ရခိုင်က စွန့်ဦးတီထွင် MSME လုပ်ငန်းများ၏ ကွက်လပ်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး၏ အဓိက အသက်သွေးကြောဖြစ်သော MSME စီးပွားရေးလုပ်ငန်းများကို ရခိုင်ပြည်တွင်လည်း ခေတ်နှင့်လျော်ညီစွာ လုပ်ကိုင်မှုများ ရှိလာကြသည်။

By Admin 31 Jan 2023

ရခိုင်က စွန့်ဦးတီထွင် MSME လုပ်ငန်းများ၏ ကွက်လပ်

DMG (ဆောင်းပါး)

မင်းထွန်း - ရေးသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို အသုံးပြုကာ အဓိက မောင်းနှင်နေကြသည်။ စိုက်ပျိုးရေး/မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှာ MSME လုပ်ငန်းများ ဖြစ်ကြသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး၏ အဓိက အသက်သွေးကြောဖြစ်သော MSME စီးပွားရေးလုပ်ငန်းများကို ရခိုင်ပြည်တွင်လည်း ခေတ်နှင့်လျော်ညီစွာ လုပ်ကိုင်မှုများ ရှိလာကြသည်။ ရေခံမြေခံကောင်းပြီး သီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှုရှိသည့် ရခိုင်ဒေသတွင် စိုက်ပျိုးရေးကိုအခြေခံသော ထုတ်ကုန်များ ပေါ်ထွန်းလာရေးအတွက် လုပ်ကိုင်ရခြင်းဖြစ်သည်ဟု “အိုးသူကြီး” ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်း၏ ဒါရိုက်တာအဖွဲ့ဝင် ဦးတင်ငြိမ်းဦးက ပြောသည်။

“ကျနော်တို့ ရခိုင်ပြည်မှာက စိုက်ပျိုးရေးကိုအခြေခံတဲ့ ထုတ်ကုန်တွေက အင်မတန်နည်းတယ်။ ဆိုတော့ ကျနော်တို့က ကိုယ့်ဒေသမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ သီးနှံတွေနဲ့ဆက်စပ်ပြီး ထုတ်ကုန်ထုတ်မယ်ဆိုပြီး လုပ်တာဖြစ်ပါတယ်” ဟု သူကဆိုသည်။

“အိုးသူကြီး” ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်းမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၁၆)တွင် တည်ရှိပြီး စိတ်တူကိုယ်တူ လူငယ်တစ်စု စုပေါင်းကာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် တည်ထောင်ခဲ့ကြသည်။ လုပ်ငန်းမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်လည်ပတ်နိုင်ခဲ့သည်။

“အိုးသူကြီး” စားသောက်ကုန်ထုတ်လုပ်ငန်း၏ လုပ်ငန်းခွင်တစ်ခု။ ဓာတ်ပုံ - ဦးတင်ငြိမ်းဦး

အဆိုပါ ကုန်ထုတ်လုပ်ငန်းစက်ရုံတွင် ဒေသတွင်းမှ လူငယ် ၁၅ ဦးခန့်ကိုလည်း ဝန်ထမ်းအဖြစ်ခန့်အပ်ကာ အလုပ်အကိုင်များ ဖန်တီးပေးထားသည်။ လက်ရှိတွင် ရခိုင်ဒေရှိ သီးနှံများကို အခြေခံကာ ငရုတ်သီးမုန့် မျိုးစုံနှင့် ဟင်းမွှေးမဆလာတို့ကို ထုတ်လုပ်ဖြန့်ချိနေပြီး လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နိုင်ရန် ကြိုးစားနေကြောင်း ဦးတင်ငြိမ်းဦးက ပြောသည်။

သို့သော် ကိုယ်ထူကိုယ်ထ ပုံစံမျိုးဖြင့် ရပ်တည်နေရသည့် “အိုးသူကြီး” ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ် လုပ်ငန်းအပါအဝင် ရခိုင်ပြည်အတွင်းက MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် စိန်ခေါ်မှုများစွာ ရှိနေသည်။

MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ကုန်ကြမ်းလိုအပ်ချက်များမှာ အဓိကစိန်ခေါ်မှုဖြစ်သည်။ MSME လုပ်ငန်းများ အနာဂတ်တွင် ရေရှည်ခိုင်မာစေရန်နှင့် ထုတ်လုပ်နိုင်စွမ်း မြင့်မားစေရန်အတွက် နည်းပညာနှင့် ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးရန် လိုအပ်နေသည်။

MSME လုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ငွေကြေးအရင်းအနှီးမှာ အဓိကလိုအပ်ကြောင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း(ရခိုင်) - MSME Association Rakhine ဥက္ကဋ္ဌ ကိုညီတိုးမင်းက ပြောသည်။

“ကျနော်တို့က တပိုင်တနိုင်လုပ်ငန်းတွေများတော့ ကုန်ကြမ်းတွေကို သိုလှောင်ထားဖို့ ဆိုတာကလည်း ငွေကြေးအရင်းအနှီး ထည့်ဝင်နိုင်မှုကနည်းတော့ မလုပ်နိုင်ဘူး။ ထုတ်ကုန်တွေထုတ်တဲ့အခါ သွင်းအားစု၊ ကုန်ကြမ်းတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ငွေကြေးအရင်းအနှီးလိုလာတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအချင်းချင်း အပြန်အလှန် ဖေးမကူညီပေးရန်၊ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များအား ပြည်တွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာပြီး ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်၊ ဒေသထုတ်ကုန်များ ဈေးကွက်အတွင်းသို့ ရောက်ရှိရန်အတွက် MSME(ရခိုင်)အသင်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။

ရခိုင် MSME အသင်း ရုံးဖွင့်ပွဲအခမ်းအနား

MSME(ရခိုင်)အသင်းတွင် ရခိုင်ပြည်အတွင်းက MSME လုပ်ငန်းရှင်စုစုပေါင်း ၁၀၀ ကျော် ပါဝင်လျက်ရှိပြီး ထပ်မံဝင်ရောက်မည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားသည်။
ရခိုင်ပြည်တွင်းရှိ MSME စီးပွားရေးလုပ်ငန်းများသည် စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများနှင့် အိမ်တွင်းစက်မှု၊လက်မှုလုပ်ငန်းများ ဖြစ်သည်။ လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း ကုန်ကြမ်းများကို ပြည်မနှင့် ပြည်ပနိုင်ငံအချို့မှ မှာယူတင်သွင်းပြီး ကုန်ချောအဖြစ် ထုတ်လုပ်ကြရသည်။

ပြည်မဘက်မှ မှာယူရသည့် ကုန်ကြမ်းဈေးနှုန်း မြင့်တက်သွားပါက ဒေသကုန်ထုတ်များမှာ အလိုအလျှောက် ဈေးတက်သွားရသဖြင့် ဈေးကွက်ပိုင်းတွင် အခက်ကြုံရသည်ဟု ဆိုကြသည်။ ရခိုင်ဒေသသို့ ပြည်မဘက်မှ တိုက်ရိုက်ဝင်လာသည့် ထုတ်ကုန်များနှင့် ဒေသထွက်ထုတ်ကုန်များကို ယှဉ်ကြည့်လျှင် ဈေးနှုန်းကွာဟမှု များစွာရှိနေသည်ဟု MSME Association Rakhine ဥက္ကဋ္ဌ ကိုညီတိုးမင်းက ပြောသည်။

“ကျေးလက်နေလူဦးရေများပြားတဲ့ ကျနော်တို့ရခိုင်ဒေသမှာ စားသုံးသူကလည်း ဈေးချိုသာစွာနဲ့ စားသုံးနိုင်တဲ့ အနေအထားရှိတယ်။ ဆိုတော့ ကုန်ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေက ဈေးကွက်ပိုင်းမှာ ဈေးကောင်းမရ။ ထုတ်လုပ်မှုအပိုင်းမှာလည်း ကုန်ကြမ်းက ဈေးတက်နေတယ်ဆိုတော့ ရပ်တည်ဖို့အတွက်တောင် တော်တော်လေး ရုန်းကန်နေရတယ်” ဟု ၎င်းကဆိုသည်။

ဒေသတည်ငြိမ်မှု မရှိလျှင်လည်း ရခိုင်က MSME စီးပွားရေးလုပ်ငန်းများမှာ လုပ်ငန်းရပ်နားရသည်အထိ အခက်ကြုံတွေ့ကြရသည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကာလများတွင် မြန်မာစစ်တပ်က လမ်းခရီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် ရခိုင်တွင် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားသည်။

ကုန်ကြမ်းများ ပြတ်တောက်သွားသဖြင့် လုပ်ငန်းအချို့မှာ ယာယီရပ်နားခဲ့ရသည်။ ထုတ်လုပ်ပြီးသား ကုန်ချောပစ္စည်များကိုလည်း ဈေးကွက်ထဲသို့ မဖြန့်ချိနိုင်ခဲ့ပေ။ ထို့ကြောင့် လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများကို ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် ဒေသတည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း စစ်တွေမြို့ရှိ Lucky 7 Tissue ကုန်ထုတ်လုပ်ငန်းစက်ရုံမှ ဒါရိုက်တာအဖွဲ့ဝင် ကိုမြတ်ကျော်က ပြောသည်။

“ဒေသတည်ငြိမ်ဖို့လိုတယ်။ ဒေသတည်ငြိမ်မှ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ပစ္စည်းတွေကို သယ်လို့ရမှာ။ အဲလိုမဟုတ်ဘူးဆိုရင် ပစ္စည်းတွေကိုလည်း ဈေးကွက်ထဲ ဖြန့်လို့မရတော့ဘူး” 

ယင်းအပြင် လျှပ်စစ်မီး လုံလောက်စွာမရရှိသဖြင့် ဒေသရှိ ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်နေကြသည့် ရခိုင်မှ MSME စီးပွားရေးလုပ်ငန်းများတွင်လည်း အခက်ကြုံကြရသည်။

လျှပ်စစ်မီးပြတ်တောက်မှုမှာ သတ်မှတ်ချိန်မရှိဘဲ မကြာခဏပြတ်တောက်နေသဖြင့် လျှပ်စစ်မီးဖြင့် အဓိကအသုံးပြု၍ ကုန်ထုတ်လုပ်နေကြသည့် လုပ်ငန်းများအတွက် များစွာအခက်အခဲဖြစ်ရသည်ဟု လုပ်ငန်းရှင်များက ဆိုကြသည်။

လျှပ်စစ်မီးမရရှိပါက လုပ်ငန်းလည်ပတ်မှုကို ယာယီအလုပ်ရပ်နားထားရသည်အထိ အခက်ကြုံရသည်ဟု Lucky 7 Tissue ကုန်ထုတ်လုပ်ငန်းစက်ရုံမှ ဒါရိုက်တာအဖွဲ့ဝင် ကိုမြတ်ကျော်ကပြောသည်။

“ကျနော်တို့မှာ မော်တာ(အင်ဂျင်စက်)တွေက အများကြီးသုံးရတော့ ကိုယ်ပိုင်မီးစက် သုံးမယ်ဆိုရင်လည်း သိန်းထောင်ဂဏန်းချီပြီး ထပ်ရင်းနှီးရမယ်။ ဆိုတော့ လောလောဆယ် တိုင်းပြည်ရဲ့အခြေအနေနဲ့ ငွေကြေးအခက်အခဲတွေ အများကြီးရှိတာပေါ့။ အဲတော့ အစိုးရလျှပ်စစ်မီးကို အဓိကအားကိုးပြီး လုပ်နေရတယ်။ မီးမရဘူးဆိုရင် အလုပ်ကို ရပ်နားထားရတဲ့ သဘောရှိတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖြစ်သဖြင့် နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှင့် ကျဆင်းမှုတို့သည် MSME လုပ်ငန်းများနှင့် တိုက်ရိုက်အချိုးကျနေသည်။

ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးပယောဂတို့ကြောင့် အကျဘက်ကိုရောက်ခဲ့ရသည့် မြန်မာနိုင်ငံ၏စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရန် ဆောင်ရွက်နေကြောင်း အာဏာသိမ်းစစ်ကောင်စီက ပြောဆိုလာသည်။ ၂၀၂၂ ခုနှစ်အတွင်းက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တိုင်းနှင့်ပြည်နယ်အချို့မှ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုများရှိခဲ့သည်။

တိုင်းပြည်စီးပွားရေး ပြန်လည်မြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များနေရာတွင် ပြည်တွင်းထုတ်ကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဟု စစ်ကောင်စီက စကားဆိုထားသည်။

ရခိုင်ပြည်တွင်လည်း MSME စီးပွားရေးလုပ်ငန်းရှင်များကို ငွေကျပ် ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။ သို့သော် ခြောက်လနီးပါး ကြာမြင့်သည်အထိ ချေးငွေများထုတ်ချေးပေးခြင်း မရှိသေးကြောင်း ငွေချေးရန်လျှောက်ထားသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ချေးငွေများကို အမြန်ဆုံး ထုတ်ပေးနိုင်မည်ဆိုပါက MSME လုပ်ငန်းများကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း “အိုးသူကြီး” ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်း၏ ဒါရိုက်တာအဖွဲ့ဝင် ဦးတင်ငြိမ်းဦးက ပြောသည်။

“အခုက ပွင့်လင်းရာသီလည်းဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့အချိန် ဖြစ်နေတယ်။ ကုန်ထုတ်လုပ်မှုအတွက် အင်မတန်မှ လုပ်လို့ကောင်းတဲ့အချိန်၊ ဒီကာလမှာ ချေးငွေကိစ္စ အဆင်ပြေသွားရင်တော့ အများကြီး အကျိုးရှိပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ချေးငွေများကို ထုတ်ချေးသည့်အခါတွင်လည်း မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကို စိစစ်၍ ထုတ်ချေးပေးရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းကဏ္ဍအလိုက် ထုတ်ချေးပေးသင့်ကြောင်း ရခိုင်မှ MSME စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ငွေကျပ် ဆယ်ဘီလီယံကို MSME လုပ်ငန်းများအပါအဝင် လယ်ယာကုန်ထုပ်လုပ်ငန်း၊ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးရန်စီစဉ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ချေးငွေလျှောက်ထားသည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းများကို စိစစ်နေဆဲဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ကပြောသည်။

“အခုက စိစစ်တုန်းပဲရှိသေးတယ်။ စီစစ်ပြီးတဲ့စာရင်းတွေ အတည်ပြုထွက်လာတဲ့အချိန်မှာ အဲဒီလုပ်ငန်းရှင်တွေကို တစ်ဦးချင်းခေါ်ပြီးတော့ သူရဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားမယ်။ ဒီဟာတွေက ဘယ်တော့လောက်ပြီးမယ် ဆိုတာက ပြောလို့မရဘူး။ အကောင်းဆုံးတော့ လုပ်နေကြတာပါပဲ” ဟု သူကဆိုသည်။

မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်ပြီး လည်ပတ်နေသည့် လုပ်ငန်းရှင်များနှင့် အမှန်တကယ် ငွေကြေးလိုအပ်နေသူများကို သေချာစွာစိစစ်၍ ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးစံရွှေမောင်က ထပ်လောင်းပြောကြားသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် လိုအပ်သည့် ပစ္စည်းများကို ပြည်တွင်းမှာပင် ထုတ်လုပ်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးရာရောက်မည် ဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီမှ ပြီးခဲ့သည့် နိုဝင်ဘာလက သတင်းထုတ်ပြန်ထားသည်။

MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာပါက တိုင်းပြည်၏ စီးပွားရေးလည်း ထိုးတက်လာမည်ဖြစ်သဖြင့် ပြည်တွင်းမှ ထုတ်ကုန်များထုတ်လုပ်နိုင်အောင် အကောင်းဆုံးကြိုးပမ်းနေကြောင်း ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ဆိုသည်။

“ကိုယ့်နိုင်ငံမှာ စားသုံးဖို့အတွက် လုံလုံလောက်လောက် ထုတ်နိုင်တယ်ဆိုလို့ရှိရင် သူများနိုင်ငံက ဝယ်စရာမလိုတော့ဘူး။ ကိုယ့်ဆီကပိုက်ဆံ သူများအိတ်ထဲ မရောက်တော့ဘူး” 

