ပလက်ဝသို့ ဆန်၊ ဆေးဝါး သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲ

ရခိုင်စစ်ပွဲ အပစ်ရပ်ထားသော်လည်း ကျောက်တော်မှနေ၍ ပလက်ဝဒေသသို့ ဆန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

By Admin 14 Dec 2022

ပလက်ဝသို့ ဆန်၊ ဆေးဝါး သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲ

ကျောက်တော်-ပလက်ဝ ရေကြောင်းပြေးဆွဲနေသည့် စစ်ကောင်စီ၏ရေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ရခိုင်နေ့စဉ်

DMG | ဒီဇင်ဘာ ၁၄

ရခိုင်စစ်ပွဲ အပစ်ရပ်ထားသော်လည်း ကျောက်တော်မှနေ၍ ပလက်ဝဒေသသို့ ဆန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

တကျော့ပြန်စစ်ပွဲ ဖြစ်ပွားခဲ့သည့်အချိန်မှ စတင်ကာ သုံးလခန့်ကြာ ပိတ်ထားခဲ့သည့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

သို့သော်လည်း ဒေသခံတို့ အခြေခံလိုအပ်ချက်များဖြစ်သည့် ဆန်၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ လောင်စာဆီနှင့် သံထည်ပစ္စည်းတို့ကို လွတ်လပ်စွာ သယ်ယူခွင့်မရသေးပေ။

“ကုန်သည်တွေအနေနဲ့ စာတင်တယ်ဆိုရင်လည်း သူတို့(စစ်တပ်) ကြည်ဖြူမှ ခွင့်ပြုတာ။ ဆေးဝါးတွေဆိုရင်လည်း ဆရာဝန်က ဘယ်ဆေးတွေ လိုအပ်နေတယ်ဆိုပြီး လက်မှတ်နဲ့ စာတင်ရတယ်။ ပြီးရင် ဆန်ကုန်သည်တွေ ဆိုရင်လည်း ဆန်လိုအပ်ရင် ထောက်ခံစာနဲ့တင်ရတယ်။ တင်တဲ့အခါလည်း ကိုယ်က အိတ် ၂၀၀ လိုတယ်ဆိုရင်လည်း သူတို့ချပေးတဲ့အတိုင်းပဲ စက်လှေတောင် သူတို့ချပေးတဲ့ စက်လှေနဲ့ပဲသွားရတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ပလက်ဝမြို့ခံ ကုန်သည်တစ်ဦးကDMG ပြောသည်။

ကုန်သည်များအနေဖြင့် ယင်းပစ္စည်းများကို သယ်ယူမည်ဆိုပါက ရပ်ကွက်ထောက်ခံစာ၊ စည်ပင်ထောက်ခံစာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာတို့ကို တောင်းခံကာ ပလက်ဝမြို့ ခမရ(၂၈၉)တပ်ရင်းမှ တာဝန်ရှိသူတို့ထံ တင်ပြရပြီး ခွင့်ပြုချက်ရမှသာလျှင် စစ်တပ်က သတ်မှတ်ပေးသည့် စက်လှေဖြင့် သွားရောက်သယ်ယူရကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီဘက်မှ ခွင့်ပြုခြင်းမှာလည်း အချိန်ပုံမှန်မဟုတ်ဘဲ ၎င်းတို့ခွင့်ပြုချင်သည့် အချိန်မှသာ သွားသယ်ရသည့်အတွက် ကုန်သည်တို့ ပိုပြီးအခက်တွေ့နေရခြင်းဖြစ်သည်။

ထိုသို့ ကုန်ပစ္စည်းများကန့်သတ်မှု၏ အကျိုးဆက်အဖြစ် ပလက်ဝတွင် ကုန်ဈေးနှုန်းမြင့်တက်နေပြီး ဒေသခံများမှာ အခက်အခဲများစွာ ဖြစ်နေကြောင်းလည်း သိရသည်။

နောက်ထပ် ပလက်ဝမြို့ခံတစ်ဦးက “မျှောစာတင်ထားတာ တစ်လလောက်ရှိပါပြီ။ အခုထိမကျသေးပါဘူး။ ကျမတို့မှာ ရောင်းရမယ်ဆိုရင်လည်း ဆန်မရှိတော့ဘူး။ ရှိတဲ့သူတွေမှာလည်း နည်းနည်းပဲ ကျန်တော့တယ်။ ပလက်ဝမှာ ဆန်ဈေးကိုတော့ စစ်တပ်က သတ်မှတ်ပေးတဲ့အတိုင်း ရောင်းရပါတယ်”ဟု ပြောသည်။

လက်ရှိ ဆန်ဈေးနှုန်းမှာ ကျောက်တော်တွင် ဆန်ချေ(ဒေသဆန်) တစ်အိတ်ကို ၄၁၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ်ကို ၆၁၀၀၀ ရှိသော်လည်း ပလက်ဝတွင် ဆန်ချေ(ဒေသဆန်) တစ်အိတ်ကို ၅၁၀၀၀ ကျပ်နှင့် ပေါ်ဆန်းမွှေးတစ်အိတ်ကို ၇၁၀၀၀ ကျပ်အထိရှိကြောင်း သိရသည်။

ထို့အတူ စက်သုံးဆီဈေးနှုန်းတို့မှာလည်း ကျောက်တော်တွင် ဓာတ်ဆီတစ်ပေပါကို ၅ သိန်းကျော်သာ ရှိသော်လည်း ပလက်ဝတွင် ဓာတ်ဆီတစ်ပေပါကို ၇ သိန်းခွဲအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ထိုသို့ သယ်ယူရေးတွင် စရိတ်စခကြီးမြင့်မှုတို့ကြောင့် အဆိုပါပစ္စည်းများကို စစ်ကောင်စီက တရားဝင် ပြေးဆွဲပေးနေသည့် ရေယာဉ်ဖြင့် သယ်ခွင့်ရစေလိုကြောင်းလည်း ပလက်ဝဒေသခံတို့က တောင်းဆိုနေကြသည်။

“ကန့်သတ်ထားတဲ့ပစ္စည်းတွေ ရေယာဉ်ပေါ် တင်ခွင့်ရစေချင်တယ်။ သင်္ဘောနဲ့ဆိုရင် လမ်းစရိတ် သက်သာတာပေါ့”ဟု နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ထိုသို့ စစ်ကောင်စီရေယာဉ်တွင် ကုန်ပစ္စည်းများ တင်ဆောင်ခွင့် ကန့်သတ်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ပလက်ဝမြို့နယ်အတွက် လိုအပ်သည့် အခြေခံကုန်ပစ္စည်းများကို ကျောက်တော်မှနေ၍ ကုလားတန်မြစ်ကြောင်းအတိုင်း အဓိက သယ်ယူနေရခြင်းလည်းဖြစ်သည်။

ဗီဒီယိုများ