- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
ကျိုက်ထီးရိုးတောင်တက်လမ်းတွင် ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့ပြီးနောက် ဘုရားဖူးခွင့် ယာယီပိတ်
ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းရှိ လုံခြုံရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်။
13 Oct 2022

DMG ၊ အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းရှိ လုံခြုံရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဘုရားခရီးသည် အမျိုးသမီး(၃)ဦးမှာ ဦးခေါင်းနှင့် လည်ပင်းတို့၌ ကျည်ဆံထိမှန် သေဆုံးခဲ့သည်။ ထို့အပြင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်(၅) ဦးနှင့် အရပ်သား အမျိုးသား(၂)ဦး၊ အမျိုးသမီး (၆)ဦးတို့မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုမြို့ရှိ လူမှုကူညီရေးအသင်းမှ သိရသည်။
“တောင်တက်ကားဂိတ် အပစ်ခံရတာ ရဲနဲ့ စစ်တပ်က ၅ ဦး ထိခိုက်ပြီးတော့ ဒဏ်ရာပြင်းတယ်။ ရန်ကုန်ကလာတဲ့ ဘုရားဖူး အမျိုးသမီး(၃)ဦးကတော့ ကျည်ဆံထိပြီးသေတယ်။ ကျန်တဲ့(၈)ဦးက ပေါင်တွေ၊ ခြေထောက်တွေကို ထိခိုက်သွားတယ်”ဟု ကျိုက်ထိုမြို့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယနေ့(အောက်တိုဘာလ ၁၃ ရက်)တွင် ကျိုက်ထီးရိုးဘုရားတောင်ပေါ်သို့ တက်ရောက်ခွင့်ကို ယာယီပိတ်ထားပြီး ကျိုက်ထို-ကင်းမွန်ချောင်းကျေးရွာကားလမ်းနှင့် ကျိုက်ထိုမြို့တွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ အင်အားအများအပြားဖြင့် ရှာဖွေစစ်ဆေးမှုများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက်ပိုင်းတွင် ကျိုက်ထိုအခြေစိုက် တပ်မ(၄၄)လက်အောက်ခံ ပူးပေါင်းအဖွဲ့များမှ ကင်းမွန်ချောင်းကျေးရွာ အနီးတဝိုက်သို့ ဝင်ရောက်နေကြောင်း မျက်မြင်တွေ့ရှိသည့် ကင်းမွန်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။
ထို့ကြောင့် ကင်းမွန်ချောင်းကျေးရွာအနီးရှိ မိုးဘော၊ မဲရုံးကြီး၊ မဲရုံးလေး၊ ကဒိုင်ကဒွတ်၊ ငှက်ပျောတောနှင့် တောင်ကလေး စသည့်ကျေးရွာ(၆)ရွာမှ ဒေသခံဦးရေ (၄၀၀၀)ကျော်မှာ နီးစပ်ရာတောတောင်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ တိမ်းရှောင်နေကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့ မနက်အစောကြီး စစ်တပ်တွေ ရွာထဲကိုဝင်လာလို့ အခုရှောင်နေရပါတယ်။ မနေ့ညကလဲ လေယာဉ်တွေ လာဝဲသွားသေးတယ်။ တရွာလုံးနီးပါးကို ရှောင်နေကြရပါတယ်။ တောထဲရှောင်နေရသူတွေလည်း ရှိသလို တချို့က ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရတယ်”ဟု ကဒိုင်ကဒွက်ကျေးရွာသားတစ်ဦးက ဆိုသည်။
ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းရှိ လုံခြုံရေးဂိတ်ကို ပစ်ခတ်ခဲ့မှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်ခဲ့သည်ကို တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးပေ။