ရခိုင်က သတင်းသမားတွေ လုံခြုံရေး ကင်းမဲ့နေပြီလား

ပို၍ဆိုးဝါးသည်မှာ DMG သတင်းဌာန၏ Website များကို ဖုန်းမိုဘိုင်းလ်ဒက်တာများမှ အင်တာနက်အသုံးပြုပြီး ကြည့်လို့မရအောင် ပိတ်ပင်ထားသည့်အပြင် ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်နှင့် DMG သတင်းဌာတစ်ခုလုံးနှင့် သက်ဆိုင်သည့် လိုင်စင်တို့ကို ယနေ့အချိန်ထိ သက်ဆိုင်ရာမှ ထုတ်မပေးသေးသည်မှာလည်း သတင်းမီဒီယာ လွတ်လပ်မှုကို ပိတ်ပင်ရာရောက်ပေသည်။

By အယ်ဒီတာ့အာဘော် 07 Mar 2021

ရခိုင်ပြည်နယ်အတွင်းမှာ သတင်းဌာနအနေနဲ့ Development Media Group (DMG) ၊ Western News နှင့် နိရဉ္စရာ သတင်းဌာနတို့လောက်ပဲ ရှိနေတာပါ။ နိရဉ္စရာသတင်းဌာနကတော့ သက်တမ်းရှည် ရခိုင်သတင်း ဌာနတစ်ခုဖြစ်ပြီး DMG သတင်းဌာနဆိုလျှင်လည်း အခက်အခဲအမျိုးမျိုးကြားက ရပ်တည်လာခဲ့သည်မှာ ဆယ်စု နှစ်တစ်ခုထဲကို ရောက်ရှိလာပြီ ဖြစ်သည်။ ထို့အတူ Western News သတင်းဌာနဆိုလျှင်လည်း အချိန်တို အတွင်း အောင်မြင်မှုရလာသည့် သတင်းဌာနတစ်ခုအဖြစ် ရပ်တည်နေသည်။

သို့သော်လည်း အဆိုပါ သတင်းဌာနသုံးခုထဲမှ အာဏာရှိသူများ၏ ပစ်မှတ်အထားခံရဆုံး သတင်းဌာနဆိုလျှင် DMG သတင်းဌာနသာဖြစ်သည်ဟု ဆိုရပေမည်။ ရခိုင်အခြေစိုက် Local Media များအနေဖြင့် ငွေရေး ကြေးရေးအခက်အခဲအပြင် တစ်ခြားအကျပ်အတည်းမျိုးစုံဖြင့် ရပ်တည်နေကြရသည်။ ထို့ပြင် နည်းပညာပိုင်းနှင့် သတင်းလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာတွင်လည်း မပြည့်စုံမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

လက်ရှိအချိန်တွင် DMG သတင်းသမားများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို စိုးရိမ်ရသည့်အနေအထားတစ်ခုကို ရောက်ရှိနေသည်ဟု ဆိုရပေမည်။ ပထမဦးစွာ DMG ၏ အယ်ဒီတာချုပ်ကို ၂၀၁၉ ခုနှစ်၊ မတ်လအစောပိုင်းက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၂) ဖြင့် သတင်းတပ်ဖွဲ့က အမှုဖွင့်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ ရှောင်တိမ်းနေရဆဲဖြစ်သည်။ သတင်းသမား တစ်ဦးဦးအား အရေးယူမည်ဆိုလျှင် သတင်းမီဒီယာ ဥပဒေနှင့် နိုင်ငံတော်အဆင့် တရားဝင်အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)တို့မှတစ်ဆင့် သာ အရေးယူသင့်သော်လည်း ယခုကဲ့သို့ သတင်းသမားများအား ရာဇဝတ်သားသဖွယ် ကြီးလေးသော ပြစ်မှု များနှင့် အမှုဖွင့်လာခြင်းမှာ သတင်းလွတ်လပ်မှုနှင့် ပြည်သူများ၏သတင်းသိပိုင်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခု အဖြစ် မှတ်ယူရမည်ဖြစ်သည်။

