- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို
ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
ခရီးသွားလာရေးအတွက် အသုံးပြုနေသည့် မော်တော်ကားများ၊ Express ကားများနှင့် စက်လှေများမှာ စက်အဟောင်းများကိုသာ အသုံးပြုနေကြရသပြင် စက်ချွတ်ယွင်းသွားပါက အစားထိုးမည့် စက်ပစ္စည်းများ ရှာမရဖြစ်နေကြောင်း ယာဉ်မောင်းသူများက ပြောသည်။
19 Jun 2025

DMG ၊ ဇွန် ၁၉
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်က မြို့နယ်အများစုတွင် မော်တော်ကား၊ အိန္ဒိယသုံးဘီး၊ စက်လှေများအတွက် စက်ပစ္စည်းရှားပါးနေမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ထိခိုက်မှုရှိလာနေသည်။
ခရီးသွားလာရေးအတွက် အသုံးပြုနေသည့် မော်တော်ကားများ၊ Express ကားများနှင့် စက်လှေများမှာ စက်အဟောင်းများကိုသာ အသုံးပြုနေကြရသပြင် စက်ချွတ်ယွင်းသွားပါက အစားထိုးမည့် စက်ပစ္စည်းများ ရှာမရဖြစ်နေကြောင်း ယာဉ်မောင်းသူများက ပြောသည်။
"ပိုက်ဆံရှိလို့ ကားအသစ်ဝယ်လို့ မရဘူး။ ပြည်မဘက်က ကားဝယ်ယူဖို့ ဒီဘက်ကို လမ်းကြောင်းမရှိဘူး။ ဒီကားအဟောင်းနဲ့ ပြေးဆွဲနေရလို့ လမ်းမှာ နေ့တိုင်းလိုလို ကားပျက်တယ်။ ခရီးသည်တွေလည်း အချိန်ကြန့်ကြာတယ်" ဟု မြေပုံ-ကျောက်တော်ခရီးစဉ် ပြေးဆွဲနေသည့် ကိုကျော်ကျော်ထွန်းကပြောသည်။
မိုးတွင်းကာလတွင် လမ်းခရီးကြမ်းတမ်းမှုကြောင့် ယာဉ်များမှာ စက်ချွတ်ယွင်းမှုများ မကြာခဏဖြစ်တတ်ပြီး လိုအပ်သည့်စက်ပစ္စည်း ရှားပါးခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းတို့ ကြုံနေရကြောင်း ယာဉ်မောင်းသူများက ဆိုသည်။
လက်ရှိမှာ သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် စက်ပစ္စည်းရှားပါးမှုကြောင့် ကုန်းလမ်းခရီးသွား သူများအပြင် ရေလမ်းခရီးသွားသူများပါ အခက်အခဲကြုံနေကြရသည်။
"ကျောက်ဖြူကနေ ကျောက်တော်ကို စက်လှေနဲ့လာတာ။ လမ်းမှာ စက်ပစ္စည်းချွတ်ယွင်းလို့ ပျက်သွားတော့ မြစ်မှာ မျောနေခဲ့ရတယ်။ တခြားစက်လှေတွေကို အကူအညီတောင်းပြီး စက်ပစ္စည်းသွားဝယ်တာ ရှာမရတော့ နောက်ဆုံး စက်လှေကို တက်နဲ့လှော်ပြီး လာခဲ့ကြရတယ်" ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ အိန္ဒိယသုံးဘီးမောင်းသူ တစ်ဦးကလည်း စက်ပစ္စည်းရှားပါးမှုကြောင့် ခရီးသည်များကို လက်လွှတ်ခဲ့ရသည်နေ့များ ရှိကြောင်းလည်း ပြောသည်။
"လမ်းခုလတ်မှာ စက်ပစ္စည်း ချွတ်ယွင်းတာကြောင့် အနီးအနားကဆိုင်တွေမှာ ဝင်ဝယ်တာ လိုတဲ့ပစ္စည်းက ရှာမရဘူး။ ဒါနဲ့ပဲ ခရီးသည်တွေကို သူများကားတွေနဲ့ တင်ပေးလိုက်ရတယ်။ ဖြစ်နိုင်ရင် လမ်းကြောင်း ကောင်းကောင်းလေးရပြီး အရင်လို စက်ပစ္စည်းတွေ စုံစုံလင်လင်ရချင်တယ်။ ဒါမှ လုပ်စားကိုင်စားအဆင်ပြေမှာ" ဟု ၎င်းက ပြောသည်။
ရခိုင်တွင် တိုက်ပွဲစတင်ချိန်ကနေ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယင်းကြောင့် ရခိုင်က ကုန်သည်များမှာ အိန္ဒိယနိုင်ငံဘက်မှ ကုန်စည်များကို ခက်ခဲစွာသယ်ယူနေရကြပြီး ကုန်ဈေးနှုန်း မြင့်တက်လျက်ရှိသည်။