ရခိုင်မြောက်ပိုင်းက မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီး ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ထုတ်ပြန်ချက်များကို စစ်ကောင်စီမှ ပြင်းထန်စွာပယ်ချ

ရခိုင်ပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းကဖြစ်ပွားခဲ့သည့် မွတ်ဆလင်အရေးဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ထုတ်ပြန်ကြေညာချက်များအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သြဂုတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

26 Aug 2022

ရခိုင်ပြည်တွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော မွတ်ဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။(ဓာတ်ပုံ- AFP)

DMG ၊ သြဂုတ် ၂၆

ရခိုင်ပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းကဖြစ်ပွားခဲ့သည့် မွတ်ဆလင်အရေးဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ထုတ်ပြန်ကြေညာချက်များအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သြဂုတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင်များ သတ်ဖြတ်ခံရခြင်း၊ မုဒိမ်းမှုကျူးလွန်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် လူပေါင်း ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း ၅ နှစ်မြောက်နေ့ (သြဂုတ်လ ၂၆ ရက်)တွင် ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီက ထိုသို့တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ကုလနှင့် နိုင်ငံတကာမှကြေညာချက်များသည် အချက်အလက်များ မှန်ကန်တိကျမှုမရှိခြင်းကို တွေ့ရှိရကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုစွက်ဖက်ခြင်း၊ ဘက်လိုက်မှုရှိခြင်း၊ တစ်ဖက်သတ်ဆန်ခြင်းတို့ကို တွေ့ရသည်ဟု စစ်ကောင်စီ၏ အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းအပြင် ARSA အကြမ်းဖက်အဖွဲ့၏လုပ်ရပ်ကို ဖုံးကွယ်ခြင်း၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ၏အရေးကိစ္စကို လျစ်လျူရှုခြင်း၊ မြန်မာအစိုးရ၏ အပြုသဘောဆောင်ရွက်ခြင်းများကို အလေးမထားခြင်း၊ ဖိအားပေးဆက်ဆံရန်ရည်ရွယ်ချက်ဖြင့် မှန်ကန်မှုမရှိသည့် အချက်အလက်များအပေါ်အခြေခံပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်များသည် ဖြစ်ရပ်မှန်ကိုအခြေခံခြင်းမရှိဘဲ ပြည်တွင်းရေးကို စွက်ဖက်ရာရောက်သည့်အတွက် ပြင်းထန်စွာပယ်ချ၍ ရှုတ်ချလိုက်ကြောင်းကြေညာအပ်သည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်မှ မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်ပြီး နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင် ခုနှစ်သိန်းကျော်ထွက်ပြေးခဲ့ရခြင်းနှင့်ပတ်သက်ပြီး ကျုးလွန်သူများကို ဥပဒေအရအရေးယူခံရနိုင်ရေး အပြည်ပြည်ဆိုင်ရာမိသားစုအနေဖြင့်ကြိုးပမ်းပေးကြရန် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က သြဂုတ် ၂၄ ရက်နေ့တွင်တောင်းဆိုခဲ့ကြောင်း RFA သတင်းတွင်ဖော်ပြထားသည်။

ယင်းအပြင် ပြစ်မှုများကျုးလွန်ခဲ့သည့် မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးကို အရောက်ပို့ရန်၊ စီးပွားရေးသံတမန်ရေးများနှင့် အပြင်းထန်ဆုံးဖိအားများပေးရန်အတွက် Tom Andrew က တိုက်တွန်းထားသည်။

ရခိုင်ပြည်တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့သည့်ဖြစ်ရပ်သည် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အပြစ်မဲ့အရပ်သားများသေဆုံး၊ ဒဏ်ရာရခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ၏လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးယူတုံ့ပြန်မှုများကို တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ထွက်ခွာမှုများဖြစ်ရန် ARSA အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ARSA ၏ အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် ထွက်ခွာခဲ့သည့်လူဦးရေဖော်ပြရာတွင်လည်း မမှန်မကန်ချဲ့ကားမှုများရှိသည်ဟု ဆိုထားသည်။

မြန်မာအစိုးရအနေဖြင့် ထွက်ခွာခဲ့သူများကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့်အညီ စနစ်တကျ စိစစ်လက်ခံရေးကို နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စနစ်တကျစစ်ဆေးပြီး ကိုက်ညီသူများကို သင့်လျော်သည့်နိုင်ငံသားအဆင့်အတန်းအား လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုမရှိဘဲပေးအပ်နေသည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဗီဒီယိုများ