အာဏာသိမ်း ၄ နှစ်အတွင်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ကျော်ရှိ

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ (၄) နှစ်အတွင်း ကောက်ယူထားသည့် စာရင်းအရ ဒီဂျစ်တယ် စောင့်ကြည့်ရေးစနစ်ဖြင့် စစ်ကောင်စီသည် ပြည်သူ ၁,၇၂၉ ဦးအထိ ဖမ်းဆီးခဲ့ကြောင်း MIP တာဝန်ရှိသူက ပြောသည်။ 

By Admin 30 May 2025

စစ်ကောင်စီ၏ စစ်ဆင်ရေးလေ့ကျင့်ခန်း ကွပ်ကဲမှုနေရာတစ်ခုတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီတပ်သားများကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS
စစ်ကောင်စီ၏ စစ်ဆင်ရေးလေ့ကျင့်ခန်း ကွပ်ကဲမှုနေရာတစ်ခုတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီတပ်သားများကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS

DMG ၊ မေ ၃၀

စစ်အာဏာသိမ်းပြီးနောက် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ကို စစ်ကောင်စီက ကျယ်ပြန့်စွာ သုံးစွဲနေပြီး နိုင်ငံတဝန်းက ပြည်သူများကို မကြာခဏ ဖမ်းဆီးခဲ့ကြောင်း Myanmar Internet Project (MIP) မှ သိရသည်။ 

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ (၄) နှစ်အတွင်း ကောက်ယူထားသည့် စာရင်းအရ ဒီဂျစ်တယ် စောင့်ကြည့်ရေးစနစ်ဖြင့် စစ်ကောင်စီသည် ပြည်သူ ၁,၇၂၉ ဦးအထိ ဖမ်းဆီးခဲ့ကြောင်း MIP တာဝန်ရှိသူက ပြောသည်။ 

" လူမှုကွန်ရက် မီဒီယာအသုံးပြုပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုလို့ ဖမ်းဆီးခံရတာဖြစ်လို့ အရွယ်စုံ အလွှာစုံ ပါဝင်နေတယ်။ နွေဦးတော်လှန်ရေးမှာ လူငယ်တွေ အများစုပါဝင်နေတာမို့ အခုလို ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်ပါဝင်နှုန်း များနေမှာတော့ သေချာတယ်" ဟု Myanmar Internet Project မှ မီဒီယာအရေးကျွမ်းကျင်သူ ဦးဟန်က ပြောသည်။ 

အဆိုပါ ဖမ်းဆီးခံရသူများမှာ MIP မှ လက်လှမ်းမီသလောက် ကောက်ယူထားသည့်စာရင်းများသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သေးကြောင်း သူက ဆိုသည်။

ထိုသို့ စစ်ကောင်စီက ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးနေခြင်းမှာ ပြည်သူကို နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်နေခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကိုပါ ဖိနှိပ်နေခြင်း သက်ရောက်ကြောင်း MIP က ပြောသည်။

" ဒီလိုဖိနှိပ်တဲ့အခါမှာ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကိုပါ အကြားအလပ်မပေးဘဲ ဖိနှိပ်နေတာဖြစ်တယ်။ ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်မှာ ဆန့်ကျင်သူတွေကို စစ်ကောင်စီဟာ စဉ်ဆက်မပြတ်ဖမ်းဆီးနေတာပါ။ ဒါကြောင့် ကျနော်တို့ဟာ အဆိုးဝါးဆုံးအခြေအနေကို ဖြတ်သန်းနေရတာ " ဟု ဦးဟန်က ဆက်ပြောသည်။

စစ်ကောင်စီသည် ဆိုရှယ်မီဒီယာကို စောင့်ကြည့်ကာ ဖမ်းဆီးသည့်အပြင် စစ်ဆေးရေးဂိတ်များတွင်လည်း ပြည်သူများ၏ ဖုန်းများအား စစ်ဆေးပြီး အကြောင်းရှာ ဖမ်းဆီးခြင်းများရှိကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီက ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးနေခြင်းကြောင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ ဆုံးရှုံးလာနေရသည်ဟု လူငယ်များက ပြောသည်။

" ဆိုရှယ်မီဒီယာကိုသုံးရင် ပိုစ့်တွေကို မျှဝေတဲ့အခါ ကိုယ့်ကိုစောင့်ကြည့်နေမလား။ ကိုယ့်ကိုသတိထားမိ သွားမလားဆိုတဲ့ စိတ်ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတော့ဘူးပေါ့။ Network တစ်ခုလုံးက သူတို့ လက်ထဲမှာ ဆိုတော့ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို ဝင်ကြည့်တာမျိုးတွေ၊ စောင့်ကြည်တာမျိုးတွေကို သတိထားနေရတယ်" ဟု ရန်ကုန်မြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့် ကိစ္စရပ်များကို လူမှုကွန်ရက်မှတဆင့် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖျက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မ ၃၃ (က)တို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း လူမှုကွန်ရက်ပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၀ နီးပါး လစဉ် ဖမ်းဆီးခံနေရကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် Data for Myanmar ကလည်း ထုတ်ပြန်ထားသည်။