လှည်းကူးတွင် စွန့်ပစ်ထားသည့် မွတ်ဆလင် ၁၃ ဦး၏ အလောင်းများတွေ့ရ

ရန်ကုန်တိုင်း လှည်းကူး မြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၇ နာရီခွဲဝန်းကျင်တွင် ကားလမ်းမပေါ်သို့ စွန့်ပစ်ထားသည့် မွတ်ဆလင်လူမျိုး (၁၃) ဦး အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများ ထံကသိရသည်။

By Admin 05 Dec 2022

လှည်းကူးတွင် စွန့်ပစ်ထားသည့် မွတ်ဆလင် ၁၃ ဦး၏ အလောင်းများတွေ့ရ

စွန့်ပစ်ခံ မွတ်ဆလင် (၁၃)ဦး ၏ အလောင်းကိုတွေ့ရစဥ်။ Photo-facebook

DMG | ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း လှည်းကူး မြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၇ နာရီခွဲဝန်းကျင်တွင် ကားလမ်းမပေါ်သို့ စွန့်ပစ်ထားသည့် မွတ်ဆလင်လူမျိုး (၁၃) ဦး အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများ ထံကသိရသည်။

လှည်းကူးမြို့နယ် အမှတ်(၇) လမ်းမကြီးနှင့် ငွေနံ့သာကျေးရွာကြားရှိ တပင်ရွှေထီးလမ်းမပေါ်၌ စွန့်ပစ်ထားသည့် မွတ်ဆလင် (၁၃) ဦး ၏ အလောင်းများကို တွေ့မြင်ခဲ့ရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ငွေနံ့သာကျေးရွာသားတစ်ဦးက ပြောသည်။

“လမ်းမှာ အလောင်းတွေ လာစွန့်သွားတာဗျာ။ ရဲတွေလာပြီး စစ်ဆေးသွားတယ်။ သေတဲ့သူတွေက လူငယ်တွေချည်းပဲ။ အလောင်းတွေကို လူမှုကူညီရေးအသင်းကားနဲ့ မြို့ထဲကို သယ်သွားတယ် ” ဟု ၄င်းက ပြောသည်။

လှည်းကူး မြို့နယ် လူမှုကူညီရေး အသင်းဝင်တစ်ဦးကလည်း “ ဆေးရုံကို သေဆုံးသူတွေရဲ့ အလောင်းတွေ ပို့ထားပါတယ်။ အသက်ရှူကျပ်ပြီးသေတဲ့ ပုံစံမျိုးတွေ့ရတယ် ” ဟု ဆိုသည်။

ယင်းသို့ သေဆုံးခဲ့သည့် မွတ်ဆလင်များမှာ ရခိုင်ပြည်နယ်ဘက်မှ လာရောက်သူများဖြစ်ပြီး ရန်ကုန်မှ တဆင့် မြဝတီသို့ သွားရောက်ရန် အလုံပိတ်ကွန်တိန်နာကားများဖြင့် လိုက်ပါခဲ့ရာမှ အသက်ရှူကျပ်ပြီး သေဆုံးခဲ့မှုကြောင့် ကားသမားများက အလောင်းကို စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ပြောဆိုနေကြသည်။

လှည်းကူးမြို့မ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “ ရင်ခွဲစစ်ကြည့်တော့ အလုံပိတ်ကွန်တိန်နာ ကားပေါ်လိုက်ရင်း အသက်ရှူကျပ်ပြီး သေတယ်လို့ သိရတယ်။ အလောင်းတွေကို လမ်းမပေါ် ကားသမားတွေ ပစ်ပြီး မောင်းပြေးသွားတာ။ ရခိုင်ဘက်ကလာတဲ့ သူတွေဖြစ်နိုင်တယ်။ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့သိရတယ် ” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် မွတ်ဆလင်များမှာ ရန်ကုန်မှ မြဝတီ၊ ကော့သောင်း စသည့်မြို့များမှတဆင့် ပွဲစားဖြင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက် ထွက်ခွာမှုရှိနေသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ၂၈ ရက်နေ့ကလည်း အထောက်အထားမဲ့ ခရီးသွား မွတ်ဆလင် ၆၈ ဉီးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဗီဒီယိုများ