ရခိုင်က MSME လုပ်ငန်းများ လစ်လျူရှုခံထားရဟု လုပ်ငန်းရှင်များပြော

MSME စီးပွားရေးလုပ်ငန်းများ အထောက်အကူပြုရန်အတွက် ငွေကျပ်ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်မှာ တစ်နှစ်ခန့်ကြာသည့်တိုင် ထူးခြားမလာသည့်အပေါ် လုပ်ငန်းရှင်များက စိတ်ပျက်နေကြသည်။

By Admin 03 Aug 2023

ရခိုင်က MSME လုပ်ငန်းများ လစ်လျူရှုခံထားရဟု လုပ်ငန်းရှင်များပြော

DMG ၊ ဩဂုတ် ၃

ရခိုင်ပြည်အတွင်းက အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လစ်လျူရှုခံနေရဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

MSME စီးပွားရေးလုပ်ငန်းများ အထောက်အကူပြုရန်အတွက် ငွေကျပ်ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်မှာ တစ်နှစ်ခန့်ကြာသည့်တိုင် ထူးခြားမလာသည့်အပေါ် လုပ်ငန်းရှင်များက စိတ်ပျက်နေကြသည်။

“အစိုးရ(စစ်ကောင်စီ)မှာလည်း မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးကိစ္စတွေ လုပ်နေတော့ MSME ဘက်ကို မေ့နေတာကြောင့်လည်းဖြစ်မှာ။ ပြီးတော့ ရခိုင်က MSME လုပ်ငန်းတွေကို အလေးမထားတာကြောင့် ဖြစ်ချင်လည်း ဖြစ်မှာပေါ့” ဟု MSME Association Rakhine ဒု-ဥက္ကဌ ဦးစိုးဝင်းနိုင်က ပြောသည်။

ရခိုင်ပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာရေး၊ ပြည်သူလူထု တရပ်လုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် MSME Association Rakhine အသင်းကို ၂၀၂၂ ခုနှစ် မတ် ၁၄ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ရခိုင်ပြည်အတွင်း MSME လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသော လုပ်ငန်းများနှင့် အိမ်တွင်း စက်မှု၊လက်မှု လုပ်ငန်းများလည်း ပါဝင်သည်။

MSME စီးပွားရေးလုပ်ငန်းများမှာ စစ်ကောင်စီ၏ ကူညီပံ့ပိုးမှု အားနည်းခြင်းကြောင့် တိုးတက်အောင်မြင်မှု နှောက်နှေးနေရသည်ဟု လုပ်ငန်းရှင်များကပြောသည်။

မူလကပင် စိန်ခေါ်မှုများစွာနှင့် ရပ်တည်နေကြရသော MSME လုပ်ငန်းရှင်မှာ မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲရှိကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။

ဝါဘိုရိုးရာရက္ကန်းလုပ်ငန်းရှင် ဒေါ်အေးနုခင်က “မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကိုပြင်ပြီး ပုံမှန်ပြန်လည်ပတ်နိုင်ဖို့က ငွေကြေးအခက်အခဲရှိနေတယ်။ မုန်တိုင်းပြီးကတည်းက ချေးငွေရမယ်လို့တော့ပြောတယ်။ ဒါပေမယ့် အခုထိ ချေးငွေကိစ္စ ဘာသတင်းမှ မကြားသေးဘူး” ဟု ပြောသည်။

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် Tissue စက်ရုံအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်ရပ်တည်နိုင်လျှင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသတွင်း လူ့အရင်းမြစ်များကို ထိန်းသိမ်းထားနိုင်မည်လည်းဖြစ်သည်။

ရခိုင်ပြည်က MSME လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှုနည်းပါးခြင်း၊ ငွေကြေးအရင်းအနှီး အားနည်းချက်များကြောင့် မှေးမှိန်နေရသည်။

နိုင်ငံ၏ စီးပွားရေး တိုးတက်အောင်မြင်လာရန်အတွက် MSME စီးပွားရေးလုပ်ငန်းများကို တိုးမြှင့်ရန်လိုအပ်ကြောင်း စစ်ကောင်စီက မကြာခဏပြောဆိုသော်လည်း လက်တွေ့ဆန်မှုအပိုင်းမှာ အားနည်းနေသေးသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ရခိုင့်ဝါရင့် စီးပွားရေးသမားတစ်ဦးက “အစိုးရ(စစ်ကောင်စီ)ကတော့ MSME လုပ်ငန်တွေကို အားပေးရမယ်၊ ထောက်ပံ့ရမယ်ဆိုပြီးတော့ မူဝါဒတွေတော့ရှိတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေ ကြုံနေရတာက မူဝါဒသက်သက်နဲ့ ဖြေရှင်းလို့ မရဘူးဆိုတာပဲ။ MSME လုပ်ငန်းရှင်တွေလိုအပ်တဲ့ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားနိုင်မှ တိုးတက်အောင်မြင်မှာဖြစ်တယ်” ဟု ပြောသည်။

#I010 

ဗီဒီယိုများ