ရခိုင်တွင် မြန်မာစစ်တပ်က ဒရုန်းအသုံးပြု ပစ်ခတ်မှုများရှိလာ

ရခိုင်ပြည်တွင် လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း မြန်မာစစ်တပ်က ဒရုန်းများအသုံးပြုကာ ပစ်ခတ်မှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 14 Nov 2022

ရခိုင်တွင် မြန်မာစစ်တပ်က ဒရုန်းအသုံးပြု ပစ်ခတ်မှုများရှိလာ

နိုဝင်ဘာလ ၁၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ပစ်ခတ်ခဲ့သည့် လက်နက်အပိုင်းအစများကို တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်တွင် လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း မြန်မာစစ်တပ်က ဒရုန်းများအသုံးပြုကာ ပစ်ခတ်မှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာပတ်ဝန်းကျင်ကို မြန်မာစစ်တပ်က ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

“အဲဒီနေ့က မနက် ၉ နာရီလောက်မှာ ကျနော်တို့ရွာ အထက်က ဒရုန်း ၃ စင်းပျံနေတယ်။ အဲဒီ ဒရုန်းမှာ ဗုံးထည့်ပြီးတော့ ပစ်သွားတာ။ တစ်လုံးက ရွာထဲက သရက်ပင်မှာကျတယ်။ နောက်တစ်လုံးက ရွာနားမှာကျတယ်။ လူအသေအပျောက်တော့ မရှိဘူး”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ဒရုန်းများကိုအသုံးပြုကာ ပစ်ခတ်နေသည့်အတွက် စိုးရိမ်မှုရှိကြောင်း တန်းခိုးကျေးရွာမှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“အခုက လက်နက်ကြီးပစ်တာတစ်ခုတည်း မဟုတ်တော့ဘူး။ ဒရုန်းတွေနဲ့ပါ ပစ်ခတ်နေတာဆိုတော့ ကျနော်တို့ ဒေသခံတွေအနေနဲ့ ပိုပြီးတော့ စိုးရိမ်မှုရှိတာပေါ့။ နောက်ပြီးရင် ဒရုန်းတွေက ကျနော်တို့ရွာ အပေါ်ကနေ ပျံနေတာ။ ရွာထဲကိုလည်း ပစ်သွားတယ်။ ရွာသားတွေအကုန်လုံး ထွက်ပြေးနေရတယ်”ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာတွင် ဒရုန်းမှပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်မှ ဒရုန်းအသုံးပြုပစ်ခတ်မှု၊ အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ကျေးရွာအတွင်း စစ်ကြောင်းဝင်ရောက်လာမှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ တန်းခိုး၊ ကျွဲထိုး၊ အိုင်ဒင်၊ ဆင်အိုးကြီး၊ အလယ်ကျွန်း၊ ငှက်ကြီးကျွန်းနှင့် ပဒေသာကျေးရွာတို့မှ ဒေသခံလေးထောင်ခန့်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ရခိုင်တွင် ယခင်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မြန်မာစစ်တပ်က လက်နက်ကြီးများ၊ ဂျတ်တိုက်လေယာဉ်များ၊ နေဗီများကို အသုံးပြုတိုက်ခိုက်ခဲ့းသော်လည်း ယခုတကျော့ပြန်တိုက်ပွဲတွင် ဒရုန်းများကို အသုံးပြုတိုက်ခိုက်မှု ပိုများလာနေသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“အခု ရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတိုင်းမှာ မြန်မာစစ်တပ်ကနေပြီးတော့ ဒရုန်းနဲ့ ဆက်တိုက်ပစ်နေတာရှိတယ်။ အခု ရခိုင်စစ်မျက်နှာမှာ သူတို့(စစ်ကောင်စီ)က နေရာတိုင်းမှာသုံးနေတာရှိတယ်။ ဒရုန်းအမျိုးအစားကတော့ ရုရှားဖက်ကထုတ်တဲ့ ဒရုန်းတွေကို ပိုသုံးလာတာကို တွေ့ရတယ်။ ဒရုန်းတွေထဲမှာ အမျိုးအစားအငယ်တွေလည်းပါတယ်”ဟု ဦးခိုင်သုခက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့အခြေစိုက် စကခ(၉)နှင့် အမှတ် ၃၇၄ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိပြီး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ ရခိုင်စစ်မျက်နှာတွင် ဒရုန်းများကိုအသုံးပြုကာ ကင်းထောက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်သည် ဆိုသော ပြောဆိုချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မြန်မာစစ်တပ်က အစ္စရေးနိုင်ငံထုတ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား ကင်းထောက်ဒရုန်းများဖြင့် လာရောက်ထောက်လှမ်းခဲ့ကြောင်း၊ ထိုဒရုန်းကို ရသေ့တောင်မြို့နယ်အတွင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြီးခဲ့သည့် ၂၀၂၀ ဇွန်လတွင် AA ၏ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