- မြေရှားသတ္တုတူးဖော်မှု ကြီးထွားလာခြင်း နောက်ကွယ်က အကြောင်းတရားများ
- ရခိုင်အပါအဝင် ဒေသလေးခုတွင် "ပြည်သူ့အတွက် ပြည်သူ" အစီအစဉ်ကို ဖော်ဆောင်
- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
ရခိုင်က ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူ ၂၆၇၂ ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးမည်
ရခိုင်ပြည်နယ် မြို့နယ် (၅) ခုမှ အခြေခံပညာစာသင်ကျောင်းများတွင် ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းကာ ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဟု စစ်တွေမြို့နယ် ပညာရေးမှူးရုံးက သိရသည်။
13 Jan 2021
ကျော်သူဌေး | DMG
ဇန်နဝါရီ ၁၃ ၊ စစ်တွေ
ရခိုင်ပြည်နယ် မြို့နယ် (၅) ခုမှ အခြေခံပညာစာသင်ကျောင်းများတွင် ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းကာ ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဟု စစ်တွေမြို့နယ် ပညာရေးမှူးရုံးက သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် (၄၅) ခုကို ထောက်ပံ့ပေးမှာဖြစ်ပြီး ရခိုင်ပြည်နယ်က ဘူးသီးတောင် (၄၈၉) ဦး ၊ မောင်တော (၃၀၅) ဦး၊ သံတွဲ (၄၂၈) ဦး၊ တောင်ကုတ် (၆၁၆) ဦးနှင့် စစ်တွေမြို့က (၈၃၄) ဦး စုစုပေါင်း ၂၆၇၂ ဦးတို့ကို ထောက်ပံ့ပေးမည်ဖြစ်သည်။
စစ်တွေမြို့ အ.ထ.က (၅) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလှက “ ကိုဗစ်ကြောင့်မလို့ ဆင်းရဲတဲ့ ကလေးတွေကို ကျောင်းထောက်ပံ့ကြေး ပေးမယ်ပေါ့။ ဆရာမကြီးတို့ကျောင်းက အလယ်တန်း ၁၅ ယောက်၊ အထက်တန်း ၁၅ ယောက် စာရင်းပေးတဲ့ မြို့နယ်က တောင်းလာတယ်။ အဲဒါကြောင့် ဆရာမကြီးတို့က အခုစာရင်းလုပ်နေတယ်” ဟု ပြောသည်။
အခြေခံပညာစာသင်ကျောင်းတစ်ကျောင်းမှ အလယ်တန်း (၁၅) ဦးနှင့် အထက်တန်း (၁၅) ဦး တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အထက်တန်းအဆင့် ကျောင်းသားတစ်ဦးကို ငွေကျပ် တစ်သောင်းစီနှင့် အလယ်တန်းအဆင့် ကျောင်းသားတစ်ဦးကို ငွေကျပ် ရှစ်ထောင်စီ ပေးအပ်သွားမည်ဖြစ်သည်။
စစ်တွေမြို့နယ်ပညာရေးမှူး ဦးအေးသန်းက “ကျောင်းတွေမှာ ဆင်းရဲနွမ်းပါးပြီး၊ စာကြိုးစားတဲ့ ကလေးတွေကို ရွေးချယ်ပြီးတော့ ဆရာကြီးတို့က တင်လိုက်တယ်။ အရင်တုန်းက ပေးပေမယ့် ကျောင်းသားဦးရေက အနည်းငယ်သာပေးပါတယ်။ တစ်မြို့နယ်မှာ ဆယ်ဂဏန်းသာ ရှိပါတယ်။ အခုက ကိုဗစ်ဖြစ်တဲ့အတွက် အများကြီးပေးဖို့အတွက် စီစဉ်ထားတာပါ ” ဟု ပြောသည်။
စစ်တွေမြို့နယ်တွင် မူလွန်ကျောင်းနှင့် အ.ထ.က ကျောင်းပေါင်း (၄၃) ကျောင်းရှိပြီး အထက်တန်းကျောင်းသား (၂၉၁) ဦးနှင့် အလယ်တန်းကျောင်းသား (၅၄၃) ဦးတို့ကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံမှ ကျောင်းများအားလုံးကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ခဲ့သော်လည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းကူးစက်မှု မြင့်မားလာသဖြင့် ပြန်လည်ပိတ်ပင်ထားခြင်းဖြစ်သည်။
ယခုအခါ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်နေပြီး၊ ရခိုင်မှ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။