ရခိုင်လူမျိုးတွေ တန်ဖိုးထားရတဲ့ ဦးဥတ္တမနေ့

ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပေမယ့် အစိုးရဘက်ကတော့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ပြောပါတယ်။ ဒါပေမယ့် ပြည်သူလူထုတွေကတော့ ဆက်လက် တောင်းဆိုသွားမှာဖြစ်တယ် လို့ ဆိုကြပါတယ်။

09 Sep 2018

By ဖဒူ ထွန်းအောင် | DMG

ဦးဥတ္တမရုပ်ပုံပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ထားတဲ့ လူအများအပြားဟာ စစ်တွေမြို့ လမ်းမကြီးပေါ်မှာ ပြည့်နှက် နေပါတယ်။ အဆိုတော် ဦးမောင်သိန်းသီဆိုထားတဲ့ “ရခိုင့်အာဇာနည် ”သီချင်းသံဟာ ဦးဥတ္တမခန်းမနဲ့ စစ် တွေ မြို့ တစ်ခုလုံးကို လွှမ်းမိုးထားပါတယ်။ ဆရာတော်ကို  အောက်မေ့သတိရပြီး လွမ်းသူ့ပန်းခွေချသူတွေ၊ ဆရာ တော်ကို ဦးညွှတ်ဂါရဝပြုနေသူတွေနဲ့ ဦးဥတ္တမခန်းမဟာ စည်ကားနေပါတယ်။

ဆရာတော်ဦးဥတ္တမကို ဦးမြသာဦးနှင့် ဒေါ်အောင်ကြွဖြူတို့က ၁၈၇၉ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တွေမြို့မှာမွေးဖွားခဲ့ပါတယ်။ ငယ်အမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ပျံလွန်တော်မူတဲ့နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနား ကျင်းပလာတာ ၇၉ နှစ်မြောက်ရှိခဲ့ပါပြီ။

ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်အနှံ့နဲ့ ရန်ကုန်၊ ထိုင်းစတဲ့နေရာတွေမှာ ကျင်းပကြပြီး ဆရာတော်ရဲ့ သမိုင်း ကြောင်းတွေကို မျိုးဆက်သစ်လူငယ်တွေသိရှိစေဖို့အတွက် စာပေဟောပြောပွဲပါ ထည့်သွင်းပြီး ကျင်းပကြပါတယ်။

စစ်တွေမြို့မှာကျင်းပတဲ့ ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက် ရောက်ပြီးလွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။ဒါ့အပြင် ဟိန္ဒူလူမျိုးတွေနဲ့ ရခိုင်မျိုးနွယ်စုဝင်တွေလည်း တက်ရောက် ဂါရဝပြုခဲ့ကြတာတွေ့ရပါတယ်။နိုင်ငံရေးပါတီအသီးသီးကလည်း လွမ်းသူ့ပန်းခွေချကြပါတယ်။

“(ဆရာတော်က) စိတ်ဓာတ်တွေ ခံယူချက်တွေ ပြင်းပြတယ်ဆိုတာ သူ့လုပ်ရပ် ၊ သူ့ပြောစကားတွေကို ကြည့်ခြင်းအားဖြင့် အများကြီးသိနိုင်ပါတယ်။ ကျနော်တို့လည်းပဲ နိုင်ငံရေးလောကထဲမှာ ပါဝင်ပြီး ဆောင်ရွက် နေတာ ဖြစ်တဲ့အတွက်ကြောင့် ဆရာတော်မိန့်ခွန်းစကားတွေ၊အဆိုအမိန့်တွေက ကျနော်တို့အတွက် သင်ခန်းစာ ရပါတယ်။ တန်ဖိုးဖြတ်မရနိုင်ပါဘူး ”လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဦးဥတ္တမခန်းမမှာ ပြောပါတယ်။

ဦးဥတ္တမခန်းမမှာတော့ ကျောင်းသား၊ကျောင်းသူတွေ ရေးဆွဲထားတဲ့ ဆရာတော်ပန်းချီတွေ၊ ပန်းချီပညာရှင်တွေ ရေးဆွဲထားတဲ့ ရခိုင့်သဘာဝအလှပန်းချီတွေနဲ့ ဓာတ်ပုံပြပွဲတွေ ပြုလုပ်ထားတာတွေ့ရပါတယ်။

ဒါ့အပြင် စစ်တွေမြို့က ရခိုင်သမိုင်းပန်းချီပညာရှင် မအေးသန်းဦး ရေးဆွဲထားတဲ့ ရခိုင်သမိုင်းဆိုင်ရာ ပန်းချီတွေကိုလည်း ပြသထားပါတယ်။သူရဲ့ ပန်းချီတွေကိုလည်း စိတ်ဝင်တစား လေ့လာနေကြတဲ့ သူတွေကို တွေ့ခဲ့ရပါတယ်။

ဦးဥတ္တမနေ့အခမ်းအနားကို အရင်စစ်အစိုးရလက်ထက်က ကျင်းပခွင့်မပြုဘဲ ပွဲစီစဉ်သူတွေကို ဖမ်းဆီးမှုတွေပြု လုပ်ခဲ့ပါတယ်။ ဒီလို အတားအဆီး၊အဟန့်အတားတွေ ရှိနေတာကြောင့် မှေးမှိန်ပျောက်ခဲ့ပါတယ်။ ဒီလို လုပ်တာဟာ ဦးဥတ္တမရဲ့ သမိုင်းတွေကို ပြည်သူမသိရှိအောင် အမှောင်ချခြင်း ဖြစ်တယ်လို့ ရခိုင်တွေက ယူဆကြပါတယ်။

“ကျမအမျိုးသား ဦးမောင်ညိုဆိုရင် ဒီကိုလာပြီး ဆီမီးပူဇော်တယ်။ သူက အတားခံရတယ်။ သူက အိမ်မှာပဲ မီးထွန်းရတယ်။ အရင်တုန်းက ဒီလိုမျိုး ကျင်လည်ခဲ့ရတာပါ”ဟု  ဦးဥတ္တမနေ့ ပွဲကျင်းပရေးကော်မတီဥက္ကဌ ပန်းချီရှင်လှက စစ်အစိုးရလက်ထက်က အကြောင်းတွေကို ပြောလာပါတယ်။

ဦးဥတ္တမနေ့အခမ်းအနား လွတ်လပ်စွာ ကျင်းပခွင့်ရတာဟာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်းမှ ကျင်းပခွင့် ရတာပါဖြစ်ပါတယ်။ တားဆီးမှု၊ ခြောက်လှန့်မှုတွေဟာ နှစ်ကာလရှည်ပေါ်ပေါက်ခဲ့တာကြောင့် လူငယ်တွေဟာ ဦးဥတ္တမဟာ ဘယ်သူလဲ၊ ဘာတွေ လုပ်ခဲ့တာလဲဆိုတာကို သိဖို့ဆိုတာ အခက်ခဲဆုံး အချိန် တစ်ခု ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် လူငယ်တွေ ဦးဥတ္တမနေ့သမိုင်းကြောင်းကို သိရှိစေဖို့အတွက် အရှိန်အဟုန်ပြင်း ထန်စွာမောင်းနှင်ပြီး လုပ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

“ဆရာတော် သမိုင်းကြောင်းတွေကို သိအောင် စာပေဟောပြောပွဲတွေပါ ထည့်သွင်းပြီး လုပ်ခဲ့ရပါတယ် ”လို့ ပန်းချီရှင်လှက ဆိုပါတယ်။

 ဆရာတော်ဦးဥတ္တမနဲ့ သူ့ညီ ကျော်ထွန်းအောင်တို့ကို မိဘတွေက အင်္ဂလိပ်စာကို ကျွန်ပညာရေးစနစ်လို့ သတ်မှတ်ပြီး သင်ကြားမပေးလိုကြပါ။ ဒါကြောင့် တိုင်းရင်းသားဘာသာကျောင်းမှာ ပညာသင်ခဲ့ပါတယ်။ ဆဌမ တန်းရောက်တဲ့အခါ မိခင်က ကျောင်းထွက်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဦးဥတ္တမကတော့ ပညာသင်ရန် ဇွဲလုံ့လ မလျှော့ဘဲ ကြိုးစားခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ်ရောက်တဲ့အခါမှာ ရွှေစေတီကျောင်းဆရာတော်ဆီမှာ ဗုဒ္ဓစာပေတွေလေ့လာခဲ့ပါတယ်။ အသက် ၁၅ နှစ်ရောက်တဲ့အခါ မိဘတွေက သင်္ကန်းစည်းပေးခဲ့ပြီး ရန်ကုန်၊ ပဲခူး၊ မအူပင် စတဲ့ မြို့တွေမှာ ဗုဒ္ဓစာပေ တွေကို လေ့လာသင်ယူခဲ့ပါတယ်။

 မြန်မာပြည် သူ့ကျွန်ဘဝ ကျရောက်နေချိန်မှာ ကျွန်ဘဝက လွတ်မြောက်အောင်အတွက် ဦးဆောင်ခဲ့တဲ့ လမ်းပြပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်သူတွေ နယ်ချဲ့ဆန့်ကျင်ရေးနဲ့လွတ်လပ်ရေး တိုက်ပွဲဝင် စိတ်ဓာတ်တွေ ပေါက်ဖွားလာစေဖို့ တွန်းအားပေးခဲ့တဲ့ ရဟန်းတော်တစ်ပါးပါ။ ဒါကြောင့် သူ့အား လွတ်လပ်ရေး မီးရှူးတန်ဆောင်လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊အမျိုးသားရေးတရားတွေ ဟောပြောမှုကြောင့် ထောင်ဒဏ်ချမှတ်ခြင်းတွေ ခံရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပထမဆုံး အပြစ်ပေးခံရသူလို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။

 ဆရာတော်ရဲ့ ဘဝအစဟာကောင်းမွန်ခဲ့ပေမယ့် ဘဝနေညိုချိန်ဟာ မကောင်းမွန်ခဲ့ပါဘူး။  ဆရာတော်ဟာ အသက်အရွယ် ကြီးရင့်လာပြီဖြစ်တာကြောင့် အိန္ဒိယမှာ အနားယူနေချိန် ရွေးကောက်ပွဲမှာ အနိုင်ရလိုတဲ့ နိုင်ငံရေးသမားတွေက ဆရာတော်ကို လှည့်ဖြားစည်းရုံးခဲ့ပါတယ်။ ဒါကြောင့် သူတို့နဲ့အတူလိုက်သွားခဲ့ပါတယ်။ သူတို့ အနိုင်ရရှိပြီးနောက် ဆရာတော်ကို ဂရုမစိုက်ဘဲ ပစ်ပယ်ထားခဲ့ပါတယ်။ ဆရာတော်မှာ ဆီးချိုရောဂါလည်း ဆိုးဝါးလာပြီး ပြုစုမယ့်သူကင်းမဲ့ခဲ့ပါတယ်။ ဆွမ်းကိုပင် နပ်မှန်အောင် မသုံးဆောင်ရဘဲ ဝမ်းနည်းဖွယ် ပျံလွန်တော်မူခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေကဆိုကြပါတယ်။

“ကိုယ်ကျိုးအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် ရှေ့ဆောင်လမ်းပြခဲ့တဲ့ ဆရာတော်ကို လေးစားပါတယ်။ဆရာတော်ရဲ့ ကြိုးစားခဲ့တဲ့ စိတ်ဓာတ်၊ ဇွဲလုံ့လကိုလည်း အတုယူမိပါတယ် ”လို့ ဆရာတော် ဦးဥတ္တမ ရုပ်ထုကို မျက်နှာမူပြီး ပြောလာပါတယ်။

ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင် ရံုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့အတွက် ရခိုင်လူထုတွေ ပြီးခဲ့တဲ့နှစ်တွေ ကလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒီနှစ်တော့ အဲဒီလိုတောင်းဆိုတာမျိုးတွေကို မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ဦးဥတ္တမနေ့ ပွဲကျင်းပရေးကော်မတီအဖွဲ့ကတော့ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးစေချင်ကြပါတယ်။

“လူတိုင်းလိုလိုက ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးစေချင်ကြတယ် ”လို့ ပန်းချီရှင်လှက ဆိုပါတယ်။

ဒါပေမယ့် ရုံးပိတ်ရက်သတ်မှတ်ပေးဖို့  ရခိုင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးကျော်လွင်ကပြောပါတယ်။ ရုံးပိတ်ရက် သတ်မှတ်ပေးဖို့ဆိုရင်  အစိုးရတစ်ဖွဲ့တည်းဖြင့်လုပ်မရဘဲ ပြည်သူလူထုများ၊ လွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း လုပ်ဆောင်လျှင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် လူထုတစ်ရပ်လုံးက ဆန္ဒရှိတယ်ဆိုရင် အဲဒီဆန္ဒကို အစိုးရနားသို့ ပေါက်ကြား နိုင်အောင် ပြောစွမ်းဆိုစွမ်းရှိတဲ့ သူတွေသွားပြီးတော့ ဆွေးနွေးရမယ်။ အခုပြည်နယ်မှာ လုပ်တာထက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ ကိုယ့်ဒေသမှ အမတ်တွေက တင်ပြဆွေးနွေးမှ ထိရောက်မယ်ထင်ပါတယ် ”ဟု ဦးကျော်လွင်က DMG ကို စက်တင်ဘာလ ပထမအပတ်က ပြောပါတယ်။

ဆရာတော်ဦးဥတ္တမနေ့ကို စစ်တွေမြို့မှာရှိတဲ့ ပန်းချီပညာရှင်များအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ အစိုးရအဖွဲ့ကတော့ ငွေကြေးအကူအညီပေးပေမယ့် အားမရဘူးလို့ပြောပါတယ်။ အစိုးရအနေနဲ့ ဦးဥတ္တမနေ့ကို ဒီထက်ပါဝင်ပြီး လုပ်ဆောင်သင့်တယ်လို့ ပန်းချီရှင်လှက ပြောပါတယ်။

ဆရာတော်ကို ဂါရဝပြုသူတွေ ဦးဥတ္တမပန်းခြံမှာ အခုအချိန်ထိ ပြည့်နှက်နေဆဲ၊ ဆရာတော်ကို ဂုဏ်ပြုတဲ့သီချင်းတွေတော့ စစ်တွေမြို့မှာ အခုအချိန်အထိ ညံနေဆဲ---------

ဗီဒီယိုများ