ထိုစဉ်ကလည်း DMG သတင်းဌာန၏ သတင်းထောက်ချုပ်ဖြစ်သူနှင့် အကြီးတန်းသတင်းထောက်တစ်ဦးတို့ကို စစ်တွေမြို့မ ရဲစခန်းသို့ ခေါ်ယူပြီး စစ်ဆေးခဲ့ရသေးသည်။ ထို့နောက် DMG ၏ တစ်လ (၂) ကြိမ် ပုံမှန်ထုတ်ေ၀ နေသော Development News Journal တွင် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးခြင်းကိုလည်း ခံခဲ့ရသည်။

ယင်းနောက်တွင် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးခိုင်မြတ်ကျော်နှင့် သတင်းထောက်တစ်ဦး တို့ကို ရက္ခိုင့်တပ်တော် AA အား ဆက်သွယ်မေးမြန်းခဲ့မှုကြောင့် ၂၀၂၀ ဧပြီလအတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က)ဖြင့် အမှုဖွင့်ခဲ့ပြန်သည်။ သို့သော်လည်း နောက် နှစ်လခန့်အကြာတွင်တော့ အဆိုပါအမှုအား ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းသတင်းလုပ်ငန်းဖြင့် ရပ်တည်ရန်ခက်ခဲ့လာပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားခြင်းလည်း နည်းမျိုးစုံဖြင့် ထိမ်းချုပ်ကန့်သတ်မှုများရှိနေသည့်အပြင် သတင်းလွတ်လပ်မှုပါ ကင်းမဲ့နေ သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။

DMG သတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သူ အောင်ကျော်မင်း (ခ) ကျော်မျိုးအောင်သည် ၂၀၂၀ ဒီဇင်ဘာလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံခဲ့ရ သည်။ ဤသို့စွဲဆိုခံရခြင်းမှာလည်း အများသူငါ သွားလာနေသည့်လမ်းတွင် တံတားတစ်ခု ပျက်စီးနေကြောင်း ရေးသားရုံနဲ့ ယင်းကဲ့သို့ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ယခုအခါတွင်လည်း DMG ၏ ဒုတိယ တာဝန်ခံအယ်ဒီတာ နေဝင်းစံနှင့် အမျိုးသမီးသတင်းထောက် နှင်းနွယ် တို့ကို ကြီးလေးသောပြစ်မှုများဖြင့် အမှုဖွင့်ပြီး အရေးယူရန် ဆောင်ရွက်နေပြန်သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဖြစ်ပျက်ခဲ့သည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း ၇၀၀ ကို တပ်မတော်သားများက ယူဆောင်သွားသည့်ကိစ္စကို ဇန်နဝါရီ ၁၀ ရက်နေ့တွင် သတင်းရေးသားဖော်ပြခဲ့သောကြောင့် တပ်မတော်က အမှုဖွင့်တရားစွဲခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးအား ပထမအကြိမ်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စစ်တွေမြို့ အမှတ်(၂) ရဲစခန်း တွင် အမှုဖွင့်ခဲ့ပြီး ယခုတဖန် တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်အတွက် အရေးယူပေးရန် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့သည့်အတွက် ၎င်းတို့နှစ်ဦးစလုံးမှာလည်း တိမ်းရှောင်နေကြရသည်။

ဤသည်မှာ သတင်းသမားတစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်ရာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးကို ခြိမ်းခြောက် ရာဟုသာ မှတ်ယူရပေမည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထု၏ ထိခိုက်နစ်နာမှုများကို သတင်းရေးသား ဖော်ပြခဲ့သည့်အတွက် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လာခြင်းမှာ နောက်နောင်တွင် သူတို့၏ပြုမူချက်များကို လူသိရှင်ကြား ပြောကြားလာပါက ဤကဲ့သို့ ပြုလုပ်မည်ဟု ခြိမ်းခြောက်လိုက်သည်ဟုပဲ မှတ်ယူရပေတော့မည်။

ပို၍ဆိုးဝါးသည်မှာ DMG သတင်းဌာန၏ Website များကို ဖုန်းမိုဘိုင်းလ်ဒက်တာများမှ အင်တာနက်အသုံးပြုပြီး ကြည့်လို့မရအောင် ပိတ်ပင်ထားသည့်အပြင် ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်နှင့် DMG သတင်းဌာတစ်ခုလုံးနှင့် သက်ဆိုင်သည့် လိုင်စင်တို့ကို ယနေ့အချိန်ထိ သက်ဆိုင်ရာမှ ထုတ်မပေးသေးသည်မှာလည်း သတင်းမီဒီယာ လွတ်လပ်မှုကို ပိတ်ပင်ရာရောက်ပေသည်။

ရခိုင်အခြေစိုက် ဒေသခံမီဒီယာများ၊ ပြည်မနှင့် နိုင်ငံတကာသတင်းဌာနများတွင် အလုပ်လုပ်ကိုင်နေကြသည့် သတင်းထောက် အများစုသည် လူငယ်ပိုင်းများသာဖြစ်ကြသော်လည်း သတင်းမီဒီယာဥပဒေဘောင်အတွင်းက သတင်းကျင့်ဝတ်          နှင့်အညီဖြင့်သာ အလုပ်လုပ်နေကြသူများ ဖြစ်ကြသည်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့ အစည်းကိုမှ စော်ကားလိုစိတ်၊ ဂုဏ်သိက္ခာ ကျဆင်းစေလိုစိတ်နှင့် အလုပ်လုပ်နေကြသည်မျိုးမဟုတ်ပါ။ မိမိတို့၏ ပြည်သူ လူထုနှစ်နာချက်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ပြီး ရေးသားဖော်ပြကြခြင်း၊ ဤသို့ သတင်းများရေးသားဖော်ပြရာတွင်လည်း ဘက်ပေါင်းစုံမှအသံများကို သတင်းကျင့်ဝတ်နှင့်အညီ ထည့်သွင်း ဖော်ပြကြသည့်အတွက် သတင်းသမားများအား တန်ဖိုးထား လေးစားကြစေလိုပါသည်။

သို့သော် သတင်းသမားများအား  ယခုလို မှောက်လိုမှောက် ပြန်လိုပြန်ဆိုသည့် အနေအထားမျိုးဖြင့် ပြုမူ ဆောင်ရွက်နေသမျှ ရခိုင်ပြည်နယ်အတွင်းက သတင်းသမားများတင်မက မြန်မာနိုင်ငံရှိ သတင်းသမားများ၏ ဘဝသည်လည်း လုံခြုံမှုကင်းမဲ့ကာ ပြည်သူလူထုအနေဖြင့်လည်း သတင်းသိပိုင်ခွင့်များ ဆုံးရှုံးနေကြရဦး မည်ဖြစ်သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံအဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် လုံခြုံရေးအန္ဒရာယ်အမျိုးမျိုးကြားမှ သတင်းယူနေကြသည့် သတင်းသမားများအနေဖြင့် နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးထိန်းသိမ်းခံနေကြရပြီး သတင်းသမာများ၏လုံခြုံမှု၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နှင့် မြန်မာပြည်သူများလည်း သတင်းသိပိုင်ခွင့်များ ဆုံးရှုံးနေကြရသည်။

ထို့ကြောင့် တရားဥပဒေက အကာအကွယ်မပေးနိုင်တော့သည့် သတင်းသမားများ၏ လုံခြုံရေးကို ဒေသခံ ပြည်သူများ၏ စုပေါင်းအားနှင့်သော်လည်းကောင်း သတင်းအချက်အလက် အထောက်အထားများ ဖြည့်စွက်၍ သော်လည်းကောင်း ဝန်းရံပေးကြပါဟု Development Media Group က တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဗီဒီယိုများ