ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ

ရခိုင်ပြည် ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာနှစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ ပျက်စီးသွားကြောင်း သိရသည်။

By Admin 09 Aug 2025

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာက  စာသင်ကျောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - APM
စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာက စာသင်ကျောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - APM

DMG ၊ ဩဂုတ် ၉

ရခိုင်ပြည် ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာနှစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ် ၈ ရက်)၊ ညည့် ၁၁ နာရီခွဲခန့်တွင် ကျောက်ဖြူမြို့နယ်၊ ရန်ကုန်- ကျောက်ဖြူကားလမ်းမ နံဘေးရှိ မင်းပြင်ကျေးရွာကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် အနီးရှိ စာသင်ကျောင်းဆောင်များပါ ပျက်စီးသွားကြောင်း သိရသည်။

" စာသင်ကျောင်းဆောင်မှာ တစ်လုံး၊ ပြီးတော့ ဘုန်းကြီးကျောင်းမှာ တစ်လုံးကျတယ်။ ဘုန်းကြီး ကျောင်းရော စာသင်ကျောင်းရော အပျက်အစီးက များတယ်။ လူထိခိုက်မှုကိုတော့ အတိအကျ မသိရသေးဘူး " ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းမှာ ပေ ၄၀၀ ရာခန့် အကွာရှိပြီး လူတကာ အိပ်ပျော်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း သိရသော်လည်း အသေးစိတ်ကို DMG က ဆက်လက်စုံစမ်းနေသည်။

အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိသော မင်းပြင်ကျေးရွာသည် ပင်လယ်ကမ်းစပ်အနီးတွင် ရှိပြီး စစ်သင်္ဘောများ၏ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာသားအချို့မှာ စစ်ဘေးတိမ်းရှောင်မှုများ ရှိသည်။

" မင်းပြင်ရွာအပါအဝင် ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ ရွာ တော်တော်များများကတော့ စစ်သင်္ဘောရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို မကြာခဏ ခံနေရတာပါ။ အခုဆိုရင် လေကြောင်း အန္တရာယ်ကိုပါ ထပ်ပြီး စိုးရမ်စရာဖြစ်လာတာပေါ့ " ဟု နောက်ထပ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကိုလည်း ယနေ့ ( ဩဂုတ် ၉ ရက်) ညည့် ၂ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံး၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးသီးများ ကျေးရွာအပြင်ဖက် ချောင်းကမ်းစပ်နှင့် တာတမံ ပေါက်ကွဲသဖြင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

" ထွန်းရဝေမှာ ပထမ ဗုံးကြဲခံရတုန်းက ရွာသားတွေ အကြောက်တရား တော်တော်ရသွားတယ်။ ဒါကြောင့် ရွာထဲ မှာ မနေရဲဘဲ တခြားရွာက ဆွေမျိုးတွေအိမ်မှာ တိမ်းရှောင်နေသူတွေ ရှိနေတယ်။ တချို့က ရွာနဲ့ဝေးရာ လယ်တောနဲ့ တခြားနေရာတွေမှာ တဲထိုးပြီးနေကြတာလည်း ရှိတယ်။ ဆိုတော ဒီတစ်ခါလည်း ဗုံးလာကြဲတယ်ဆိုတော့ ရွာသားတွေကို ထပ်မံ အကြောက်တရားရအောင် လုပ်နေတာလို့ မြင်တယ်ဗျာ " ဟု ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထွန်းရဝေကျေးရွာကို ပြီးခဲ့သည့် မေလ ဒုတိယပတ်ကလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရကာ နေအိမ် ၁၀ ထက်မနည်း ပျက်စီးခဲ့သည်။

ရခိုင်တွင် စစ်ရေးရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်ရေးနှင့် မသက်ဆိုင်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အရပ်သားနေထိုင်ရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက် ရှိနေသည်။