အယ်ဒီတာ့အာဘော် | စားနပ်ရိက္ခာဖူလုံရေးအတွက် အလေးထားရမည်

စစ်ပွဲဖြစ်လျှင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ထိခိုက်ပြီး ပြည်သူလူထုများလည်း ထိခိုက်နစ်နာကြရသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကပင် စတင်ဖြစ်ပွားသော တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့ တိုက်ပွဲကြောင့် ပြည်သူများအထိနာလှကြသည်။ ကျန်းမားရေ၊ ပညာရေးနှင့် စီးပွားရေးအပေါ်....

By အယ်ဒီတာ 15 Nov 2019

အယ်ဒီတာ့အာဘော် | DMG

စစ်ပွဲဖြစ်လျှင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ထိခိုက်ပြီး ပြည်သူလူထုများလည်း ထိခိုက်နစ်နာကြရသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကပင် စတင်ဖြစ်ပွားသော တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ပြည်သူများ အထိနာလှကြသည်။ ကျန်းမားရေ၊ ပညာရေးနှင့် စီးပွားရေးအပေါ် လွန်စွာဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

တိုက်ပွဲများသည် ကျေးလက်ဒေသတွင် အများဆုံးဖြစ်ပွားသောကြောင့် ယင်းဒေသကပြည်သူများ စစ်၏ဆိုးကျိုးကို အဓိကခံစားရသည်။ တိုက်ပွဲစတင်ဖြစ်ပွားစဉ်က တောတောင်များတွင် တိုက်ခိုက်ခဲ့ကြသော်လည်း ကာလကြာလာသော် ရွာအနီး၊ လယ်ကွင်းများနှင့် မြစ်ချောင်းများတွင်ပါ တိုက်ပွဲဖြစ်ပွားနေကြသည်။ ထို့ကြောင့် လယ်ကွင်းပြင်များတွင် လယ်မထွန်ရဲ၊ စပါးမစိုက်ပျိုးရဲကြတော့ပေ။ မြစ်ချောင်းများတွင် ငါးမဖမ်းရဲကြတော့ပေ။

တိုက်ပွဲများကြောင့် လယ်မထွန်ရဲကြသကဲ့သို့ တစ်ချို့ဒေသများတွင် ညမထွက်ရအမိန့်များထုတ်ပြန်ထားသော ကြောင့်လည်း လုံခြုံရေးစိုးရိမ်မှုများရှိ၍ စပါးမစိုက်ပျိုးနိုင်ကြပေ။ တစ်ဖန် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုက သံသယဖြင့် ဖမ်းဆီးမည်ကိုလည်း အထူးစိုးရိမ်ရသောကြောင့် လယ်သမား များအတွက် စိတ်မအေးရပေ။ စပါးစိုက်ရာသီ တွင် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲရှိသော လယ်ဧကပေါင်း (၉၉၆၀၀)ခန့်ရှိသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

မိသားစုစားဝတ်နေရေးအခြေအနေအရ ဒေသခံတစ်ချို့သည် မိမိတို့ လယ်ယာ၊ ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ တောတောင်နှင့် မြစ်ချောင်းအင်းအိုင်များတွင် ငါးရှာ၊ ဟင်းခူးနှင့် ကျွဲနွားများကို ထိန်းကျောင်းရန်သွားစဉ် မြေမြုပ်မိုင်း အန္တရာယ်ကြောင့် မကြာခဏဆိုသလို သေဆုံးဒဏ်ရာရရှိမှုများရှိနေပြီး သတင်းအစအန ရှာမရအောင် ပျောက်ဆုံးမှုများလည်းရှိနေသည်။  

သို့သော် ထိုသို့အခက်အခဲများကြားက တစ်ချို့ စပါးစိုက်ပျိုးခဲ့ကြသည်။ လက်ရှိတွင် စပါးများမှည့်နေကြပြီ။ သို့ရာ တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေကြောင့် စပါးရိတ်သိမ်းရန်အခက်အခဲ ထပ်မံပေါ်ပေါက်လာပြန်သည်။
ထို့ကြောင့် တစ်ချို့စပါးခင်းများကို ကျွဲ၊ နွားများဝင်ရောက်စားသောက်သဖြင့် လယ်ဧကများစွာရှိ စပါးများ ပျက်စီးသွားရကြသည်။ ထို့အပြင် မှည့်နေသောစပါးများလည်း အချိန်မီမရိတ်သိမ်းနိုင်သောကြောင့်  စပါးများကြွေကျ ပျက်စီးသွားခဲ့သည်။ မကြာခင်က ရာသီဥတုဖောက်ပြန်မှုကြောင့် မုန်တိုင်းတိုက်ခိုက်မှုရှိခဲ့သည့်အတွက် တပူပေါ်နှစ်ပူဆင့်ဆိုသလို တောင်သူများ၏ ရင့်မှည့်ပြီး စပါးခင်းအများအပြား ပျက်စီးခဲ့ရသည်။

ထိုအခြေအနေများနှင့် ကြုံတွေ့နေသဖြင့် ဆန်စပါးရှားပါးမှုဒဏ်ကို ရခိုင်ပြည်သူများခံစားကြရမည်ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းတစ်ချို့က စိုးရိမ်ပူပန်နေကြသည်။

ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ပြည်နယ်ဖြစ်သောကြောင့် စပါးထွက်နှုန်း ကျဆင်းလျှင် ပြည်သူများ၏ စားဝတ်နေရေးအပေါ် များစွာထိခိုက်မှုရှိလိမ့်မည်။ ဒေသတွင်း စပါးဈေးကွက်များလည်း ဈေးနှုန်းမြင့်တက်လာနိုင်ပြီး ပြည်မဘက်ကတင်သွင်းလာသည့် ဆန်၊ စပါးဈေးနှုန်းလည်း မြင့်တက်လာနိုင်သည်။ ထိုသို့ဖြစ်ပေါ်လျှင် အခြေခံလူတန်းစားများအဖို့ ဆန်၊ စပါးဝယ်ယူစားသုံးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြည်သူများအစားအစာဖူလုံရေးအတွက် အလေးထားစဉ်းစား ရမည်ဖြစ်ပြီး ကြိုတင်လုပ်ဆောင်သင့်သည့်အရာများကိုလည်း လုပ်ဆောင်ရန်လိုအပ်သည်။ ဆန်စပါးဈေးနှုန်းများ အဆမတန်မြင့် တက်လာလျှင် သေချာကြပ်မတ်ရန်နှင့် စားနပ်ရိက္ခာဖူလုံရေး ထိခိုက်မှုမရှိအောင် စီစဉ်ထားရန်လိုအပ်သည်။

ကာလရှည်ကြာဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရသည်။ ထို့ကြောင့် တိုက်ပွဲအမြန်ဆုံးရပ်တန့်ရန် ပြည်သူများလိုလားနေကြသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အ ကြားဖြစ်ပွားနေသော တိုက်ပွဲသည် နိုင်ငံရေးအရ မပြေလည်မှုများရှိသဖြင့် တိုက်ခိုက်နေရခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင်ဆွေးနွေးရန် လိုအပ်သည်။ ဆွေးနွေးရာတွင် နှစ်ဖက်စလုံး သဘောထားကြီးစွာဖြင့် ဆွေးနွေးရန်လိုအပ်ပြီး ငြိမ်းချမ်းမှုရှိမှသာလျှင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကောင်းစွာလုပ်ဆောင်နိုင်ကြမည်ဖြစ်ကြောင်း Development Media Group (DMG) က အကြံပြုတိုက်တွန်းလိုက်ရပေသည်။

ဗီဒီယိုများ