- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်တွေကမ်းခြေတွင် လင်းရှူး အသေတစ်ကောင် သောင်တင်တွေ့ရှိ
ရခိုင်ပြည်၊ စစ်တွေမြို့ ပွိုင့် ကမ်းခြေရှိ စစ်တွေဟိုတယ်အနီးတွင် မနေ့က ဇူလိုင်လ ၅ ရက်နေ့ ညအချိန်ခန့်က သေဆုံးကာ သောင်တင်နေသည့် လင်းရှူးအထီးတစ်ကောင် တွေ့ရှိခဲ့ကြကြောင်း စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးဦးထွန်းသိန်းက DMG သို့ပြောသည်။
06 Jul 2022

DMG ၊ ဇူလိုင် ၆
ရခိုင်ပြည်၊ စစ်တွေမြို့ ပွိုင့် ကမ်းခြေရှိ စစ်တွေဟိုတယ်အနီးတွင် မနေ့က ဇူလိုင်လ ၅ ရက်နေ့ ညအချိန်ခန့်က သေဆုံးကာ သောင်တင်နေသည့် လင်းရှူးအထီးတစ်ကောင် တွေ့ရှိခဲ့ကြကြောင်း စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးဦးထွန်းသိန်းက DMG သို့ပြောသည်။
အဆိုပါ လင်းရှူးအား ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းခြေတွင် စနစ်တကျထုပ်ပိုးကာ မြေမြှုပ်ခဲ့ပြီဖြစ်ကြောင်းကိုလည်း ၎င်းကဆိုသည်။
“မနေ့ညပိုင်းကတော့ ရွှေရောင်မေတ္တာအသင်းက ဖုန်းဆက်လာတာရှိတယ်။ ဒါပေမယ့် အသေဆိုတော့ လုံခြုံရေးအရ ကျွန်တော်တို့ မသွားဖြစ်လိုက်ဘူး။ (ဒီနေ့) မနက်ကျမှပဲ သွားလိုက်တယ်။ စစ်ဆေးချက်တွေအရတော့ ပုံမှန်သက်တမ်းစေ့လို့ သေတယ်လို့တော့ ယူဆပါတယ် ” ဟု ဦးဦးထွန်းသိန်းကပြောသည်။
အဆိုပါ လင်းရှူး အလျှား ၁၀ ပေ နှင့် လုံးပတ် ၄ ပေခွဲရှိပြီး မည်သည့်မျိုးစိတ်ဖြစ်သည်ကို အတိအကျပြောရန် စုံစမ်းနေကြောင်းလည်း သိရသည်။
စစ်တမ်းများအရ မြန်မာနိုင်ငံ၌ လင်ရှူး/ လင်းပိုင်နှင့် ဝေလငါး အုပ်စုတွင် မျိုးစိတ်ပေါင်း ၄၀ ကျော်အထိရှိနေပြီး မျိုးစိတ်အများစုမှာ မျိုးတုန်းမည့် အန္တရာယ်ထဲတွင် ကျရောက်နေကြောင်း အမည်မဖော်လိုသည့် အဏ္ဏဝါပညာရှင်တစ်ဦးက ပြောသည်။
“ဒီမျိုးစိတ်အုပ်စုတွေက နို့တိုက်သတ္တဝါတွေ ဖြစ်ကြတယ်။ လူလိုပဲ ကိုယ်ဝန်ဆောင်သလို မွေးရင်လည်း တစ်ကောင်တည်းမွေးတယ်။ ရှားရှားပါးပါး နှစ်ကောင်မွေးတာတွေတော့ ရှိတာပေါ့။ ဒီအကောင်လေးတွေက လူနဲ့ ယဉ်ပါးတဲ့ သတ္တဝါတွေထဲမှာလည်းပါတယ် ” ဟု သူက ရှင်းပြသည်။
လင်းရှူး/လင်းပိုင်များမှာ လူနှင့်ယဉ်ပါးသည့်အတွက် စက်လှေများဘေးတွင် လိုက်ပါဆော့ကစားလေ့ရှိပြီး ထိုသို့ဆော့ကစားစဉ် စက်လှေနှင့် တိုက်မိခြင်း၊ စက်လှေ ပန်ကာနှင့် ခုတ်မိခြင်းတို့ကြောင့် သေဆုံးမှုများ ရှိသကဲ့သို့ သက်တမ်းစေ့သောကြောင့် သေဆုံးခြင်းများလည်းရှိကြောင်းလည်း သိရသည်။
လက်ရှိမြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် လင်းရှူး/ လင်းပိုင်အချို့ကို စနစ်တကျ ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိပြီး ရခိုင်ပြည်တွင်မူ စနစ်တကျ ထိန်းသိမ်းမှုများ မလုပ်ဆောင်နိုင်သေးကြောင်း အဏ္ဏာဝါ ပညာရှင်အချို့က ထောက်ပြပြောဆိုကြသည်။