- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
- ကျောက်ဖြူတိုက်ပွဲတွင် ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ခရီးသည်တင်လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် စာသင်ကျောင်းများ ရပ်ဆိုင်းမှု ကလေး နှစ်သိန်းခွဲ အခက်ကြုံ
- မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တို့ တိုက်ပွဲများ ကြိုကြားဖြစ်နေ
ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
ယခုအချိန်မှာ KNDO နှင့် KNLA သည် PDF ပူးပေါင်းတပ်များနှင့်အတူ တကျော့ ပြန်ထွက်ပေါ်လာခဲ့ပြီး လက်ရှိတွင် ထိုင်းနယ်စပ်က စစ်ကောင်စီ စခန်းများကို တောက်လျှောက် သိမ်းပိုက်လာနေ၍ တချိန်က ထင်ရှားခဲ့သော KNU ၏ ဂုဏ်သိက္ခာကို ပြန်လည်တွေ့ မြင်လာရနိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာသူများက ပြောသည်။
06 Jun 2025

DMG ၊ ဇွန် ၆
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် KNDO နှင့် KNLA သည် တိုင်းရင်းသားလက်နက်ကိုင်များထဲ စစ်အင်အားနှင့် တိုက်ခိုက်ရေး စွမ်းရည်တို့ကြောင့် တချိန်က မြန်မာနိုင်ငံအတွင်း ထင်ရှားသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ခဲ့သည်။
၁၉၄၉ ခုနှစ်တွင် ရန်ကုန်အထိ စစ်အင်အားဖြန့်ကျက်နိုင်ခဲ့သော KNU ၏ လက်နက်ကိုင်တပ်သည် နောက်ပိုင်းတွင် စစ်ရေးအောင်မြင်မှုများကို လက်လွှတ်ခဲ့ရမှုနှင့် အတူ ၁၉၉၅ ခုနှစ်မှာ ၎င်းတို့ ဌာနချုပ် မာနယ်ပလော အပါအဝင် နယ်စပ်စခန်း အမြောက်အများ စစ်တပ်ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရသည်။
ယင်းနောက်ပိုင်း တိုက်ပွဲများ လျော့နည်းလာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် (NCA) ကို လက်မှတ်ရေးထိုးမှုနှင့်အတူ နိုင်ငံရေး စားပွဲဝိုင်းထဲမှာသာ KNU ကို တွေ့မြင်လာရသည်။
သို့သော်လည်း ယခုအချိန်မှာ KNDO နှင့် KNLA သည် PDF ပူးပေါင်းတပ်များနှင့်အတူ တကျော့ ပြန်ထွက်ပေါ်လာခဲ့ပြီး လက်ရှိတွင် ထိုင်းနယ်စပ်က စစ်ကောင်စီ စခန်းများကို တောက်လျှောက် သိမ်းပိုက်လာနေ၍ တချိန်က ထင်ရှားခဲ့သော KNU ၏ ဂုဏ်သိက္ခာကို ပြန်လည်တွေ့ မြင်လာရနိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာသူများက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က " ကျနော် သဘောပေါက်သလောက်က အဲဒီက တစ်ဆင့် ဒေါနတောင်မှာရှိနေတဲ့ အောင်ဇေယျ စစ်ဆင်ရေးကို ဆက်ပြီးတော့ ဦးချိုးနှိမ်မယ် ထင်ပါတယ်။ ဒါပြီးရင်တော့ ဘားအံဖက်ကို ဆင်းလာမှာပေါ့။ ဘာပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးကို ဒါတွေက အထောက်အကူပြုတာပါပဲ။ သို့သော်လည်း ဘယ်လို ပေါင်းစပ်ပါဝင်မယ်ဆိုတာကလည်း အချိန်ယူပြီး စောင့်ကြည့်ရအုံးမယ် " ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခံရပြီးနောက် KNU သည် ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်း နွေဦးတော်လှန်ရေးအဖွဲ့အစည်းများကို အခြေချခွင့်ပြုမှုနှင့်အတူ စစ်ဆင်ရေးများမှာပါ ပူးပေါင်းခွင့်ပေးခဲ့သည်။
ယင်းနောက် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် တချိန်က လက်လွှတ်ခဲ့ရသည့် မာနယ်ပလော ဌာနချုပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်နိုင်ပြီး ယခု ၂၀၂၅ မေလနှင့် ဇွန်လအတွင်းမှာလည်း ထိုင်း -မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းများဖြစ်သော သေ့ဘောဘိုး၊ ရွှေအေးမြိုင်၊ ကနဲလေး၊ ဘလယ်ဒို၊ ဘုရင့်နောင်နှင့် မော်ခီး တပ်စခန်းများကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
KNU က ရရှိခဲ့သော စခန်းများမှာ စစ်ရေး၊ စီးပွားရေး နယ်မြေထိန်းချုပ်ရေးအတွက် အရေးပါသဖြင့် စစ်ကောင်စီအတွက် ဂုဏ်သိက္ခာပိုင်းအရ ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း KNU ဒေသတွင် လှုပ်ရှားခဲ့သော ရခိုင်တော်လှန်ရေးသမားဟောင်း တစ်ဦးက ပြောသည်။
" စစ်ကောင်စီအတွက်ဆိုရင် သူ့ရဲ့ဂုဏ်သိက္ခာတွေ၊ စိတ်ပိုင်းဆိုင်ရာတွေရော ကျဆုံးသွားမှာ။ သူတို့ (စစ်ကောင်စီ) ရဲ့ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ စခန်းတွေပေါ့။ နှစ် ၃၀ လောက်အထိ ထိန်းသိမ်းထားခဲ့တဲ့ စခန်းတွေက အစ ဆိုတော့ သူတို့မှာ ဂုဏ်သိက္ခာရော နယ်မြေတွေရော ပေးဆပ်ရတဲ့ဟာက စိတ်ပိုင်းဆိုင်ရ အရဆိုရင် တော်တော်လေး ထိခိုက်သွားမယ့် အခြေအနေပေါ့ " ဟု ပြောသည်။
လက်ရှိတွင် KNU သည် ထိုင်း - မြန်မာနယ်စပ်က စစ်ကောင်စီတပ် ဥကရစ်ထ၊ ဝေါလေဗျူဟာကုန်း၊ တီသဲလယ် နှင့် ထီးကပလယ်စခန်း ၄ ခုသာကျန်ရှိတော့ကြောင်း သိရသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းမြောက်က နယ်စပ်ဒေသများ အပါအဝင် ယခုတဖန် ကရင်နယ်စပ်စခန်းများကို စွန့်လွှတ်နေရသောကြောင့် စစ်ကောင်စီအတွက် ကြီးမားသော စစ်ရေးရှုံးနိမ့်မှုများကို ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။
ထို့အပြင် KNU ၏ စခန်းသိမ်းတိုက်ပွဲများသည် နွေဦးတော်လှန်ရေးအဖွဲ့များအတွက် အထောက်အပံ့ ဖြစ်စေသောကြောင့် လက်ရှိ စစ်ကောင်စီထိန်းချုပ်ထားဆဲ ဒေသများတွင်လည်း နွေဦးတော်လှန်ရေးတပ်များ၏ တိုက်ပွဲအရှိန် မြင့်လာရဖွယ်ရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
" ကရင်တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်လိုစိတ်၊ ပြီးရင် အောင်စိတ် အရှိန်က တားလို့ မရတော့ဘူး။ အောင်စိတ်က နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေတိုင်းကို စီးမျှောသွားမှာပါ။ ဘာလို့လဲလည်း ဆိုတော့ ကရင်မှာ စစ်ပညာသင်တယ်၊ ပြီးရင်ကိုယ့် နေရာဒေသအသီးသီးကို ပြန်ပြီးတော့ တော်လှန်နေသူတွေ ဖြစ်ပါတယ်။ ဒီတော့ ကရင်ရဲ့ အောင်ပွဲဟာ နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်တိုင်းရဲ့ အောင်ပွဲ၊ အောင်စိတ်တွေကို ကူးစက်စေမှာပါ " ဟု ပြောသည်။
မြန်မာနိုင်ငံထဲက မြို့ပေါင်း ၉၇ မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး လက်ရှိ ကချင်၊ ချင်း၊ ရှမ်းမြောက်နှင့် ရခိုင်ဒေသတို့တွင် တိုက်ပွဲများရှိနေပြီး အလားတူ ပဲခူး၊ မကွေး၊ ဧရာတီနှင့် စစ်ကိုင်းတိုင်းတို့မှာလည်း ထိတွေ့တိုက်ပွဲများ ဖြစ်နေသည်။