ပလက်ဝတွင် ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်ကဖမ်းဆီး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို မြန်မာစစ်တပ်က ယခုရက်ပိုင်းအတွင်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

By Admin 21 Oct 2022

ပလက်ဝတွင် ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်ကဖမ်းဆီး

Photo - alchetron.com

DMG ၊ အောက်တိုဘာ ၂၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို မြန်မာစစ်တပ်က ယခုရက်ပိုင်းအတွင်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၀ ရက်တွင် ပလက်ဝအ.ထ.က(၁)ကျောင်းမှ အထွေထွေလုပ်သား ဦးအောင်သိန်းလှ (၄၀ နှစ်)နှင့် သာယာဝရပ်ကွက်မှ ဒေသခံ ဦးမောင်ဖြူတို့ကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အထက(ခွဲ)-မြို့သစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းနိုင်(၃၆ နှစ်)ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ကျောင်းအုပ်ကြီး ဦးကျော်ဝင်းနိုင်ကို ညနေကျောင်းဆင်းချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ရှိသည်ဟုဆိုကာ ကားဖြင့်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။ အထက(ခွဲ)-မြို့သစ်သည် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်း၏ တပ်ခြံဝင်းထဲ၌ရှိကြောင်း သိရသည်။

ဦးအောင်သိန်းလှနှင့် ဦးမောင်ဖြူတို့ကိုလည်း ယမန်နေ့၊ ညနေပိုင်းတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက နေအိမ်အသီးသီးသို့ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးအောင်သိန်းလှ နေအိမ်၌ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးတို့သည် အ.ထ.က(၁) ကျောင်းခြံဝင်းရှိ နေအိမ်ထဲသို့ဝင်ရောက်ပြီး စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ၂၈၉ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျောင်းခြံဝင်း သော့ခတ်ထားတာ။ ခြံဝင်းက မလုံခြုံတော့ သူတို့ ဘယ်ကဝင်လာမှန်းမသိဘူး။ ဦးအောင်လှသိန်း ရှိလားဆိုပြီး အိမ်အောက်ကနေ အော်ခေါ်တယ်တဲ့။ အိမ်အောက်က ၃ ယောက်စောင့်နေပြီး သူတို့နေအိမ်ပေါ်ထိ တက်ပြီးခေါ်သွားတယ်။ သူ့မိန်းမက ဘယ်ကိုခေါ်သွားမှာလဲမေးတော့ စစ်ဆေးစရာရှိလို့ ၂၈၉ တပ်ရင်းကို ခေါ်သွားမယ်လို့ပြောခဲ့တယ်”ဟု ၎င်းကဆိုသည်။

၄င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။ ထိုကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ပလက်ဝမြို့၊ ပလုတ်တောင်ရပ်ကွက်မှ ကိုခိုင်ဆန်းဖြိုး (အသက် ၂၅ နှစ်)ကို ဖမ်ဆီးခဲ့ပြီး အောက်တိုလ ၁၄ ရက်နေ့တွင် ၄င်း၏အစ်ကိုဖြစ်သူ ညောင်ပင်လှရပ်ကွက်မှ ဦးစောလှ(အသက် ၃၀ နှစ်)ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ကျောင်းဆရာတစ်ဦးနှင့် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

ရခိုင်ပြည်အတွင်းနှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများမှာလည်း သံသယဖြင့် ဖမ်းဆီးခံရမှု မြင့်တက်လာနေသည်။

ဗီဒီယိုများ