ရခိုင်လယ်သမားများ ချေးငွေပြန်မဆပ်နိုင်သဖြင့် စိုက်ပျိုးစရိတ်ချေးသူ နှစ်စဉ် လျော့ကျလာနေ

ရခိုင်တွင် လယ်သမားများ ချေးငွေ ပြန်ဆပ်နိုင်ဖြစ်နေကြသဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ ချေးငွေ ထုတ်ယူသူ တနှစ်ထက်တနှစ် နည်းလာနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

05 Jul 2022

ရခိုင်ပြည်မှ လယ်ထွန်းနေသည့် လယ်သမားများအား တွေ့ရစဉ်။ (Photo-DMG)

DMG ၊ ဇူလိုင် ၅

ရခိုင်တွင် လယ်သမားများ ချေးငွေ ပြန်ဆပ်နိုင်ဖြစ်နေကြသဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ ချေးငွေ ထုတ်ယူသူ တနှစ်ထက်တနှစ် နည်းလာနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

လယ်သမားများအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ပြီးခဲ့သည့် မေလ ၁၅ စတင်ကာ ထုတ်ပေးနေပြီး ထိုသို့ ထုတ်ပေးရာတွင် ယမန်နှစ်က ချေးငွေများကို ပြန်ဆပ်သည့် လယ်သမားများအတွက်သာ ပြန်လည်ထုတ်ပေးနေခြင်းဖြစ်ကာ ယခုနှစ်တွင် ပိုပြီး ချေးငွေဆပ်နိုင်သူ နည်းပါးလာနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ် ဘဏ်ခွဲ) မန်နေဂျာ ဦးဘကျော်စိန်က DMG သို့ပြောသည်။

“လက်ရှိ မြို့နယ် ၁၇ မြို့နယ်က လယ်သမား ၁၂၆၀၀ လောက်ကို ချေးပြီးသွားပြီ။ ချေးတာကတော့ ၅ လပိုင်းက တည်းက စချေးနေတာပါ။ ငွေကတော့ ၈၄၇၃ သိန်းကို ချေးပြီးသွားပြီ။ ချေးငွေကတော့ အများကြီးကျန်သေးတယ်။ မနှစ်ကချေး ငွေတွေကို ပြန်ဆပ်တဲ့သူတွေ ချေးတာပါ။ ကျွန်တော်တို့ ကနဦး လျှာထားကတော့ သန်း ၄ သောင်း လောက်ရှိတယ် ” ဟု ဦးဘကျော်စိန်က ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က စိုက်ပျိုးရေးချေး ငွေယူသူ ၈ သောင်းကျော်ရှိပြီး ပြန်ဆပ်သူဦးရေ ၃ သောင်း ကျော်ရှိခဲ့သည်။ ယင်းအပြင် ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးချေးငွေယူသူ ၃ သောင်းကျော်ရှိပြီး ပြန်ဆပ်သူဦးရေ ၁ သောင်းကျော်သာ ရှိသေးသဖြင့် တနှစ်ထက်တနှစ် ချေးငွေထုတ်နိုင်သူ နည်းပါးလာခြင်းဖြစ်သည်။

ထိုသို့ စိုက်ပျိုးရေးချေးငွေများကို လယ်သမားများပြန်မဆပ်နိုင်သည့် အဓိကအကြောင်းအရင်းများ လယ်ယာလုပ်ကိုင်ရာတွင် သွင်းအားစုများဖြစ်ကြသော ဓာတ်မြေသြဇာ၊ ထွန်ယက်စိုက်ပျိုးရေး စရိတ်များမြင့်တက်နေသဖြင့် လယ်သမားများ အရှုံးပေါ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာမှ လယ်သမား ဦးလှမောင်သိန်းက “ ကျနော်တို့မှာက ယခင်နှစ်က စပါးအထွက်နှုန်း နည်းတယ်။ မြေသြဇာ စရိတ် ဈေးကြီးတော့ မြေသြဇာကို လုံလုံလောက်လောက် မသုံးနိုင်ခဲ့ဘူး။ အဲဒါကြောင့် စပါးအထွက်နှုန်းနည်းတဲ့ အတွက် စိုက်ပျိုးရေးစရိတ်ချေးငွေကို ပြန်မဆပ် နိုင်လိုက်ဘူး။ နောက်ပြီးတော့ ရာသီဥတု ဖောက်ပြန်တာ ရေကြီးရေလျှံဒဏ်ကိုလည်း ခံခဲ့ရတယ်။ စပါးတွေပျက်စီးကုန်တယ်။ ဒါကြောင့် အခုနှစ် စိုက်ပျိုးစရိတ် ချေးငွေ မထုတ်ယူနိုင်တော့ဘူး ” ဟု ပြောသည်။

ထို့အတူ တချို့စိုက်ပျိုးစရိတ်ချေးငွေ ဆပ်ပြီး ပြန်ချေးထားသူတို့မှာလည်း လက်ရှိတွင် အခက်အခဲမျိုး စုံဖြင့်ကြုံနေပြီး မိမိတို့၏ သက်မွေး ဝမ်းကျောင်းဖြစ်၍သာ လယ်လုပ်ငန်းကို မတတ်သာ၍ လုပ်ကိုင်နေရခြင်းဖြစ်ကြာင်း လယ်သမားများက ပြောဆိုကြသည်။

“ကျွန်တော်မှာတော့ မနှစ်ကချေးတဲ့ ငွေတွေကို ဆပ်ပြီးတော့ ပြန်ချေးပြီးပါပြီ။ ဒီနှစ်တော့ ဓာတ်မြေ သြဇာတွေလည်း ဈေးတက်တယ်၊ နောက်ပြီးတော့ ဆီဈေးလည် းတက်တဲ့အတွက် လယ်သမားတွေ အခက်အခဲအများ ကြီးရှိတယ်။ ဒါပေမယ့်လည်း မလုပ်မရတော့ ဖြစ်သလို လုပ်နေရတာ ပါပဲ ” ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ဦးစိုးသိန်းကပြောသည်။

အစိုးရဆီမှ နှစ်စဉ် ထုတ်ပေးနေသည့် အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကကို ငွေတစ်သိန်းခွဲနှုန်းဖြင့် လယ်သမားတစ်ဦးကို လယ် ၁၀ ဧကကိုသာ ချေးပေးခြင်းဖြစ်သည်။ ချေးငွေများကို လယ်သမားများမှ ပြန်ဆပ်သည့်အခါ ငွေတစ်သိန်းကို တစ်လလျှင် ၅ ကျပ်အတိုးနှုန်းဖြင့် ပြန်ဆပ်ရခြင်းလည်းဖြစ်သည်။

၂၀၂၁ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း လယ်ဧက ၈ သိန်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ရ သိန်းဧကကိုသာ လုပ်ကိုင်နေကြပြီး လယ်လုပ်ငန်းတွင် သွင်းအားစု စရိတ်ဈေးနှုန်းမြင့်တက်မှုကြောင့် လယ်မလုပ်ကိုင်နိုင်သူ တဖြည်းဖြည်းလျော့နည်းလာခြင်းဖြစ်သည်။

ထို့ကြောင့် ရခိုင် လယ်သမားများအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ဓာတ်မြေသြဇာများကို အစိုးရက ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချနိုင်ရန် စီစဉ်ပေးသင့်ကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ့ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောဆိုသည်။

“ ဒီနှစ်က မြေသြဇာတွေ၊ ဆီဈေးနှုန်းတွေလည်း တက်တော့ လယ်သမား တွေအတွက် အများကြီး အခက်အခဲရှိတာပေါ့။ တချို့လယ်ငှားပြီးတော့ လုပ်ကြတဲ့ လယ်သမားတွေဆိုရင် ဒီနှစ်မလုပ်ကြတော့ဘူး။ ဒါတွေကို ဖြေရှင်းဖို့အတွက် အစိုးရက မြေသြဇာတွေကို အစိုးရဈေးနဲ့ လျော့ပေါ့ ရောင်းချ ပေးဖို့လို တယ် ” ဟု ၎င်းကဆိုသည်။

လက်ရှိရခိုင်တွင် ဓာတ်မြေသြဇာဈေးနှုန်းများမှာ တစ်အိတ်ကို ငွေကျပ် ၁ သိန်း ၃ သောင်းကျော်အထိ ဈေးမြင့် တက်ရှိနေသည့်အတွက် လယ်သမားများမှာ ပုံမှန်ထက်လယ် ဧကကိုလျှော့၍ စပါးစိုက်ပျိုးနေကြရသည့် အခြေအနေတွင်ရှိနေသည်။

ဗီဒီယိုများ