တစ်နိုင်ငံလုံး ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဓနိဖူးထုတ်ကုန် ပထမအဆင့်ရရှိ 

မြန်မာနိုင်တစ်ငံလုံး အတိုင်းအတာအရပြုလုပ်သည့် ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဒေသထွက် ဓနိဖူးနှင့် ဆက်စပ်ထုတ်ကုန်များဖြင့် ကျောက်ဖြူမှလုပ်ငန်းရှင်တစ်ဦးက ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်ရရှိခဲ့ကြောင်း သိရသည်။ 

By Admin 30 Mar 2023

ဓာတ်ပုံ - Hein Shwe Yaung (Facebook)
ဓာတ်ပုံ - Hein Shwe Yaung (Facebook)

DMG ၊ မတ် ၃၀

မြန်မာနိုင်တစ်ငံလုံး အတိုင်းအတာအရပြုလုပ်သည့် ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဒေသထွက် ဓနိဖူးနှင့် ဆက်စပ်ထုတ်ကုန်များဖြင့် ကျောက်ဖြူမှလုပ်ငန်းရှင်တစ်ဦးက ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲတွင် မြန်မာပြည်အနှံ့ရှိ MSME လုပ်ငန်းရှင်များက လူသုံးကုန်၊ အလှကုန်နှင့် စားသောက်ကုန် စသည့် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရခိုင်ဒေသထွက် ဓနိဖူးနှင့်ဆက်စပ်ထုတ်ကုန်က စားသောက်ကုန်အကောင်းဆုံးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ 

“လာရောက်ပြသကြတဲ့ ပစ္စည်းတွေက အများကြီးပါတယ်။ ရက်ကန်းလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း စတဲ့ လူသုံးကုန်တွေကို ဆုအသီးသီးသတ်မှတ်ထားသလို စားသောက်ကုန်မှာလည်း ပထမ၊ ဒုတိယ ဆိုပြီးတော့ ဆုတွေ သတ်မှတ်ထားကြတယ်။ အဲအထဲမှာ စားသောက်ကုန်အနေနဲ့ ပထမဆုကို ရရှိခဲ့တာ” ဟု ကျောက်ဖြူမြို့မှ “ဟိန်းရွှေရောင် ” ဒေသထုတ်ကုန်လုပ်ငန်းပိုင်ရှင် ဒေါ်ဟေမာစံက ပြောသည်။ 

နေပြည်တော်တွင် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည့် အသေးစားစက်မှုလက်မှုထုတ်ကုန်နှင့် ထုတ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများပြိုင်ပွဲတွင် ရခိုင်ဒေသထွက် ဓနိဖူးထုတ်ကုန်များဖြစ်သော ဝိုင်၊ ဓနိသကာရည်၊ ကော့တေးလ်၊ ဓနိယို ထုတ်ကုန်ပစ္စည်းများဖြင့် ကျောက်ဖြူမြို့မှ “ဟိန်းရွှေရောင်” ဒေသထုတ်ကုန်လုပ်ငန်းက ပြည်နယ်ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။ 

“စက်ရုံအလုပ်ရုံကြီးလုပ်ကိုင်နေသူတွေ အများကြီးလာပြိုင်တဲ့အထဲကမှ ကိုယ်ကအခုလိုရရှိတော့ ဝမ်းသာတယ်။ ထုတ်ကုန်နဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ အသိအမှတ်ပြုမှုတစ်ခု ရရှိခဲ့ပြီ။ ဒါပေမယ့်လည်း ကုန်ပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချီဖို့က ငွေရေးကြေးရေးအခက်အခဲတွေ ရှိနေသေးတယ်” ဟု ဒေါ်ဟေမာစံက ပြောသည်။ 

ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်တွင်ရှိသည့် “ဟိန်းရွှေရောင်” ဒေသထုန်ကုန်လုပ်ငန်းမှ ဓနိဖူးဖြင့် ဝိုင်၊ ဓနိသကာရည်၊ ကော့တေးလ်အပါအဝင် ထုတ်ကုန် (၁၀)မျိုးထုတ်လုပ်လျက် ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ တို့တွင် ရောင်းချပေးနေကြောင်း လုပ်ငန်းပိုင်ရှင်ထံမှ သိရသည်။ 

ရခိုင်ပြည် မြစ်ဝကျွန်းပေါ်ရှိ ကမ်းရိုးတန်းဒေသတစ်လျှောက် ပေါက်ရောက်လျက်ရှိသည့် ဓနိပင်များမှအဖူးများကို ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်မှုများ ရှိနေကြသော်လည်း ဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် လုပ်ငန်းရှင်းများမှာ ငွေကြေးအခက်အခဲ ရှိနေကြသည်။ 

စစ်တွေမြို့ရှိ “လခြမ်းမြီ” ဓနိဖူးခြောက်လုပ်ငန်းရှင် ဒေါ်အေးစန္ဒာက “ကျမတို့မှာ လုပ်ငန်းလိုင်စင်လည်းရှိတယ်။ ဒါပေမဲ့ နိုင်ငံတော်ကပေးမယ်ဆိုတဲ့ ချေးငွေကိစ္စက အခုထိ အဆင်မပြေသေးဘူး။ ထုတ်ထားတဲ့ကုန်ပစ္စည်းတွေကို ဟိုမှာဒီမှာသွားပြီးတော့ ဈေးကွက်ဖြန့်ဖို့ဆိုတာက ကျမတို့လို အသေးစားလုပ်ငန်းတွေအတွက် ငွေကြေးအရင်းအနှီး အရမ်းလိုအပ်ပါတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား (MSME) စက်မှု၊ လက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငွေကျပ် ၁၀ ဘီလီယံကို ထုတ်ချေးပေးသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း အဆိုပါချေးငွေမှာ လက်ရှိအချိန်ထိ MSME လုပ်ငန်းရှင်များထံသို့ မရောက်ရှိသေးကြောင်း သိရသည်။ 

စစ်ကောင်စီက ထောက်ပံ့မည့် ငွေကြေးပမာဏမှာ လုပ်ငန်းရှင်များအတွက် လုံလောက်သည့် အတိုင်းအတာတစ်ခု မရှိနိုင်ကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောသည်။ 

“အသေးစား၊အလတ်စားတို့ဆိုတာက စွန့်စွန့်စားစားလုပ်ယူရတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေလို့ ပြောလို့ရတယ်။ အဲဒီလို အနေအထားမျိုးတစ်ရပ်မှာကျတော့ တကယ့်တကယ်သင့်တော်တဲ့ ရန်ပုံငွေတစ်ရပ်နဲ့ လုပ်ငန်းရှင်တွေ စွန့်စားရကျိုးနပ်အောင် နှောင်းကြိုးကင်းတဲ့ ထောက်ပံ့ငွေဖြစ်ဖို့ အရေးကြီးပါတယ်။ ဆယ်ဘီယံလောက် ဆိုတာက သာမန်အားဖြင့် အထောက်အကူပြုရုံလောက်ပဲ ရှိပါတယ်။  ဆင်းပါးစပ်မှာ နှမ်းကြဲရုံလောက်ဆိုတဲ့ သဘောလောက်ပဲ ရှိတာ” ဟု ဦးခင်မောင်ကြီးက ပြောသည်။ 

ရခိုင်ပြည်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား (MSME) လုပ်ငန်းများကို လုပ်ကိုင်နေကြသော်လည်း ငွေကြေးရင်းနှီးမြုပ်နှံမှု အခက်အခဲတို့ကြောင့် လုပ်ငန်းလည်မှုမှာ နှောင့်နှေးမှုများ ရှိနေသည်။ 

#I008

ဗီဒီယိုများ