ရခိုင်တွင် အသေးစား၊ အလတ်စား MSME လုပ်ငန်းများ တိုးတက်လာပါက ရွှေ့ပြောင်းအလုပ်သမား နည်းပါးလာနိုင်ကြောင်းဆို

ရခိုင်ပြည်နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား  MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာလျှင် ရခိုင်ပြည်တွင်းက ရွှေ့ပြောင်းအလုပ်သမားများ နည်းပါးလာနိုင်ပြီး စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း ရခိုင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

04 Jul 2022

စစ်တွေမြို့၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်စခန်းအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၄

ရခိုင်ပြည်နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား  MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာလျှင် ရခိုင်ပြည်တွင်းက ရွှေ့ပြောင်းအလုပ်သမားများ နည်းပါးလာနိုင်ပြီး စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း ရခိုင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

“ရခိုင်ပြည်နယ်မှာ MSME ဖွံ့ဖြိုးလာမယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေ နည်းလာမယ်။ စက်ရုံ၊ အလုပ်ရုံ တွေရှိရင် လူငယ်တွေအတွက် အလုပ်အကိုင်တွေ များလာမယ်။ သူများနိုင်ငံကို သွားပြီးတော့ အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့။ ကိုယ့်ဒေသမှာ ကိုယ့်မိသားစုနဲ့အတူ အလုပ်လုပ်နိုင်မယ်။ အခုဆိုရင် တစ်လမှာ လူပေါင်း နှစ်ထောင်ကျော်လောက်က ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်နေတယ်”ဟု ရခိုင်လူငယ်စွန့်ဦးရှင်များအသင်း ဥက္ကဌ ကိုကျော်မင်းထွန်းက DMG သို့ပြောသည်။

ထိုသို့ ရခိုင်ပြည်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးနှင့် ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးတို့ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ရခိုပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဓိက ရခိုင်ပြည်နယ်တွင် စီးပွားရေး တိုးတက်ရန်အတွက် ကုန်ကြမ်းများပေါများသော်လည်း ကုန်ချော ထုတ်မလုပ်သေးသည့်အတွက် ကုန်ချော ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင့် ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည့် ကိုကျော်မင်းထွန်းက DMG သို့ပြောသည်။

“ကျွန်တော်တို့ အဓိက ဆွေးနွေးဖြစ်ခဲ့တာကတော့ ရခိုင်ဒေသမှာ SME ဖွံ့ဖြိုးဖို့အတွက် လုပ်လို့ရတဲ့ အခွင့်အရေး တွေ အများကြီးရှိတယ်။ ရခိုင်မှာ အခုဆိုရင် MSME ဖွံ့ဖြိုးမှုဟာ မရှိသလောက်ဖြစ်နေတယ်။ စက်ရုံ၊ အလုပ်ရုံ တွေဆိုရင် လက်ချိုးရေတွက်လို့ရတဲ့ အနေအထားသာရှိတယ်။ ကျွန်တော်တို့ ရခိုင်မှာ ပေါများတဲ့ကုန်ကြမ်းတွေ အများကြီးရှိတယ် ”ဟု ၎င်းကဆိုသည်။

ထိုသို့ ရခိုင်ပြည်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက် ရေးနှင့်ပတ်သက်ပြီး အစိုးရဆောင်ရွှက်ပေးမူအားနည်းနေသေးကြောင်းလည်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (REIC) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

“အဲဒီလို အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဖွံဖြိုးတိုးတက်ရေးတွေကို လုပ်ပေးဖို့အတွက် အစိုးရအနေနဲ့ စက်ရုံ၊ အလုပ်ရုံတွေဆောက်ဖို့အတွက် မြေနေရာတွေ ပေးရမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တိုင်ပင်ပြီးတော့ လုပ်သင့်တယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ဆွေးနွေးမူနဲ့ပတ်သက်ပြီး စစ်ကောင်စီမှ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြောရေဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သို့သော်လည်း အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက “ ပြည်နယ်အတွင်းမှာရှိသည့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖွံဖြိုးတိုးတက်လာ စေရန်အတွက် မိမိတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ ဆွေးနွေးမှုရလဒ်များအပေါ် အခြေခံပြီး မိမိတို့ပြည်နယ်၏ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ” ကို  အကြံပြု ပြောကြားခဲ့သည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ MSME လုပ်ငန်းများဖြစ်ကြပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ထုတ်လုပ်မှု လုပ်ငန်း၊ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း (CMP အပါအဝင်)၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို MSME (အသေးစားစက်မှုလက်မှုလုပ်ငန်း)အဖြစ် သတ်မှတ်ထားသည်။

ရခိုင်ပြည်တွင် MSME အသင်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ရခိုင်ပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအချင်းချင်း နည်းပညာများ ဖလှယ်ရန်၊ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ရန်နှင့် ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးရန်အပါဝင် ပြည်တွင်း ထုတ်ကုန်များအား ဈေးကွက်အတွင်းသို့ ရောက်ရှိအောင်အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် MSME လုပ်ငန်းများအနေဖြင့် မိမိတို့ထုတ်ကုန်များကို FDA ထောက်ခံချက် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခဲအခဲတချို့ရှိနေကြောင်းနှင့် ဈေးကွက်သစ်များ ရှာဖွေ ချိတ်ဆက်ရာတွင် အဆင်မပြေမှုတချို့ ရှိနေသေးကြောင်း သိရသည်။

ဗီဒီယိုများ