိုက်ကရိုဖလင်ရိုက်နှိပ်ရန်အတွက်လည်းကောင်း၊ လျှို့ဝှက်ကျောက်စာ ဂဏ္ဏန်းရေးနည်းပေမူကို မိုက်ကရိုဖလင်ရိုက်ရန်လည်းကောင်း၊ အေဒီ (၆)ရာစုနှင့် ယင်းမတိုင်မှီက ရခိုင်ပြည်သုံးအက္ခရာစာအုပ်ပြုလုပ်ရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား (၈) ရာစု ရခိုင်ဝေသာလီစာအုပ်ပြုစုရာတွင်လည်းကောင်း ရခိုင်ဒင်္ဂါးများသမိုင်းပြုစုရာတွင်လည်းကောင်း၊ ဗုဒ္ဓအနုပညာ (Buddish Art of Ancient Arakan) စာအုပ်ပြုစုရာတွင်လည်းကောင်း ပါဝင်ကူညီခဲ့သည်။

၁၉၅၉ ခုနှစ်မှာ မြန်မာ့အသံရေဒီယိုမှ ရခိုင်အသံကို အစအဆုံးအသံလွှင့်ခဲ့သည်။ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သော ရခိုင်ယဉ်ကျေးမူအမွေအနှစ်၊ ရခိုင်သမိုင်း၊ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ထုံးတမ်းအစဉ်အလာများအား ကမ္ဘာကသိအောင် ရှာဖွေလေ့လာဖော်ထုတ်ခဲ့သည်။ ရခိုင်သူ ရခိုင်သားများကိုလည်း ရခိုင်ယဉ်ကျေးမူအမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်လည်း အမြဲဆော်ဩခဲ့သည်။ ဆရာကြီးသည် ရခိုင့်ယဉ်ကျေးမူ အမွေအနှစ်၊ ရခိုင့်သမိုင်း ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ထုံးတမ်းစဉ်လာများကို ဖော်ထုတ်ခဲ့သောဖခင်ကြီးဖြစ်သည်။

ဆရာကြီးရေးသားခဲ့သော ရခိုင်တန်ဆောင်ဆောင်းပါးများစာအုပ် ၊ ဓာတ်ပုံ - အင်တာနက်

ဆရာကြီးသည် ဒီမိုကရေစီရရှိရေး၊ တိုင်းရင်းသားများတန်းတူ အခွင့်အရေးရရေးအတွက် စွမ်းစွမ်းတမံရှေးတန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည်။ ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တွင် နာယကကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့နဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်သည်။ ဆရာကြီးသည် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်သို့ မဲဆွယ်တရားဟောထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ်တရားဟောပွဲတွင် တရားဟောနေစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။

ဆရာကြီးအား အမျိုးသားရေးတရားဟောသည် စသည့်ဖြင့် အမျိုးမျိုးစွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗမာစစ်အစိုးရ၏ တိုင်းပြည်အပေါ်မတရားစော်ကားမူများကို ဆရာကြီး၏ အချက်ကျကျ ဝေဖန်ဟောပြောမူများကြောင့် ဗမာစစ်ဝါဒီများ၊ ဗမာလူမျိုးကြီး ဝါဒီများအား အနာပေါ်တုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိမခံမရပ်နိုင်ဖြစ်ခဲ့ရသည်။ ထောင်ထဲတွင် ဆရာကြီးအား ထမင်းကျွေးရာတွင် စိန်အစရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ်ကျွေးလုပ်ကြံခဲ့ရာ ထောင်ကျပြီး (၅)လအကြာ ၁၉၉၀ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ရခိုင်တစ်မျိုးသားလုံး လေးစားကြည်ညိုသောဆရာကြီးအား (နဝတ)အစိုးရက အဆိပ်ခပ်သတ်ဖြတ်ကာ ရခိုင်တစ်မျိုးသားလုံး ဦးကျိုးအောင် ချိုးနှိမ်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီးသေဆုံးခြင်းသည် သူတို့လက်ချက်မဟုတ်ကြောင်းကို ခိုင်လုံထင်ရှားစေရန် ဗမာစစ်အစိုးရလုပ်ကြံဆောင်းပါးများ ဖန်တီးရေးသားခဲ့သည်။ ဆရာကြီးသည် ဦးခေါင်းတွင် သွေးမတိတ်သည့်ရောဂါ (Cerebral Hemorrhage) ဖြင့် အကျဉ်းထောင်ဆေးရုံး တွင် သေဆုံးရခြင်းဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများလုပ်ကြံဖန်တီးခဲ့သည်။ ဆရာကြီးအလောင်းကို သူ၏ဇာတိချက်ကြွေ မွေးရပ်မြေမြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီးအလွန်တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီး ဘုရားရိပ်တွင် သဂြိုလ်ခဲ့သည်။

ဆရာကြီးသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအတွက် သူ့ဘဝတစ်လျှောက်လုံးကြိုးပမ်းခဲ့သည်။ ရခိုင်လူမျိုးများ အောက်ကျနောက်ကျမဖြစ်အောင် တိမ်ကောပျောက်ကွယ်လုဖြစ်နေသော ရခိုင်ယဉ်ကျေးမူစာပေသမိုင်း အထောက်အထားများကို ရှာဖွေခဲ့သည်။ သုတေသနပြုခဲ့သည်။ ရခိုင်သမိုင်းအား သုတေသီတစ်ယောက်အနေဖြင့် ကမ္ဘာကသိအောင်တင်ပြခဲ့သည်။

ဆရာကြီးကွယ်လွန်ခြင်းသည် ရခိုင်တစ်မျိုးသားလုံးအတွက် အကြီးမားဆုံးသော ဆုံးရှုံးမူကြီးတစ်ရပ်ဖြစ်သည်။ ဆရာကြီးအား ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်သူများမှာ ဗမာလူမျိုးကြီးဝါဒနှင့် ဗမာစစ်ဝါဒီများဖြစ်သည်။ သူတို့သည် ဆရာကြီး၏ ရုပ်ခန္ဓာအားသတ်ဖြတ်နိုင်ခဲ့သော်လည်း ဆရာကြီး၏ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အပေါ် ချစ်သည့် စိတ်ဓာတ်ကိုကားမရနိုင်ခဲ့ပေ။ ဆရာကြီး၏မွန်မြတ်သန့်စင်သော မျိုးချစ်စိတ်သည် ရခိုင်မျိုးဆက်လူငယ်များတွင် ဆက်လက်စိမ့်ဝင်ပျံနှံ့လျက်ရှိပေသည်။

ဆရာကြီးကား ရခိုင်ပြည်နှင့် ရခိုင်သမိုင်းတွင် အစဉ်ထာဝရထွန်းလင်းတောက်ပနေမည့် အာဇာနည်ကြယ်တစ်ပွင့် ဖြစ်ပေသည်။

ဗီဒီယိုများ