MSME လုပ်ငန်းရှင်များကို လုပ်ငန်းအချင်းချင်း ချိတ်ဆက်ပြီး ဈေးကွက်အခွင့်အလမ်းများ ရရှိနိုင်အောင် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့အခမ်းအနားတွင် ဒေသထွက် MSME ထုတ်ကုန်များပြပွဲနှင့် ရောင်းချပွဲများကို လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီက ဆိုသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ရခိုင်ဒေသထွက် MSME ထုတ်ကုန်ပြပွဲနှင့်‌ရောင်းချပွဲ အခမ်းအနားကို စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်သည် ရေခံမြေခံကောင်းပြီး မြေအောက်သယံဇာများစွာထွက်သည့် ဒေသတစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ ရေနံပိုက်လိုင်း စီမံကိန်းကြီးများရှိသည်။ သို့သော် အုပ်ချုပ်သူအဆက်ဆက် လက်ဝါးကြီးအုပ်မှုများကြောင့် စီမံကိန်းကြီးများ၏ အသီးအပွင့်များကို ခံစားခွင့်မရသည့် ရခိုင်ပြည်သည် မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေရသည်။

ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ရခိုင်ပြည်သည် ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်နေရဆဲဖြစ်သည်။ ထို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုမှာလည်း တစ်နေ့လျှင် ရာနှင့်ချီရှိနေသဖြင့် နေ့စဉ်နှင့်အမျှ လူသားအရင်းအမြစ်များ တဖြည်းဖြည်း ဆုံးရှုံးလာနေရသည်။

ပြည်တွင် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပါက ပြည်တွင်းမှ ရွှေ့ပြောင်းအလုပ်သမားများ နည်းပါးလာနိုင်ပြီး စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်ကြောင်း ရခိုင်လူငယ်စွန့်ဦးရှင်များအသင်း ဥက္ကဌ ကိုကျော်မင်းထွန်းက ပြောသည်။

“စက်ရုံ၊ အလုပ်ရုံတွေရှိရင် လူငယ်တွေအတွက် အလုပ်အကိုင်တွေ များလာမယ်။ သူများနိုင်ငံကို သွားပြီးတော့ အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့။ ကိုယ့်ဒေသမှာ ကိုယ့်မိသားစုနဲ့အတူ အလုပ်လုပ်နိုင်မယ်” 

သို့သော် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အစိုးရအဆက်ဆက်သည် ပေါ်လစီအဆင့်သာ လုပ်ဆောင်နိုင်ခဲ့ပြီး တစုံတရာ ထိရောက်မှုမရှိခဲ့သဖြင့် အခက်အခဲများနှင့် ကြုံနေရခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်ကြသည်။

MSME လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပေါ်လစီသပ်သပ် လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျသည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ရခိုင်မှ ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ဆိုသည်။

“ဒီလုပ်ငန်းရှင်တွေကို ပံ့ပိုးမှုတွေက ရှေ့အစဉ်အဆက်ကနေ အခုထိ အားနည်းချက် ရှိနေသေးတယ်။ ဒီလုပ်ငန်းရှင်တွေရဲ့ ကုန်ထုတ်လုပ်မှု အရေးပါမှုကို ပေါ်လစီလောက်ကိုပဲ ပြောပြီးတော့ တကယ့်လက်တွေ့ကျတဲ့ ထောက်ပံ့ကူညီမှုတွေ မရှိသေးဘူးလို့ပြောရမယ်” ဟု ၎င်းကပြောသည်။

မည်သို့ပင်ဆိုစေကာမူ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်၏ စီးပွားရေး ပြန်လည်ဦးမော့လာရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများမှာ အဓိက အခန်းကဏ္ဍတစ်ရပ်တွင် ရှိနေသည်။

MSME စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှသာလျှင် ပြည်တွင်းရှိ အလုပ်လက်မဲ့နှုန်း လျော့ကျလာမည် ဖြစ်သလို လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် MSME လုပ်ငန်းများ ရေရှည် ရှင်သန်ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ပေးရန် လိုအပ်နေသည်။

ဗီဒီယိုများ