ဘူးသီးတောင်တွင် တိုက်ပွဲကြောင့် မွတ်ဆလင်ဦးရေ ၈၀၀ ကျော် ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာသုံးရွာမှ မွတ်ဆလင်ဦးရေ ၈၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးလျက်ရှိနေကြောင်း သိရသည်။

30 Sep 2022

စက်တင်ဘာလ ၂၃ ရက်နေ့က သပိတ်တောင်(မြောက်ရွာ)မှ ထွက်ပြေးနေကြသည့် မွတ်ဆလင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - Ro Nay San Lwin

DMG ၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာသုံးရွာမှ မွတ်ဆလင်ဦးရေ ၈၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးလျက်ရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သပိတ်တောင်(မြောက်)၊ စိမ်းညှင်းပြင်၊ ဂူတာပြင် စသည့်ကျေးရွာ(၃)ရွာမှ မွတ်ဆလင်များမှာ ဘူးသီးတောင်မြို့ပေါ်နှင့် တခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၃)ရက်နေ့က မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲ ပူးပေါင်းအဖွဲ့တို့ရှိသည့် နခခ(၈)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သပိတ်တောင်(မြောက်)ကျေးရွာနှင့် စိမ်းညှင်းပြင်ကျေးရွာမှ လူဦးရေ(၄၀၀)ကျော်မှာ အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း မွတ်ဆလင်တစ်ဦးက DMG သို့ပြောသည်။

“ကျနော်တို့က အဲဒီနေ့ကတည်းက ထွက်ပြေးနေတာ။ ရွာကိုမပြန်ရဲဘူး။ သပိတ်တောင်(ရခိုင်)ရွာမှ စစ်သားတွေက တပ်စွဲထားတယ်။ နောက်ပြီးတော့ လက်နက်ကြီးလှမ်းပစ်တယ်။ ရွာမှာ လူတစ်ဝက်လောက်က အကုန်လုံး နီးစပ်ရာရွာတွေနဲ့ ဆွေးမျိုးတွေဆီကို ထွက်ပြေးနေရတယ်”ဟု ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးနေသည့် သပိတ်တောင်(မြောက်)ရွာမှ မွတ်ဆလင်တစ်ဦးကပြောသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်စဉ် သပိတ်တောင်(မြောက်)ရွာသို့ ကျရောက်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

အလားတူ စက်တင်ဘာလ (၂၆)ရက်နေ့ကလည်း ဂူတာပြင်ကျေးရွာနှင့် သရက်တောင်ကျေးရွာအကြားတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မွတ်ဆလင် (၄၀၀)ကျော်မှာ ဖုံညိုလိပ်ကျေးရွာနှင့် အခြားကျေးရွာများသို့ ထွက်ပြေးနေကြသည်။

ထွက်ပြေးနေသည့် ဂူတာပြင်ကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာနဲ့ သရက်တောင်ကြားမှာ အဲဒီနေ့က တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေပစ်တာရှိတယ်။ အဲဒါကြောင့် ကြောက်ပြီးတော့ ထွက်ပြေးလာတာပါ။ ထွက်ပြေးလာရတော့ ရွာက ဘာမှမယူခဲ့ရဘူး။ အခု ဖြစ်သလိုစားသောက်ပြီး နေနေရတယ်။ စားဝတ်နေရေးတွေ အခက်အခဲတွေရှိပါတယ်”ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်က တပ်စွဲထားသည့်နေရာများမှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများရှိနေသည်ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။

“ရခိုင်လူမျိုးတွေအပါအဝင် မွတ်ဆလင်တွေကပါ အကုန်လုံးထွက်ပြေးနေရတာ။ လက်နက်ကြီးပစ်လို့ ထွက်ပြေးနေကြရတာ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့(မြန်မာစစ်တပ်)က တပ်စွဲထားတဲ့နေရာတိုင်းက လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်နေတာ။ ဒါဟာ ပြည်သူတွေကို တမင်တကာ ဒုက္ခရောက်အောင်လုပ်နေတာ”ဟု ၎င်းကဆိုသည်။

ထိုသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိ၍ တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။

ရခိုင်ပြည်အတွင်းတွင် ယခုနှစ် ဩဂုတ်လမှစတင်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကြောင့် မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် စသည့်မြို့နယ်များမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၉,၀၀၀ နီးပါးထိ ရှိလာပြီဖြစ်ကြောင်း ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က စက်တင်ဘာလ ၂၈ နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